34 C
Yangon

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို စစ်ဆင်ရေး အဆုံးသတ်ရန်၊ ဟားမတ်စ်တို့၏ အရပ်သားများကို တိုက်ခိုက်မှုအပေါ် ရှုတ်ချပြီး ဓားစာခံများ ပြန်လွှတ်ရန် မြန်မာအရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

Must read

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို စစ်ဆင်ရေး အဆုံးသတ်ရန်၊ ဟားမတ်စ်တို့၏ အရပ်သားများကို တိုက်ခိုက်မှုအပေါ် ရှုတ်ချပြီး ဓားစာခံများ ပြန်လွှတ်ရန် မြန်မာအရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသ ဗုံးကျဲတိုက်ခိုက်မှုနှင့် ပိတ်ဆို့ စစ်ဆင်ရေး အဆုံးသတ်ရန်၊ ဟားမတ်စ်တို့၏ အရပ်သားများကို တိုက်ခိုက်မှုကို ရှုတ်ချပြီး ဓားစာခံများ ပြန်လွှတ်ရန် မြန်မာအရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုလိုက်ကြသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာအရပ်ဘက်အဖွဲ့အစည်းများက သဘောထားထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် အစိုးရများအားလုံးအနေဖြင့် အစ္စရေး၏ ဂါဇာကမ်းမြောင်ဒေသ ကို ဗုံးကြဲတိုက်ခိုက်မှုနှင့် ဝိုင်းပတ်ပိတ်ဆို့စစ်ဆင်ရေးကို အဆုံးသတ်ရန်၊ အရပ်သားများ အားလုံးကို အကာအကွယ်ပေးရန်၊ ဂါဇာရှိ အရပ်သားဓားစာခံများကို ဘေးကင်းစွာ ပြန်လည်လွှတ်ပေးရန်၊ နိုင်ငံတကာဥပဒေများကို လေးစားလိုက်နာရန်နှင့် နိုင်ငံတကာ ဥပဒေချိုးဖောက်မှုများအတွက် တာဝန်ခံမှု ရှိရန် တောင်းဆိုသည်။

မြန်မာအရပ်ဘက်အဖွဲ့အစည်းများက လူ့အခွင့်အရေးနှင့် တရားမျှတမှုအတွက် ရပ်တည်ပြီး၊ လူမျိုးရေးခွဲခြားမှု ပုံသဏ္ဍာန် အားလုံးနှင့်အတူ အစ္စလာမ်မုန်းတီးရေး၊ ဂျူးမုန်းတီးရေးတို့ကို ဆန့်ကျင်ကြောင်း၊ ဂါဇာပြည်သူများအပေါ် အစ္စရေး၏ အဆင်ခြင်မဲ့ ရက်ရက်စက်စက် တိုက်ခိုက်မှုများ၊ တရားမဝင် ပိတ်ဆို့မှုများနှင့် အရပ်သားပြည်သူများအပေါ် မဆိုင်ပြစ်ဒဏ်ပေးခြင်း၊ ဒေသတွင်းလူထုအား အဓမ္မ ဖိအားပေး ရွှေ့ပြောင်းစေခြင်းနှင့် လူသားချင်းစာနာမှုအကူအညီများအား ပိတ်ပင်ခြင်းတို့အတွက် တုန်လှုပ်မိကြောင်း မြန်မာအရပ်ဘက်အဖွဲ့အစည်းများက ထုတ်ပြန်ပြောဆိုသည်။

အောက်တိုဘာ ၇ ရက်နေ့မှစ၍ အစ္စရေးက ၎င်းတို့သိမ်းပိုက်ထားသည့် နယ်မြေ ဖြစ်သော ဂါဇာဒေသအပေါ် နိုင်ငံတကာဥပဒေကို ချိုးဖောက်၍ တိုက်ခိုက်မှုကြောင့် ကလေးသူငယ် ၇,၇၂၉ ဦးအပါအဝင် လူပေါင်း ၁၈,၇၈၇ ဦး၏ အသက်အိုးအိမ်စည်းစိမ်ကို ဆုံးရှုံးခဲ့ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်ပွဲအဆုံးသတ်ရေး၊ အရပ်သားပြည်သူများအပေါ် အကာအကွယ် ပေးရေးနှင့် လူသားချင်းစာနာမှု အကူအညီများ နှောင့်နှေးမှုမရှိ ဝင်ရောက်နိုင်ရေးတို့ကို ချက်ချင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း တောင်းဆိုသည်။

ဟားမတ်စ်၏ အစ္စရေးအရပ်သားများအပေါ် တိုက်ခိုက်မှုနှင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ နှင့် ဓားစာခံများ ဖမ်းဆီးခံရခြင်းအတွက် ကျွန်ုပ်တို့မှာ များစွာတုန်လှုပ်မိသည်။ ဟားမတ်စ် အနေဖြင့် အရပ်သား ဓားစာခံများအားလုံးကို ဘေးကင်းစွာနှင့် ချက်ချင်းလွှတ်ပေးရန် အပါအဝင် အရပ်သားများ အပေါ် တိုက်ခိုက်မှုများအားလုံးကို ရပ်တန့်ရန် လိုအပ်ကြောင်း၊ သို့သော် အဆိုပါ ဟားမတ်စ်အဖွဲ့၏ အစ္စရေးနိုင်ငံတွင်း ဝင်ရောက်တိုက်ခိုက်မှုနှင့် အစ္စရေး၏ ဂါဇာဒေသ ကို ပြန်လည်အကြမ်းဖက် တိုက်ခိုက်မှု နှစ်ခုအား တန်းတူထား တန်းညှို့နှိုင်းယှဥ်ကာ သုံးသပ်ဆုံးဖြတ် ရမည့်အရာကား မဟုတ်ကြောင်း၊ အစ္စရေး၏ တရားမဝင် ကျူးကျော် သိမ်းပိုက်ထားမှု အပါအဝင် ပါလက်စတိုင်း ပြည်သူများအပေါ် နိုင်ငံတကာရာဇဝတ်မှုများ ဆယ်စုနှစ် များစွာ ကျူးလွန်ကာ အကြမ်းဖက် ဖိနှိပ်အုပ်ချုပ်နေမှုများအား ရှုတ်ချကြောင်း မြန်မာအရပ်ဘက်အဖွဲ့အစည်းများက ပြောဆိုထားသည်။

အကြမ်းဖက် စစ်အုပ်စု၏ ဖိနှိပ်အုပ်ချုပ်မှုကို အာခံတွန်းလှန်နေသည့် မြန်မာပြည်သူပြည်သူများအနေဖြင့် အစ္စရေး၏ အကြမ်းဖက် ဖိနှိပ်အုပ်ချုပ်မှုကို ဆယ်စုနှစ်များစွာ ကြံ့ကြံ့ခံကာ လွတ်လပ်ရေး၊ တရားမျှတမှု ရရှိရေးနှင့် ငြိမ်းချမ်းရေး အတွက် တိုက်ပွဲဝင်နေသည့် ပါလက်စတိုင်း ပြည်သူများနှင့်အတူ ရပ်တည်နေကြောင်း၊ မြန်မာပြည်သူလူထု ရင်ဆိုင်နေရသည့် တရားမဝင် စစ်အာ ဏာသိမ်းကြိုးပမ်းမှုသည် သုံးနှစ်အတွင်း ဝင်ရောက်လာပြီ ဖြစ်ကြောင်း၊ ထိုကာလအတွင်း စစ်အုပ်စုသည် အရပ်သားပြည်သူများ အပေါ် အဆင်ခြင်မဲ့ ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးကျဲတိုက်ခိုက်မှုများ၊ တရားဥပဒေမဲ့ သတ်ဖြတ်မှုများ၊ လူနေအိမ်များကို ဖျက်ဆီးမှုများ၊ ဥပဒေမဲ့ ဖမ်းဆီးမှုများ၊ အစဖျောက်မှုများ၊ လူသားချင်းစာနာမှု အကူအညီများကို ပိတ်ဆို့မှုများ၊ ကျန်းမာရေး အဆောက်အဦးများနှင့် စာသင် ကျောင်းများအပေါ် တိုက်ခိုက်မှုများ၊ အဓမ္မဖိအားပေး ရွှေ့ပြောင်းစေမှုများနှင့် အင်တာနက် ဖြတ်တောက်မှုများဖြင့် ရက်ရက်စက်စက် တိုက်ခိုက်မှုများ လုပ်ဆောင်ထားကြောင်း မြန်မာအရပ်ဘက်အဖွဲ့အစည်းများက ပြောဆိုထားသည်။

ရိုဟင်ဂျာများအပေါ် မြန်မာစစ်အုပ်စု၏ လူမျိုးတုန်းသတ်ဖြတ်မှုသည် ၆ နှစ်ကျော် ရှိလာပြီ ဖြစ်သော်လည်း ကျူးလွန်သူများအား အရေးယူအပြစ်ပေးနိုင်ခြင်း မရှိသေးကြောင်း၊ မြန်မာစစ်အုပ်စုသည် ပညာရေး၊ နိုင်ငံပိုင်မီဒီယာများနှင့် အစွန်းရောက်ဗုဒ္ဓဘာသာ အမျိုးသားရေး လှုပ်ရှားမှုများမှတဆင့် အစ္စလာမ်မုန်းတီးရေးနှင့် လူမျိုးရေးခွဲခြားမှုများကို ကာလရှည် ကျူးလွန်ခဲ့ကြကြောင်း၊ ရိုဟင်ဂျာများ အနေဖြင့် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် အသားရောင်ခွဲခြားသည့် အာဏာရှင်အဆက်ဆက်ကို ယနေ့တိုင် ရင်ဆိုင်နေရခြင်းပင် ဖြစ်ကြောင်း ထောက်ပြထားသည်။

မြန်မာပြည်သူပြည်သားများသည် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တရားမျှတမှု တို့အတွက် နေ့စဥ် တိုက်ပွဲဝင်လျက် ရှိကြောင်း၊ သို့သော် အစ္စရေးက ကျူးလွန်ခဲ့သော နိုင်ငံတကာရာဇဝတ်မှူများ ဖြစ်သည့် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်မှု များကို နှစ်ပေါင်း ၇၀ ကျော် ခံစားနေရသည့် ဘာသာပေါင်းစုံသော ပါလက်စတိုင်းနေပြည်သူများ အတွက် “တရားမျှတမှု” မရရှိနိုင်သေးသ၍ မြန်မာစစ်အုပ်စုက ရရှိနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်ရေးအတွက် ရုန်းကန်ကြိုးပမ်းမှုသည်လည်း ပြီးမြောက်ပြည့်စုံနိုင်မည် မဟုတ်ကြောင်း မြန်မာအရပ်ဘက်အဖွဲ့အစည်းများ ထုတ်ပြန် ပြောဆိုသည်။

ဓာတ်ပုံ- အစ္စရေးက ဂါဇာဒေသကို ဗုံးကျဲတိုက်ခိုက်ထားသည့် မြင်ကွင်း။

အစ္စရေးက ဂါဇာဒေသကို ဗုံးကျဲတိုက်ခိုက်ထားသည့် မြင်ကွင်း။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article