ရန်ကုန်၊ ဖေဖော်ဝါရီ ၅
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်းတွင် ယနေ့ နံနက်ပိုင်း မီးလောင်မှု ဖြစ်ပွားပြီးနောက် မီးလောင်ပြင်မှ အလောင်း ၃ လောင်း တွေ့ရှိရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နံနက် ၅ နာရီ ၅ မိနစ်အချိန်မှစတင်၍ နံနက် ၆ နာရီအချိန်အထိ အောင်မင်္ဂလာအဝေးပြေးဝင်း၊ ပစောက်ဝင်း၊ တနင်္သာရီလမ်း၊ ရွှေလင်းယုန် ကားဂိတ်မှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် ကားဂိတ်နှင့် ဆိုင်ခန်း ၁၀ ခန်းထက်မနည်း မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်သွားသော ဆိုင်ခန်းများကို စက်ယန္တရားများဖြင့် ဖြိုချသောအခါ မီးစတင်လောင်ကျွမ်းသော ရွှေလင်းယုန်ကားဂိတ်မှ အလောင်း ၃ လောင်းတွေ့ရှိရကြောင်း သိရှိရသည်။
“၃ယောက်သေတာ အတည်ပြုတယ်။ ၁ ယောက်ကရေပုံးအပြာထဲဝင်လျက်သေနေတာတွေ့ရတယ်။ ၂ ယောက်က မီးကျွမ်းနေပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
“လောင်ကတာက ပစောက်ဝင်းထဲမှာ၊ တနင်္သာရီလမ်းထဲမှာ လောင်တာ။ ပိတ်ထားတဲ့ ဆိုင်ခန်းထဲကနေ စလောင်တာ။ မီးထဲပါသွားတာက ဝင်းကားဂိတ် ၊ ရာဇာမင်းကားဂိတ်၊ အောင်ကျော်ဇောကားဂိတ်၊ ကားလက်မှတ်အရောင်းဂိတ်တွေ ပါကုန်တယ်။ ဆိုင်တွေက ၁၀ ခန်းထက်မနည်းပဲ ပါသွားတာ။ကုန်တွေ၊ စာရွက်စာတမ်းတွေ အကုန်ပါသွားတယ်” ဟု ကားဝင်းအတွင်းနေထိုင်သူတစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


