25 C
Yangon

ပုလောမြို့နယ်၊ မီးလောင်ချောင်း ကျေးရွာ၌ တပ်စွဲထားသော စစ်တပ် စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိ

Must read

ပုလောမြို့နယ်၊ မီးလောင်ချောင်း ကျေးရွာ၌ တပ်စွဲထားသော စစ်တပ် စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိ

■ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု​ ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၃၁

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မီးလောင်ချောင်း ကျေးရွာ၌ တပ်စွဲထားသော စစ်တပ် စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာတွင် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး ပူးပေါင်း တပ်စွဲထားသော တပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး နံနက် ၈ နာရီခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များက ယင်းစခန်းကို မီးရှို့ ရှင်းလင်းကာ အပြီးသတ် ချေမှုန်းနိုင်ခဲ့ကာ စစ်သားများနှင့် ပျူစောထီး ပူးပေါင်းအဖွဲ့များ ခလရ ၁၇ တပ်ရင်းကို ဆုတ်ခွာ ထွက်ပြေးသွားကြောင်း၊ ထို့နောက် မြိတ်မြို့မှ ရောက်ရှိလာသော အကြမ်းဖက် စစ်တပ်၏ စစ်ကူ စစ်ကြောင်းများ ရောက်ရှိလာပြီး မီးလောင်ချောင်းကျေးရွာ အတွင်း ပြန်လည် ဝင်ရောက်လာကာ နံနက် ၈ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် အကြမ်းဖက် စစ်ကောင်စီဘက်မှ Mi-2 ရဟတ်ယာဥ်ဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့သောကြောင့် တော်လှန်ရေး ရဲဘော်အချို့ ထိခိုက် ဒဏ်ရာရကာ မီးလောင်ချောင်းကျေးရွာမှ နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် တော်လှန်ရေး တပ်ဖွဲ့ဝင်များ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မွန်းလွဲ ၁၂ နာရီခန့်တွင် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင့် တပိုကျေးရွာမှ အမျိုးသမီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိကာ ယာဥ်မောင်း ၁ ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ပျူစောထီး ၅ ဦးနှင့် စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့ပြီး မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်းမှ အမှတ် ၃ တပ်ခွဲမှူး မိုးညို၊ ရဲဘော်ကျော်ကြီး အပါဝင် မဟာမိတ်တပ်များဘက်မှ ရဲဘော် ၃ ဦး စုစုပေါင်း ရဲဘော် ၅ ဦး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲအတွင်း လက်နက်ငယ် ၃ လက် သိမ်းဆည်း ရရှိပါတယ်။ ထပ်မံ ထုတ်ပြန်သွားပါ့မယ်” ဟု မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (ပုလော)၊ မြိတ်ခရိုင်၊ အမှတ်(၁) တပ်ရင်းနှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ ပုလောစစ်ကြောင်း-၁၊ တောကြီးမြွေဟောက် တပ်ဖွဲ့၊ ဗိုလ်မိုးကြိုးပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပုလောဒေသကာကွယ်ရေးတပ်(PRDF)၊ မိကျောင်းစစ်ကြောင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပုလောဒေသရှိ တော်လှန်ရေး မဟာမိတ်တပ်များသည် အကြမ်းဖက် စစ်တပ်ကို အပြီးသတ်ချေမှုန်းရန် မှတပါး အခြား ရွေးချယ်စရာ မရှိတော့ကြောင်း၊ ပုလောဒေသရှိ အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့၏ အပေါင်းအပါ ပျူစောထီးတပ်ဖွဲ့များကို အပြီးသတ် ချေမှုန်းမည်သာ ဖြစ်ကြောင်း၊ ပုလောဒေသအတွင်း ဆက်လက်၍ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလာမည် ဖြစ်သောကြောင့် ပြည်သူများ အနေဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်(ပုလော)နှင့် မဟာမိတ် တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ချက်များကို မသွေမတိမ်း လေးစား လိုက်နာပေးကြပါရန် မေတ္တာရပ်ခံကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်းက အသိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article