30 C
Yangon

ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင် စစ်ကောင်စီ၏ နှောင့်ယှက်မှုနှင့် ဖိအားပေးခြိမ်းခြောက်မှုများ ရှိလင့်ကစား အသံတိတ်သပိတ် အောင်မြင်စွာ ပြီးဆုံး

Must read

ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင် စစ်ကောင်စီ၏ နှောင့်ယှက်မှုနှင့် ဖိအားပေးခြိမ်းခြောက်မှုများ ရှိလင့်ကစား အသံတိတ်သပိတ် အောင်မြင်စွာ ပြီးဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁

ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင် စစ်ကောင်စီ၏ နှောင့်ယှက်မှုနှင့် ဖိအားပေးခြိမ်းခြောက်မှုများ ရှိလင့်ကစား အသံတိတ်သပိတ် အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။

ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် အသံတိတ်သပိတ်သည် မူလက နံနက် ၁၀ နာရီ စတင်ရန် ဆော်ဩထားခဲ့သော်လည်း အနည်းငယ်နောက်ကျပြီးမှ အသံတိတ်သပိတ်စတင်အသက်ဝင်ခဲ့သည်ကို တွေ့ရှိရသည်။

ရန်ကုန်မြို့တွင် ယနေ့ နံနက် ၁၀ နာရီခွဲကျော်အချိန်မှစတင်၍ လမ်းမများပေါ်တွင် လူသူလျော့နည်းလာခဲ့ပြီး နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်တွင်မူ လုံး၀ လမ်းပေါ်တွင် လူသူမရှိတော့ပေ။ အကြမ်းဖက်စစ်ကောင်စီက ယနေ့တွင် YBS များအားလုံးတွင် အခမဲ့ ယာဉ်စီးနင်းသည်ဟု ကြော်ငြာခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်မှ စီးနင်းသူမရှိခဲ့ပေ။

စျေးဆိုင်ပိုင်ရှင်များကို စည်ပင်၊ ရဲနှင့်စစ်တပ်များက ဆိုင်ပိတ်ခြင်း ရှိ၊ မရှိ လှည့်လည်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြသော်လည်း စျေးဆိုင်အများစုမှာ ဖွင့်သာ ဖွင့်ထားသော်လည်း ရောင်းသူ ဝယ်သူမရှိဘဲ တိတ်ဆိတ်နေခဲ့ကြသည်။ မွန်းတည့် ၁ နာရီ ရန်ကုန်မြို့၏ လမ်းမများပေါ်တွင် စစ်ကောင်စီထောက်ခံသော မဘသ၊ အမျိုးသားရေး အစွန်းရောက်များက ရာပေါင်းများစွာအင်အားဖြင့် စစ်တပ်ထောက်ခံသော ကြွေးကြော်သံများ အော်ဟစ်၍ လမ်းလျှောက်ထွက်လာကြသည်။

ရန်ကုန်မြို့၏ လမ်းမများပေါ်တွင်မူ လူထုက တိတ်ဆိတ်ငြိမ်သက်ခြင်းဖြင့် စစ်အာဏာရှင်စနစ်ကို အကြီးအကျယ် အံတုပြခဲ့ကြသည်။ ၃ နှစ်ရှိလာပြီဖြစ်သော်လည်း လူထုက သွေးအေးမနေဘဲ စစ်အာဏာရှင် မလိုလားကြောင်း ဆက်လက် ပြသနေဆဲဖြစ်သည်။

မန္တလေးမြို့တော်တွင်လည်း စစ်ကောင်စီကို မလိုလားကြောင်း အသံတိတ်သပိတ်ဖြင့် ပြသခဲ့ကြသည်။ ထူးခြားသည်ဟု မန္တလေးရှိ မဟာအောင်မြေကျောက်၀ိုင်းက ဆိုင်အများစုက ဆိုင်များ ပိတ်သိမ်း၍ အသံတိတ်သပိတ်တွင် ပါဝင်ခဲ့ကြသည်။

စစ်တပ်၊ ရဲနှင့် စည်ပင်များက မဟာအောင်မြေကျောက်၀ိုင်းကို သူပုန်ဌာနချုပ်တစ်ခုသဖွယ် လက်နက်များ၊ နံပါတ်တုတ်များ ကိုင်ဆောင်၍ ဆိုင်များ ဖွင့်ရန် အတင်းအကျပ် ဖိအားပေးချိန်မှ တစ်ဆိုင်၊ နှစ်ဆိုင် ဖွင့်လှစ်ကြသည်။ အများစုသော ဆိုင်များ ပိတ်ထားကြသည်။ အချို့သော ဆိုင်များက အဖွင့်ပြပြီး လူမရှိဘဲ ပျောက်နေကြသည်။ စည်ပင်နှင့်ရဲများက မဖွင့်သော ဆိုင်များကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ယူကာ အရေးယူရန် ပြင်ဆင်ကြသည်။

မန္တလေးမြို့တွင် မွန်းတည့် ၁၂ နာရီ ကျော်လာချိန် ခွေးတစ်ကောင် ကြောင်တစ်မြီးမျှ မရှိတော့ဘဲ ပြည်သူအားလုံးက အပြင်မထွက်ကြခြင်းဖြင့် စစ်အာဏာရှင်ကို အနုနည်းဖြင့် ဆန့်ကျင်တော်လှန်ကြသည်။

တောင်ကြီး၊ ပုသိမ်၊ မုံရွာ၊ ဖားကန့်၊ ဆားလင်းကြီး၊ က၀၊ မုဒုံ၊ ကနီ စသည့် မြို့များကလည်း ရန်ကုန်နှင့်မန္တလေး နည်းတူ စစ်အာဏာရှင်ကို အသံတိတ်သပိတ်ဖြင့် တော်လှန်ကြသည်။ အသံတိတ်သပိတ်သည် အာဏာသိမ်းမှု ၃ နှစ်တိုင်ရှိခဲ့ပြီဖြစ်သော်လည်း လူထုက သွေးမအေးဘဲ ဆက်လက် ပါဝင်နေကြဆဲဖြစ်သည်။

စစ်ကောင်စီ၏ တယ်လီဂရမ်များတွင်ကား အသံတိတ်သပိတ် မအောင်မြင်သည့် ပုံစံဖြင့် အမျိုးမျိုး ပုံဖျက်ရန် ကြိုးစားကြသော်လည်း လိမ်ညာမရသည့် Google Map ပေါ်တွင် ရန်ကုန်နှင့် မန္တလေးမြို့တို့သည် ယာဉ်အသွားအလာမရှိသော ယာဉ်ကြောကျပ်တည်းမှု ကင်းရှင်းသည့် အစိမ်းရောင် အချက်ပြ သင်္ကေတက ပြည်သူများ လမ်းပေါ်မထွက်ဘဲ အသံတိတ်နေခဲ့ကြသည်ကို သက်သေထူပြခဲ့သည်။

အသံတိတ်ခြင်းဖြင့် တိတ်ဆိတ်ငြိမ်သက်ခြင်းဖြင့် ပြည်သူများက စစ်အာဏာရှင်ကို ဆက်လက်တော်လှန်နေကြဆဲ ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article