30 C
Yangon

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို အလုံးစုံ ထိန်းချုပ်နိုင်ရေး ညီနောင် ၃ ဖွဲ့က ဆောင်ရွက်မည်ဟု ကြေညာ၊ နမ့်ခမ်းမြို့ အပါအဝင် ရှမ်းမြောက်တွင် သိမ်းပိုက်ထားသော မြို့ပေါင်း ၉ ခု ရှိလာ

Must read

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို အလုံးစုံ ထိန်းချုပ်နိုင်ရေး ညီနောင် ၃ ဖွဲ့က ဆောင်ရွက်မည်ဟု ကြေညာ၊ နမ့်ခမ်းမြို့ အပါအဝင် ရှမ်းမြောက်တွင် သိမ်းပိုက်ထားသော မြို့ပေါင်း ၉ ခု ရှိလာ

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

ရှမ်ပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်နိုင်ပြီဖြစ်‌ပြီး အလုံးစုံ ထိန်းချုပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က တရားဝင် ကြေညာသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ ညပိုင်း ထုတ်ပြန်သော ကြေညာချက်တွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သည် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ လက်အောက်သို့ အပြည့်အဝ မဟုတ်သည့် တိုင် အတိုင်းအတာတစ်ခုအထိသို့ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကာ အလုံးစုံထိန်းချုပ်နိုင်ရေးအတွက်လည်း ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ပြိုင်နက်တည်းတွင် “၁၀၂၇ စစ်ဆင်ရေး” ၏ ဒုတိယအဆင့်ကို အရှိန်အဟုန်မပျက် ဆက်လက်အကောင်အထည်ဖော် ဆောင်နေကြောင်း ထုတ်ပြန်ကြေညာသည်။

ထို့ပြင် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် တအာင်းတပ်မ‌တော် (TNLA) က နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ၏ “စခန်းသစ်ကုန်း” အပါအဝင် တပ်စခန်းကြီး၊ ငယ် စုစုပေါင်း ၁၉ ခုခန့်အား စစ်ဆင်ရေးတစ်လအကြာ၌ အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ကာ နမ်းခမ်းမြို့အား အလုံးစုံထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း၊ စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန် ခုခံတိုက်ခိုက်သော်လည်း TNLA က အပြတ်အသတ် ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဗိုလ်မှူးအဆင့်အပါအဝင် အလောင်းမြောက်မြားစွာအပြင် လက်နက်ကြီးများနှင့် စစ်အသုံးအဆောင်ပစ္စည်း အများအပြားတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

နမ့်ခမ်းမြို့တွင် စစ်ကောင်စီ၏ အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် ၎င်းလက်အောက်ခံတပ်များဖြစ်သည့် ခလရ (၂၆၁)၊ ခမရ (၄၂၃)၊ (၄၂၅)၊ (၄၂၆)၊ (၁၄၃) နှင့် ဒကစတို့ပါဝင်ကာ အင်အား (၉၀၀) နီးပါးခန့်ရှိသည့် စစ်အင်အား၊ လက်နက်အင်အားများဖြင့် နှစ်‌ပေါင်းများစွာ လာရောက်အခြေချထားရာ စစ်တပ် အခြေစိုက်မြို့တစ်မြို့ဖြစ်ခဲ့သော်လည်း လက်ရှိအချိန်တွင် နမ့်ခမ်းမြို့သည် ရှမ်းမြောက်ဒေသအတွင်း ညီနောင် (၃) ဖွဲ့မှ အပြီးသတ်သိမ်းပိုက်ထားနိုင်သည့် ဒုတိယမြောက်မြို့ကြီးတစ်မြို့ ဖြစ်လာကြောင်း သိရှိရသည်။

ထို့အတူ ဒီဇင်ဘာလ ၁၉ ရက်နေ့၊ နံနက် ၆ နာရီအချိန်ခန့် မန်တုံမြို့ရှိ စစ်ကောင်စီ၏ “ခလရ (၁၃၀) တပ်စခန်း” ကို တအာင်းတပ်မတော် (TNLA) မှ ထိုးဆင်စစ်တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲဖြစ်နေစဉ် မန်တုံမြို့အနီးတဝိုက်သို့ ရန်သူသည် လေကြောင်းပစ်ကူအမြောက်အမြားဖြင့် ပြန်လည်ခုခံရသည်ထိ ဂျက်ဖိုက်တာဖြင့် (၅) ကြိမ်၊ Mi-35 ဖြင့် (၈) ကြိမ်၊ Y12 ဖြင့် (၃၄) ကြိမ်တိုင်တိုင် အပြင်းအထန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်၏ မန်တုံအခြေစိုက်တပ်စခန်းက မန်တုံမြို့နယ်၊ လွယ်ကန်ကျေးရွာ၊ နမ့်ဆန်မြို့လမ်းခွဲ၊ ဒုက္ခသည်စခန်းနှင့် ပန်နင်‌ကျေးရွာလမ်းခွဲသို့ လက်နက်ကြီးဖြင့် အကြိမ် ၇၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယင်းအပြင် ဒီဇင်ဘာလ ၁၉ ရက်နေ့ မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းက လက်နက်ကြီးဖြင့် အထက်ပိန်ပြစ်‌‌ကျေးရွာဘက်သို့ (၁) ကြိမ်နှင့် စလောင်းတောင်ဘက်သို့ (၁) ကြိမ်စီ ရမ်းကားပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် စစ်ကောင်စီထောက်ပို့လေယာဉ်များက စစ်အင်အား၊ ရိက္ခာအင်အား ဖြည့်တင်းခြင်းကို မူဆယ်မြို့ရှိ စစ်ကောင်စီတပ်စခန်တွင် ၂ ကြိမ်နှင့် ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီစခန်း၌လည်း ၁ ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ကျောက်မဲမြို့နယ်တွင်မူ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်မးရှိဘဲ ဟူးကွက်ကျေးရွာသို့ ဖျက်အားပြင်း ပေါင် (၅၀၀) ဗုံးဖြင့် တမင်ရည်ရွယ်ချက်ရှိရှိ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံ (၁) ဦး သေဆုံးပြီး ကလေးငယ် (၂) ဦး အပါအဝင် (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ဘုန်းကြီးကျောင်း၊ ကျေးရွာဇရပ်နှင့် လူနေအိမ် (၈) လုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

ရှမ်းမြောက်ဒေသတွင် ညီနောင် မဟာမိတ် ၃ ဖွဲ့က တိုက်ခိုက် သိမ်းပိုက်ထားသော မြို့ ၉ မြို့ရှိပြီး သိန္နီ၊ ဖောင်းဆိုင်၊ ကြူကုတ်/ပန်ဆိုင်း၊ ချင်းရွှေဟော်၊ နမ့်ဆန်၊ နမ့်ခမ်း၊ မုံးကိုး၊ ကုန်ကြမ်း၊ ကွမ်းလုံ တို့ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- AA ရခိုင်တပ်တော် အလံလွှင့်ထူထားသော မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် နေရာတချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article