33 C
Yangon

ကျိုက်ထိုမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၂ ဦးဒဏ်ရာရ၊ ဘုတလင်မြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရ

Must read

ကျိုက်ထိုမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၂ ဦးဒဏ်ရာရ၊ ဘုတလင်မြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ခန့်တွင် သထုံမြို့မှ ကျိုက်ထိုမြို့ကို မောင်းနှင်လာသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် စစ်ယာဥ်တန်းသည် ဒေသပြည်သူများ နေထိုင်ရာ ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းကြောင့် ဝင်းပြန်ရွာမှ အသက် ၁၄ နှစ်အရွယ် ၅ တန်းကျောင်းသူ မအိမ်ဇင်ဖြိုး လည်ပင်းကျည်စ ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျည်များသည် သပြေနီရွာကိုလည်း ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၆၃ နှစ်အရွယ် ဒေါ်ပိုးမယ်နှင့် အသက် ၄၇ နှစ်အရွယ် ဒေါ်စန်းအေးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စျေးဆိုင် ၁ ဆိုင်လည်း လက်နက်ကြီး ထိမှန်ကာ သိန်း ၃၀ ကျော် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့၊ သပြေပင်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်းကြောင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီခန့်တွင် သပြေပင်ရွာဘက်ကို ဘုတလင်မြို့ ရဲစခန်းအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်းကြောင့် အမျိုးသမီး ၁ ဦး ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

“လက်နက်ကျည်ကျပြီး ပေါက်ကွဲတာ ကျွန်တော်တို့ရွာက မမြင့်ဝင်း အသက် ၅၀ အရွယ် အမျိုးသမီး ကျည်စထိမှန် ပြီး ဒဏ်ရာရရှိခဲ့တယ်။ ဒဏ်ရာက တင်ပါးနဲ့ဘယ်ဘက်ခါးပိုင်း ဒဏ်ရာရရှိခဲ့တယ်။‌ ဘာလို့ စစ်ကောင်စီက ပစ်ခတ်တာလဲဆိုတာကတော့ မသိဘူး။ မြေပြင်မှာတော့ ဘာတိုက်ပွဲမှ မရှိဘူး။ ကျည်စမှန်တဲ့သူကလည်း သူအိမ်မှာ ယက်ကန်းယက် နေရင်းကျည်ထိမှန်ခဲ့တာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဘုတလင်မြို့တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူများ သေဆုံး ထိခိုက်ဒဏ်ရာရရှိမှု များပြားလာကြောင်း ဒေသပြည်သူများက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article