30 C
Yangon

ထန်တလန်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ နည်းပညာ အထောက်အကူပြု ဌာန၊ ZNET Team မှ ဆလိုင်းတီလ်ကရမ်လိန်းနှင့်တွေ့ဆုံခြင်း

Must read

“စစ်တပ်က အင်တာနက် ဖြတ်ထားတဲ့ ထန်တလန်မှာ ၂၀၂၄ ခုနှစ်ဆိုလို့ရှိရင် ပြည်သူတွေကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကိုယ်ပိုင် အင်တာနက်တွေ မျှဝေသုံးစွဲနိုင်ဖို့ ရည်မှန်းထားပါတယ်။ တစ်အိမ်ကို မြန်မာငွေ ၃ သောင်းနဲ့ စပြီးတော့ အင်တာနက် ပေးဝေနိုင်တယ်။ စစ်ကောင်စီရဲ့ လွှမ်းမိုးမှုအောက်မှာ မရှိတော့ဘဲနဲ့ ပြည်သူ့အုပ်ချုပ်ရေးစနစ်ကြီးကို အောင်အောင်မြင်မြင်နဲ့ လုပ်ကိုင်ဆောင်ရွက်နေပါတယ်”

ထန်တလန်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ နည်းပညာ အထောက်အကူပြု ဌာန၊ ZNET Team မှ ဆလိုင်းတီလ်ကရမ်လိန်းနှင့်တွေ့ဆုံခြင်း

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပထမဦးဆုံး တစ်မြို့လုံး မီးလောင်ပြာကျခဲ့သည့် ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် ပြည်သူ့ အုပ်ချုပ်ရေး စနစ်ကို စတင်နေပြီး ကိုယ်ပိုင် အင်တာနက် ဆက်သွယ်ရေး ကွန်ရက် စနစ်ကိုလည်း စတင် အသုံးပြုနိုင်ပြီဖြစ်သည်။ လက်ရှိလုပ်ဆောင်နေသည့် ထန်တလန်မြို့ အင်တာနက်ဆက်သွယ်ရေးကွန်ရက်အကြောင်းကို ချင်းပြည်နယ် ထန်တလန်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ နည်းပညာ အထောက်အကူပြု ဌာန၊ ZNET Team မှ ဆလိုင်းတီလ်ကရမ်လိန်းကို ရန်ကုန်ခေတ်သစ်က တွေ့ဆုံမေးမြန်းထားသည်။

မေး။ ။ ပထမဆုံးမေးချင်တဲ့ မေးခွန်းကတော့ ထန်တလန်မြို့ဟာ နွေဦးတော်လှန်ရေးမှာ အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးလို့ ပထမဆုံး တစ်မြို့လုံးမီးလောင်ပြာကျခဲ့ရတဲ့ မြို့ဖြစ်ပါတယ်ရှင့် ။ အခုထိပေါ့ ပြည်သူတွေ ပြန်မနေထိုင်နိုင်သေးဘူးလို့ သိရပါတယ်။ ဒီလိုအခြေအနေမှာ အစ်ကိုတို့ ZNET Team က အခုလို အင်တာနက် ဆက်သွယ်ရေးကွန်ရက် ရရှိအောင် ဆောင်ရွက်ခဲ့ပုံနဲ့ လက်ရှိလုပ်ဆောင်ထားတဲ့ အင်တာနက်ဆက်သွယ်ရေးကွန်ရက်အကြောင်းကို ဦးစွာ ရှင်းပြပေးပါဦးရှင့်။

ဖြေ။ ။ ၂၀၂၁ ခုနှစ် အောက်တိုဘာလကနေ စပြီးတော့ အကြမ်းဖက်စစ်ကောင်စီဘက်ကနေ စပြီးတော့ ထန်တလန်မြို့နယ်မှာ ဖုန်းလိုင်းနဲ့ အင်တာနက်တွေကို စပြီးတော့ ပြတ်တောက်ခဲ့ရတယ်ပေါ့နော်။ အဲဒီ ပြတ်တောက်တဲ့အချိန်ကနေ စပြီးတော့ ကျွန်တော်တို့ တစ်နှစ်နီးပါး ကျွန်တော်တို့ ကြိုးစားခဲ့တယ်။ ကြိုးစားခဲ့ပြီးမှ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁ ရက်မှာ စပြီးတော့ ဒီအင်တာနက်ကို စတင်ပြီးတော့ ဖြန့်ဝေပြီးတော့ ကျွန်တော်တို့ စတင်ဖော်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီ တစ်နှစ်အတောအတွင်းမှာဆိုလို့ရှိရင် အဓိက နေရာ ပြည်သူ့အုပ်ချုပ်ရေးပဲ ဖြစ်ဖြစ် ဒေသကာကွယ်ရေးအဖွဲ့တွေပဲ ဖြစ်ဖြစ် ဒီ တပ်ရင်းစခန်း အခြားနေရာတွေပဲ ဖြစ်ဖြစ်ပေါ့ ပြည်သူ့ရဲစခန်းတို့ ဘာတို့ကို အဓိက ဦးစားပေးပြီးတော့ အင်တာနက်ကို စတင်ဖော်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။ အခုအချိန်အထိဆိုရင် တစ်နှစ်နဲ့ လေးလကြာတယ်။ ဒီအင်တာနက်ကို လုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။

မေး။ ။ အခုလိုမျိုး ဆရာ ဆလိုင်းတို့ ဒီအင်တာနက်စနစ်ကို လုပ်ဆောင်ခဲ့ရတာ တစ်နှစ်လေးလ ကြာတဲ့အချိန်မှာ ဘယ်လိုအခက်အခဲတွေကို ကြုံခဲ့ရလဲရှင့်။

ဖြေ။ ။ ဒီ အင်တာနက် ကွန်ရက်ဆက်သွယ်ရေးလုပ်ငန်းက အတော်လည်း အခက်အခဲတွေ အများကြီးရှိတယ်။ စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။ ပထမတစ်ချက်ကတော့ အချိန်ကြန့်ကြာမှု ဖြစ်ပါတယ်။ အချိန်ကြန့်ကြာမှုမှာ အဓိက စိန်ခေါ်မှုက ပစ္စည်း ဝယ်ယူမှုခက်ခဲခဲ့တာရယ်။ ပြီးတော့ ငွေရေးကြေးရေးပေါ့။ Funding က အတော်လည်း အခက်အခဲဖြစ်ပါတယ်။ ပြီးမှ တတိယအချက်အနေနဲ့ ဒီ ချင်းပြည်နယ်မှာဆိုလို့ရှိရင် လျှပ်စစ်မီးက မရဘူး။

လျှပ်စစ်မီးက မရတဲ့အတွက် ဆိုလာစနစ်ကို အဓိက အားပြုပြီး‌တော့ ကျွန်တော်တို့ လုပ်ဆောင်တဲ့အခါကျတော့ 24 hours ဆိုလာစနစ်ကို အသုံးပြုနိုင်ဖို့ဆိုရင် ငွေကြေးက အတော်လည်း အကုန်အကျခံရတယ်။ နောက်ပြီးမှလည်း အချိန်လည်း အတော်ကုန်တယ်ပေါ့နော်။ အဲဒီ စိန်ခေါ်မှု ၃ ခုကို ကျွန်တော်တို့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

မေး။ ။ အခု ဒီ ချင်းပြည်နယ် ထန်တလန်မှာ ရတဲ့ အင်တာနက်စနစ်က Starlink ကို လုပ်ထားတာလား ၊ ဒါမှမဟုတ် အိန္ဒိယက ဆက်သွယ်ရေးစနစ်တစ်ခုကို အခြေပြုပြီးတော့ လုပ်ထားတဲ့ စနစ်လားရှင့်။

ဖြေ။ ။ နည်းပညာကတော့ အသေးစိတ်ကို ကျွန်တော်တို့ မဖော်ပြချင်ပါဘူး ပထမတစ်ချက်ကတော့။ အများအားဖြင့် ပြည်တွင်းမှာ သုံးနေကြတဲ့ ဂြိုဟ်တုအင်တာနက်ကို ညွှန်းချင်ပါတယ်။ ကျွန်တော်တို့ ပြောပြာနေတဲ့ဟာကတော့ ဘယ်နည်းပညာကိုပဲ သုံးသုံး နည်းပညာကတော့ confidential အနေနဲ့ ကျွန်တော်တို့ ထားရတယ်။ အဲဒီ တစ်ခုတော့ အဲဒီလိုပဲ ကျွန်တော် ဖြေချင်ပါတယ်။

မေး။ ။ အခုလက်ရှိမှာ ထန်တလန်ရဲ့ အင်တာနက် ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိ တပ်ဆင်ထားနိုင်ပြီလို့ သိရပါတယ်။ ပြည်သူတွေပါ အသုံးပြုခွင့်ရဖို့အတွက် လုပ်ဆောင်သွားဖို့ရော ရှိလား ။ ဒါဟာ အချိန်ဘယ်လောက်ကြာတဲ့အခါမှာ ပြည်သူတွေ သုံးစွဲခွင့်ရဖို့ ဖြစ်လာနိုင်သလဲရှင့်။

ဖြေ။ ။ ပြည်သူတွေ အသုံးပြုဖို့ ဆိုလို့ရှိရင် အခုလည်းပဲ ၂၀၂၃ နှစ်ကုန်ပိုင်းမှာ ဆိုလို့ရှိရင် အခုကလည်း နှစ်လည်း ကုန်နေပြီပေါ့နော်။ ဒီအချိန်မှာဆိုရင် ၁ ရွာ ၂ ရွာ အဓိက လူဦးရေများတဲ့ ရွာတွေ ဆိုလို့ရှိရင် ကျွန်တော်တို့ ဦးစားပေးပြီး လုပ်ရတာတွေ ရှိတယ်။ အဲဒီနေရာတွေမှာဆိုလို့ရှိရင် ပြည်သူတွေကို ပေးဝေတဲ့ တစ်နေရာ နှစ်နေရာလောက်တော့ ရှိပါပြီ ခင်ဗျာ။

အဲဒီတော့ ၂၀၂၄ ခုနှစ်မှာဆိုလို့ရှိရင် ကျွန်တော်တို့ အဓိက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရယ်၊ ဒေသကာကွယ်ရေးအဖွဲ့တွေရယ်၊ တပ်ရင်းစခန်းတွေရယ်၊ ရုံးတွေရယ်၊ ပြည်သူ့ရဲစခန်းတွေရယ်၊ ဆေးရုံ ဆေးခန်းတွေရယ်။ အဲဒီ ဆေးရုံ ဆေးခန်းတွေ ပြီး‌တော့ တခြား ပြည်သူ့ရဲစခန်းတွေကို ပေးဝေရင်းနဲ့ ပြည်သူတွေကို မျှဝေနိုင်မယ်လို့ ၂၀၂၄ အတွက်ကိုတော့ ကျွန်တော်တို့ ယုံကြည်ထားတယ်။ ဒါပေမဲ့ ပြည်သူတွေ မျှဝေသုံးစွဲဖို့ဆိုလို့ရှိရင် ငွေကြေးက အတော်လေး အကုန်အကျခံဖို့ရှိပါတယ်။ အဲဒါလေးက စိန်ခေါ်မှုတစ်ရပ်ပေါ့။ အဲဒီတော့ ၂၀၂၄ မှာဆိုလို့ရှိရင် ပြည်သူတွေ မျှဝေသုံးစွဲနိုင်ဖို့ ကျွန်တော်တို့ ရည်မှန်းထားပါတယ်။

မေး။ ။ ငွေကြေးပိုင်းပေါ့ ။ ဒီ တစ်နှစ် လေးလ စလုပ်တဲ့အချိန်မှာ ငွေကြေးပိုင်းတွေ အများကြီး ကုန်ခဲ့မယ် ထင်ပါတယ်ရှင့် ။ ဒီအပိုင်းတွေကိုလည်း ရှင်းပြလို့ရရင် ပြည်သူတွေလည်း ထည့်ဝင်လို့ရအောင် ရှင်းပြလို့ရရင် ရှင်းပြပေးပါဦးရှင့် ။ ဒီ ဆက်သွယ်ရေးစနစ်ကို စတဲ့အချိန်မှာ ထန်တလန် ပြည်သူ့အုပ်ချုပ်ရေးကပဲ မတည်ပြီးတော့ ဒီ ကွန်ရက်ကြီး စဖြစ်လာဖို့ လုပ်ဆောင်ခဲ့တာလား ။ ဘယ်လို ပုံစံမျိုးနဲ့ လုပ်ဆောင်ခဲ့တာလဲရှင့်။

ဖြေ။ ။ ဒီ ငွေရေးကြေးရေး Funding ကတော့ ကျွန်တော်တို့ Team ZNET က နိုင်ငံခြားမှာ ရောက်တဲ့ ချင်းအဖွဲ့အစည်းတွေ ရှိတယ်။ အဓိက ပံ့ပိုးပေးတဲ့ အဖွဲ့ကတော့ CBC USA ပေါ့နော်။ CBC USA ကလည်း အများအားဖြင့် ကူညီပေးတယ်။ ပြီးမှ နိုင်ငံခြားမှာ ရောက်ရှိနေတဲ့ ချင်းအဖွဲ့အစည်း၊ ပြီးမှ ပုဂ္ဂလိကတွေကလည်း အကူအညီပေးတဲ့ဟာတွေ ရှိတယ်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မတည်ပေးတဲ့ ငွေဆိုလို့ အဲဒီလောက်အထိမရှိဘူးပေါ့။ အဲဒါလေးက တစ်ချက်။ နောက်ပြီး ဒီ တစ်နှစ်နဲ့ လေးလ အတွင်းမှာ သိန်းပေါင်း ၁၄၀၀ ကျော်ကျော် ကျွန်တော်တို့သုံးစွဲခဲ့ရပြီပေါ့နော်။

ပထမ ဒီ အင်တာနက်ဖော်ဆောင်မှုက ငွေအလုံးအရင်းနဲ့ သုံးရတဲ့အတွက် အတော်လည်း များပါတယ်။ များတဲ့အခါကျတော့ ၂၀၂၄ အတွက်က အခက်အခဲတွေ အများကြီး ရှိတယ်။ ဒါပေမဲ့လည်း ဒီ ၂၀၂၄ အတွင်းမှာ ဆိုလို့ရှိရင် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဆက်သွယ်ရေးနဲ့ နည်းပညာဝန်ကြီးဌာနက ဦးစီးဦးဆောင်တဲ့ ဖက်ဒရယ်နက် ပေါ့ informal နဲ့တော့ ကျွန်တော်တို့ စကားပြောဖြစ်နေပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ မျှော်မှန်းထားတဲ့ဟာလေး ရှိပါတယ်။

ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသားများကို ကျွန်တော်တို့ တိုက်တွန်းချင်တာကတော့ ဒီ ဖက်ဒရယ်နက် ကမ်ပိန်းမှာ အားလုံးဝိုင်းဝန်းပြီး‌တော့ ပါဝင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ အဓိကတော့ ငွေကြေးပြဿနာဖြစ်ပါတယ်။ အဲဒါကိုပြည်သူတွေ အားလုံးပူးပေါင်းပါဝင်ကြဖို့ ကျွန်တော်တို့ တိုက်တွန်းချင်ပါတယ်။

မေး။ ။ ဆိုတော့ ဆရာ ရှင်းပြတာ ကျွန်မ နားလည်လိုက်တာက စစချင်းက နိုင်ငံခြားက ချင်းအဖွဲ့အစည်းတွေနဲ့ ပံ့ပိုးမှုနဲ့ စတင်တယ်။ အခု ၂၀၂၄ မှာ ပိုပြီးတော့ ကွန်ရက်ကို ကျယ်ပြန့်နိုင်အောင် ပြည်သူတွေပါ သုံစွဲနိုင်အောင် လုပ်ဆောင်တဲ့အပိုင်းတွေမှာ NUG ဘက်ကနေ ငွေကြေးပံ့ပိုးမှုအပိုင်းအနေနဲ့ ဆက်လုပ်သွားမယ့် အစီအစဉ်မျိုးပေါ့နော် ဆရာ။

ဖြေ။ ။ ဟုတ်ကဲ့ ကျွန်တော်တို့ မျှော်မှန်းထားတာတော့ အဲဒီလိုမျိုး ရှိပါတယ်။ ဒါပေမဲ့ သီးခြားနဲ့ ကူညီချင်တဲ့ လူတွေ ရှိတယ်ဆိုရင်လည်း အဲဒါလည်း ကျွန်တော်တို့ကတော့ ကြိုဆိုပါတယ်။

မေး။ ။ ဒီ Federal Net ရဲ့ ကမ်ပိန်းထဲမှာဆိုရင် ZNET အတွက် ဘယ်လောက်လောက် ကမ်ပိန်းရဲ့ ဘယ်နှစ်ရာခိုင်နှုန်းလောက် ဒီဘက်ကို ရောက်မယ်လို့ ပြောထားတာမျိုး ကတိကဝတ်မျိုး ရှိပါသလားရှင့်။

ဖြေ။ ။ အဲဒီလိုမျိုး သေသေချာချာမျိုးတော့ မရှိဘူး။ ဒါပေမဲ့ Federal Net ကမ်ပိန်းမစခင်မှာ ဒီ MOCID ရဲ့ ဝန်ကြီးကို ပရိုပိုဆယ် တစ်ခုကို ကျွန်တော် ပို့ခဲ့ရတယ်။ အဲဒီထဲမှာ ဒေါ်လာ ၅ သောင်း။ ဒေါ်လာ ၅ သောင်းကို NUG ဘက်ကနေ ကူညီပေးနိုင်ဖို့ ကျွန်တော်တို့ တောင်းဆိုထားတာ ရှိပါတယ်။

အဲဒီအခါကျတော့ ကျွန်တော်တို့ မျှော်မှန်းထားတာတော့ ၂၀၂၄ မှာ လုပ်ငန်းလည်ပတ်နိုင်ဖို့အတွက် ဆိုလို့ကတော့ ဒေါ်လာ ၅ သောင်းကတော့ NUG ဘက်ကနေ မျှော်မှန်းထားတာ ရှိပါတယ်။

မေး။ ။ ဒီအင်တာနက်ကို သုံးစွဲခွင့်ရမယ်ဆိုလို့ရှိရင် သာမန်ပြည်သူတွေဆိုရင် တစ်လကို ဘယ်လောက် ကုန်ကျမှုနဲ့ သုံးစွဲရမှာလဲ။ ဆိုလိုတာက ပြည်သူတွေဘက်က အခကြေးငွေတစ်ခုနဲ့ ဒီ အင်တာနက်ကို သုံးစွဲနိုင်မယ့် ပုံစံမျိုးလား၊ သာမန်ပြည်သူတွေ လက်လှမ်းမီနိုင်မယ့် ပမာဏမျိုးနဲ့ သုံးစွဲနိုင်မှာမျိုးလား ၊ ဒါမှမဟုတ် ပြည်သူတွေကို အခမဲ့ အင်တာနက် စနစ်ကို သုံးစွဲခွင့်ပေးတာမျိုး သွားမှာလားရှင့်။

ဖြေ။ ။ ကျွန်တော်တို့ Team ZNET ကလည်း ချိတ်ဆက်ရတဲ့ ကုမ္ပဏီမှာ အဲဒီမှာ ပေးသွင်းရတာတွေ ရှိတဲ့အခါကျတော့ အခမဲ့နဲ့တော့ အဆင်မပြေဘူးပေါ့နော်။ အများပြည်သူ သုံးစွဲဖို့ဆိုလို့ရှိရင် ကျွန်တော်တို့ ရည်မှန်းချက်က ဝန်ဆောင်မှုတစ်ခုကို ကျွန်တော်တို့ လုပ်မယ်။ ဒီ ဝန်ဆောင်မှုကနေ ထွက်တဲ့ Bills ကနေပြီးတော့ ဒီလုပ်ငန်းကို လည်ပတ်နိုင်ဖို့ ရည်မှန်းထားပါတယ်။

အဲဒီအတွက် ကျွန်တော်တို့ အခု စပြီးတော့ အစမ်း တစ်ရွာ နှစ်ရွာကို စပြီးတော့ ပေးဝေတဲ့အခါမှာ တစ်အိမ်ကို မြန်မာငွေ ၃ သောင်းနဲ့ ကျွန်တော်တို့ စပြီးတော့ ပေးဝေနိုင်တယ်။ ပြီးတော့ ကျွန်တော်တို့ အင်တာနက် Bandwidth က အလုံအလောက် မရရှိသေးတဲ့အတွက် ကြန့်ကြာကောင်း ကြန့်ကြာနိုင်တယ်။ အဲဒီအခါကျတော့ တစ်အိမ်ကို မြန်မာငွေ သုံးသောင်းနဲ့ စပြီးတော့ လုပ်ငန်းလည်ပတ်ဖို့ စီစဉ်ထားတာ ရှိပါတယ်။

မေး။ ။ ဒီအင်တာနက်စနစ်က အိမ်တစ်အိမ်မှာ ဖုန်း တစ်လုံးရှိရုံနဲ့ အင်တာနက်စနစ်နဲ့ ချိတ်ဆက်ပြီးတော့ ဆက်သွယ်မှု ပုံစံ လုပ်လို့ရတာမျိုးလား ၊ ဒါမှမဟုတ် ကွန်ပျူတာ ရှိရမယ်ပေါ့။ ဘယ်လို ဆက်သွယ်ရေးကိရိယာတွေ ပြည်သူတွေ လက်ထဲမှာ ရှိဖို့ လိုအပ်တာလဲရှင့်။

ဖြေ။ ။ ဟုတ်ကဲ့ အဓိကကတော့ ဖုန်းပါပဲ။ Laptop ကွန်ပျူတာတွေလည်း ရပါတယ်။ ဒါပေမဲ့ အားလုံး သုံးနေကျ အီလက်ထရွန်နစ်ပစ္စည်းတွေ ဆိုရင် ဖုန်းက အဓိက ပါပဲ။ အဲဒါကြောင့် ဖုန်းရှိရုံနဲ့ အဆင်ပြေပါတယ်။

မေး။ ။ ဆိုတော့ စကစ ဘက်ကနေ စစ်ကောင်စီဘက်ကနေ ထန်တလန်ကို မီးရှို့လိုက်ပြီးတော့ ဆက်သွယ်ရေးစနစ်တွေလည်းပြတ်တောက်သွားတယ်။ ပြည်သူတွေလည်း တခြားကို ပြေးပြီးတော့ ဒုက္ခတွေ အမျိုးမျိုး ရင်ဆိုင်ခဲ့ရတော့ ဒီကြားကာလ ဆက်သွယ်ရေး မရှိခင်ကာလနဲ့ ဆက်သွယ်ရေးရရှိပြီး ကာလမှာ ဆိုလို့ရှိရင် ပြည်သူတွေရဲ့ ပညာရေး ကျန်းမာရေး လူမှုရေးပိုင်းတွေမှာ ဘယ်လိုအဆင်ပြေသွားတာမျိုးရှိမလဲရှင့်။ အဲဒါမျိုး ပြည်သူတွေ သိရအောင် မျှဝေလို့ရတာမျိုး ရှိရင်လည်း ပြောပြပေးပါဦးရှင့်။

ဖြေ။ ။ ဒီ အင်တာနက်ကတော့ အဓိက ဆက်သွယ်ရေးကွန်ရက်အဖြစ် ရှိနေပြီးဖြစ်တဲ့အတွက်ကြောင့် ကျန်းမာရေးမှာရော ပညာ ရေးမှာရော အဓိက ပြည်သူ့အုပ်ချုပ်ရေးမှာရော Information ဖလှယ်မှုပေါ့။ အတော်လည်း အရေးကြီးပါတယ်။ ကျွန်တော်တို့ အစမ်းပေးဖြစ်တဲ့ ရွာတွေ ဆိုလို့ရှိရင် သူတို့ အရမ်းပျော်တယ်။

သူတို့က အိန္ဒိယနယ်စပ်ဆို‌တော့ အိန္ဒိယ တယ်လီကွန်မြူနီကေးရှင်းလိုင်းကို သူတို့ သုံးနိုင်ဖို့ဆိုလို့ရှိရင် အိန္ဒိယဖုန်းလိုင်းတွေကို ရရှိဖို့အတွက်ဆိုလို့ရှိရင် သူတို့ရွာကနေ တစ်မိုင် သို့မဟုတ် ၂ မိုင်ကို ခြေလျင်နဲ့သွားရတယ် ဒါမှမဟုတ် ဆိုင်ကယ်နဲ့သွားပြီးတော့ အဲဒီနေရာမှာ လိုင်းသွားသုံးရတယ်။

အစည်းအဝေးတက်တာပဲ ဖြစ်ဖြစ် ဘာလုပ်တာပဲ ဖြစ်ဖြစ် ဒါကို ခက်ခက်ခဲခဲနဲ့ လိုင်းသွားထိုင်ရတဲ့အခါကျတော့ သူတို့ အတွက် ပြဿနာ အများကြီးရှိတယ်။ အဲဒီအခါကျတော့ အစမ်းအနေနဲ့ တစ်ရွာ နှစ်ရွာကို‌ ပေးတဲ့အခါကျတော့ အရမ်းပျော်တယ်။ အရမ်းလည်း ကြိုဆိုတယ်။ သူတို့အတွက်လည်း အကျိုးအများကြီးရှိတယ်လို့ ကျွန်တော်မြင်မိပါတယ်။ နောက်တစ်ခုက ဆေးရုံဆေးခန်းတွေကို ဦးစားပေးမယ်လို့ ကျွန်တော်တို့ ရည်မှန်းထားပါတယ်။

ကျန်းမာရေးပိုင်းမှာ ဆေးရုံတစ်ရုံနဲ့ တစ်ရုံ၊ ဆေးခန်းတစ်ခုနဲ့ တစ်ခု ချိတ်ဆက်ပြီးတော့ ဆက်သွယ်နိုင်ဖို့အတွက်လည်း အရမ်းအရေးကြီးပါတယ်။ သင်တန်းပဲ ပေးပေး အလုပ်ရုံဆွေးနွေးပွဲပဲ ပေးပေး အဲဒီအတွက် အကျိုးပြုစေမယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။ ပညာရေးကဏ္ဍမှာဆိုလို့ရှိရင်လည်း ထန်တလန်မြို့ထဲမှာ ရှိတဲ့ မြို့နယ် ပညာရေးမှူးရုံးက မရှိတော့ဘူး။

တခြား သီးခြားနေရာမှာ စပြီးတော့ ယာယီထားတယ်ပေါ့နော်။ အဲဒီနေရာလည်း ပေးဖို့ စီစဉ်ထားတယ်။ ပြီးတော့ အထက် တန်းကျောင်းတွေ။ ထန်တလန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ အထက်တန်းကျောင်းတွေကို ၅ ခု ၆ ခုလောက်ဖွင့်ထားတာရှိတယ်။ အဲဒီနေရာတွေကို စပြီးတော့ ပေးဝေနိုင်ဖို့ စီစဉ်တယ်။ အဲဒီနေရာတွေကို ပေးဝေနိုင်မယ်ဆိုရင် ရုံးပိုင်းဆိုင်ရာတွေကို လွယ်လွယ်ကူကူ ချောချောမွေ့မွေ့နဲ့ ဆက်သွယ်နိုင်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။

ခြုံငုံပြီးတော့ ပြောရမယ်ဆိုလို့ရှိရင် အင်တာနက်ကွန်ရက်က အခြေခံလိုအပ်ချက်တစ်ခုအနေနဲ့ ရှိလာပြီဖြစ်တဲ့အတွက်ကြောင့် ဒီလုပ်ငန်းတွေ လည်ပတ်နိုင်ဖို့အတွက် အရမ်းအရေးကြီးပါတယ်။ ပြီးတော့ အကျိုးလည်း ပေးတယ်လို့ ကျွန်တော်တို့ ယုံကြည်တဲ့အတွက်ကြောင့် အားသွန်ခွန်စိုက်ကြိုးစားနေရတာဖြစ်တယ်လို့ ကျွန်တော်တို့ ပြောချင်ပါတယ်။

မေး။ ။ အခုလိုမျိုး ပြည်သူတွေရော တော်လှန်ရေးအဖွဲ့တွေရော ပြည်သူ့အုပ်ချုပ်ရေးစနစ် လည်ပတ်နိုင်အောင် အင်တာနက်စနစ်ကြီးလုပ်ထားတာ တစ်နှစ် လေးလလည်း ရှိလာပြီးဆိုတော့ ဒီကြားထဲမှာ စစ်ကောင်စီဘက်က စနစ်ကြီးပျက်သွားအောင် နှောင်ယှက်ပေးတာမျိုး သူတို့တွေရဲ့ အန္တရာယ်ကို ကာကွယ်ဖို့အတွက် ဘယ်လိုမျိုး ကြိုတင်ပြင်ဆင်ထားတာမျိုး အဲဒါမျိုး အပိုင်းတွေရော ရှိလား ပြောပြပေးပါဦး။

ဖြေ။ ။ NUG ဘက်ကလည်း စပြီးတော့ စစ်ကိုင်းတိုင်းဘက်မှာ ဘယ်နှနေရာ အင်တာနက်ပေးဝေနိုင်ပြီ ဂြိုဟ်တုစနစ်နဲ့ ဘာနဲ့ ထုတ်ပြန်လာတဲ့အခါကျတော့ သူတို့က ပြည်တွင်းမှာ ဂြိုဟ်တုအသုံးပြုဖို့ ဟန့်တားထားတာတွေ အရေးယူဖို့လို့ ကြေညာထားတာတွေ့ရတယ်။

တစ်နည်းမဟုတ် တစ်နည်း ကြိုးစားလာမှာပဲလို့ ကျွန်တော်တို့ ယုံကြည်တယ်။ မျှော်လင့်ထားတယ်။ ဒါပေမဲ့လည်း ဒီအပိုင်းမှာ ကျွန်တော်တို့ လုံလုံလောက်လောက်ရှိပါတယ်။ ဘယ်လိုပြောမလဲ Cloud Computing တခြားနည်းပညာတွေ သူတို့ Professional လိုင်းနဲ့ သူတို့ သွားတဲ့အခါကျတော့ ကျွန်တော်တို့ အင်ဂျင်နီယာတွေက ဒါကို ကောင်းကောင်းကာကွယ်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

မေး။ ။ ဆရာတို့ရဲ့ ထန်တလန်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နည်းပညာဌာနပေါ့။ ဌာနပေါင်းများစွာနဲ့ စနစ်တကျဖွဲ့စည်းပြီးတော့ ပြည်သူ့အုပ်ချုပ်ရေးစနစ်ကို စတင်အသက်ဝင်နေတဲ့ မြို့ကြီးဖြစ်နေတော့ အဲဒီရဲ့ လက်ရှိအခြေအနေကိုလည်း ပြည်သူတွေ ဝမ်းသာရအောင် မျှဝေပေးပါဦးရှင့်။

ဖြေ။ ။ ထန်တလန်မြို့နယ်ကတော့ အခုလောလောဆယ်ဆိုလို့ရှိရင် အဲဒီမြို့တစ်မြို့တည်းကိုပဲ ဧက ၂ ဧက ၊ ၃ ဧက လောက်ရှိတဲ့နေရာကို စကစ ဘက်က ထိန်းချုပ်ထားတဲ့အနေအထားမှာရှိတယ်။ ကျန်တဲ့နေရာ ၁၀၀ ရာခိုင်နှုန်း၊ ၉၉ ရာခိုင်နှုန်းလို့ ပြောရမှာပေါ့။ အဲဒီနေရာတွေကို ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ပြည်သူ့အုပ်ချုပ်ရေးကို ယန္တရားတွေ အားလုံးလည်ပတ်နိုင်အောင် ဌာန ၉ ခုကို စနစ်တကျနဲ့ လုပ်တာရှိတယ်။

တရားရေး ဌာနရော ပြည်ထဲရေးဌာနရော တခြားဌာနတွေ အသီးသီးလုပ်ခဲ့ရတာတွေ ရှိတဲ့အခါကျတော့ မြို့နယ်ရဲ့ ၉၉ ရာခိုင်နှုန်းက ပြည်သူတွေ လက်ထဲမှာ ရှိနေတယ်။ ဒါကြောင့် ဒါကို အားရ ဝမ်းသာ ပီတိဖြစ်မိတယ်။ ပြည်သူတွေကလည်း ပြည်သူ့အုပ်ချုပ်ရေးစနစ်ကို အားရကြိုဆိုတယ်။

ရပ်ကျေးအုပ်ချုပ်ရေး ၊ ရပ်ကွက် အုပ်ချုပ်‌ရေး ကျေးရွာအုပ်ချုပ်ရေးတွေက အစ အားလုံး စစ်ကောင်စီရဲ့ လွှမ်းမိုးမှုအောက်မှာ မရှိတော့ဘဲနဲ့ ဒီ ပြည်သူ့အုပ်ချုပ်ရေးစနစ်ကြီးကို အောင်အောင်မြင်မြင်နဲ့ လုပ်ကိုင်ဆောင်ရွက်နေပါတယ်လို့ ဒီကနေ ပြောပြချင်ပါတယ်။ ကျွန်တော်က ပြောရေးဆိုခွင့်ရတဲ့ လူမဟုတ်ဘူး ဆိုပေမယ့်လည်း ဒါကိုတော့ ပြောပြချင်ပါတယ်။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

မေး။ ။ ထန်တလန်ရဲ့ ၂၀၂၄ မှာဆိုရင် ထန်တလန်မြို့ကြီးရဲ့ လူဦးရေ ဘယ်နှရာခိုင်နှုန်းနဲ့ ဘယ်လောက်ပမာဏမှာ အင်တာနက်စနစ်ကို သုံးစွဲလို့ရမယ်ဆိုတဲ့ Target မျိုး အတိအကျသဘောမျိုးရှိတယ်ဆိုရင် မျှဝေပေးပါဦးရှင့်။

ဖြေ။ ။ ကျွန်တော်တို့ မျှော်မှန်းထားတာတော့ ပထမ ပြည်သူ့အုပ်ချုပ်ရေးစနစ်အောက်မှာရှိတဲ့ ဌာနဆိုင်ရာ အားလုံး ၉၀ ရာခိုင်နှုန်းကို ကျွန်တော်တို့ မျှော်မှန်းထားပါတယ်။ ဒါပေမဲ့ ပြည်သူတွေကတော့ အခက်အခဲမျိုးစုံရှိတဲ့အခါကျတော့ ပြည်သူတွေအတွက်ကိုတော့ ၅၀ ရာခိုင်နှုန်းလောက် ကြိုးစားမယ်လို့ ကျွန်တော်တို့ ရည်မှန်းချက် ချထားပါတယ်။

မေး။ ။ အခုလို ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့အတွက် ကျေးဇူးပါရှင့်။ ဒီလို ဆက်သွယ်ရေး စနစ်နဲ့ ပတ်သက်ပြီးတော့ ဖြည့်စွက်ပြီးတော့ ပြောချင်တာမျိုး ဆရာ့ဘက်မှာ ရှိတယ်ဆိုရင် ပြောပြပေးပါဦးရှင်။

ဖြေ။ ။ ကျွန်တော်တို့ မြန်မာပြည်ပြည်တွင်းမှာဆိုလို့ရှိရင် ဒီလိုမျိုး အခက်အခဲတွေ နေရာအသီးသီးမှာ ကြုံတွေ့နေရတယ်လို့ ကျွန်တော်တို့ ယုံကြည်ရတယ်။ ကျွန်တော်တို့နဲ့ နီးစပ်တဲ့ နေရာတွေ မဟုတ်ရင်လည်း ကျွန်တော်တို့လိုပဲ အလုပ်လုပ်နေတဲ့ လူတွေ ရှိနေတယ်လို့ ကျွန်တော်တို့လည်း ကြားသိရတဲ့အတွက် ဝမ်းသာအားရဖြစ်မိပါတယ်။

အဲဒီလုပ်ငန်းတွေ အားလုံးကို ဒီဆက်သွယ်ရေးစနစ်က အရမ်းအရေးကြီးတဲ့အခါကျတော့ ဒီလိုမျိုး အနီးအနားမှာရှိတဲ့ ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ အဖွဲ့အစည်းအသီးသီးကိုလည်း နီးစပ်ရာပြည်သူတွေက ကူညီပံ့ပိုးပေးဖို့ ဒီကနေ ကျွန်တော် တိုက်တွန်းချင်ပါတယ်။ ပြီးတော့မှလည်း နောက်ဆုံးတစ်ခုအနေနဲ့ ထပ်လောင်းပြီးတော့ ပြောချင်တာက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဆက်သွယ်ရေးနဲ့ နည်းပညာဝန်ကြီးဌာနရဲ့ MOCID ရဲ့ ဖက်ဒရယ်နက် ကမ်ပိန်းမှာ အားလုံးဝိုင်းဝန်းပြီးတော့ အားသွန်ခွန်စိုက်နဲ့ ပါဝင်ပေးကြဖို့ ဒီကနေ ထပ်လောင်းပြီးတော့ တိုက်တွန်းချင်ပါတယ်။ အားလုံးကျေးဇူးတင်ပါတယ် ခင်ဗျာ။

မေး။ ။ ဆရာ့ကိုလည်း ကျေးဇူးတင်ပါတယ်။ ထန်တလန်မြို့ဟာ စကစ မီးရှို့လို့ တစ်မြို့လုံးပြာကျသွားပြီးတော့ ပြည်သူတွေအကုန်လုံးထွက်ပြေးခဲ့ရတဲ့ မြို့ကို အခုလိုမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်နဲ့ ဆက်သွယ်ရေးစနစ်ပါ ရရှိအောင် လုပ်တာဟာ ဒီ တစ်နိုင်ငံလုံးမှာပေါ့နော့ စစ်ဘေးဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် တကယ့်ကို အားတက်စေတဲ့ မြို့ကြီးဖြစ်လာတာတွေ့ရပါတယ်။ ဆိုတော့ အဲဒီမြို့မှာ အဲဒီလိုမျိုးတွေ လုပ်ဆောင်ပေးတဲ့အတွက်လည်း ဆရာတို့ကို ကျေးဇူးတင်ပါတယ်ရှင့်။

ဖြေ။ ။ ကျေးဇူးပါ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article