31 C
Yangon

မောင်တောရှိ စစ်တပ်နယ်ခြားစောင့်တပ်စခန်း ၂ ခုကို AA က သိမ်းပိုက်၊ နယ် ခြားစောင့်တပ်များ မထွက်ပြေးမီ လက်နက်များကို ARA နှင့် RSO အဖွဲ့များထံ ဘင်္ဂလားဒေ့ရှ်ငွေ ၁၀ သန်းဖြင့် ရောင်းစားခဲ့မှု စိစစ်တွေ့ရှိရ

Must read

စစ်ကောင်စီတပ်စခန်းအတွင်းမှ ရဲအလောင်းများနှင့် ARA ၊ RSO အဖွဲ့ဝင်အလောင်းများပါ တွေ့ရှိရဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ နယ်ခြားစောင့်တပ်စခန်း ၂ ခုကို AA က သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက မထွက် ပြေးမီ စခန်းနှစ်ခုလုံးမှ လက်နက်များကို ARA နှင့် RSO အဖွဲ့များထံ ရောင်းစားခဲ့မှုကို စိစစ်တွေ့ရှိရကြောင်း AA က ယမန်နေ့ ပိုင်း သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့မှစတင်၍ ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်စခန်း (တစ်နည်း) ဗျူဟာစခန်းနှစ်ခုဖြစ်သော တောင်ပြို (လက်ဝဲ- လက်ယာ) ဗျူဟာစခန်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် တောင်ပြို (လက်ယာ) ဗျူဟာစခန်း တစ်ခုလုံးကို သိမ်းယူနိုင်ခဲ့ကြောင်း ၊ နယ်ခြားစောင့်တပ်စခန်း တောင်ပြို (လက်ယာ) တွင် ရဲမှူး အောင်စည်သူအေး (နခခ-၂) နှင့် တောင်ပြို (လက်ဝဲ)စခန်း တွင် ဒု-ရဲမှူးကြီး ကျော်နိုင်စိုးတို့ ဦးစီးခဲ့ကြောင်း သိရှိရသည်။

AA က တောင်ပြို (လက်ယာ) ကို အပြီးသတ်သိမ်းပိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၆ ရက်နေ့၊ ညနေပိုင်းတွင် တောင်ပြို (လက်ဝဲ) စခန်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း၊ ရက္ခိုင့်တပ်တော်မှ ဤသို့ ထိုးစစ်ဆင်တိုက်ခိုက်မှု ကြောင့် တောင်ပြို (လက်ဝဲ/လက်ယာ) ဗျူဟာစခန်းနှစ်ခုစလုံးမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ အရေအတွက် စုစုပေါင်းအင်အား ၂၀၀ အထက်သည် ဘင်္ဂလာဒေ့ရှ်နယ်စပ်ဖက်ခြမ်းသို့ လက်နက်များဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ ကြကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်စဉ် ARA နှင့် RSO တပ်ဖွဲ့ဝင်များနှင့် ကြိုတင်ပူးပေါင်းထားသည့် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက အပြင်းအထန် ခုခံတိုက်ခိုက် ခဲ့ကြကြောင်း၊ အဆိုပါဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း နယ်ခြားစောင့်တပ်ဖွဲ့ဝင် များ၏ အလောင်းအမြောက်အမြား၊ ARA နှင့် RSO တပ်ဖွဲ့ဝင်များ၏ အလောင်းအချို့အပါအဝင် လက်နက်ခဲယမ်း အမြောက်အမြားတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

တောင်ပြို (လက်ယာ) စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်မှုမပြုလုပ်ခင်ကတည်းကပင် တောင်ပြို (လက်ဝဲ/လက်ယာ) စခန်း နှစ်ခုစလုံးမှ နယ်ခြားစောင့်တပ်မှူးများနှင့် ARA နှင့် RSO လက်နက်ကိုင်တပ်ဖွဲ့များအကြား ကြိုတင်ညှိုနိူင်းမှုပြုလုပ်ခဲ့ကာ နားလည်မှုရယူထားခဲ့ကြောင်း၊ စစ်ကောင်စီတပ်စခန်းများကို ထွက်ပြေးရန်အခြေအနေကြုံလာပါက ၎င်းစစ်ကောင်စီတပ် စခန်းများရှိ လက်နက်ခဲယမ်းများကို ဘင်္ဂလာဒေ့ရှ်ငွေ တာကာ (Taka) ၁၀ သန်းဖြင့် ရောင်းချထားခဲ့ကြောင်း၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးဝင်ရောက်နိုင်ရန်အတွက် ARA အဖွဲ့ထံ အကူအညီတောင်းခံခဲ့ကြောင်း ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများက ထွက်ဆိုကြောင်း AA က သတင်းထုတ်ပြန်သည်။

ထို့အပြင် ဖမ်းဆီးရရှိသော စစ်သုံ့ပန်းများ၏ အဆိုအရ နယ်ခြားစောင့်တပ်များနှင့် နိုဘီဟူဆောင်း ခေါင်းဆောင်သည့် ARA (Arakan Rohingya Army) အဖွဲအစည်းတို့အကြား ရင်းနှီးသောဆက်ဆံရေးအပြင် အပေးအယူများ၊နားလည်မှုရှိရှိဖြင့်နေခဲ့ကြကြောင်း ၊ AA က သိမ်းပိုက်ရရှိထားသော ARA တပ်စခန်းများထဲတွင် တောင်ပြို (လက်ဝဲ/လက်ယာ) ရဲမှူးများက တာကာဆယ်သန်းဖြင့်ရောင်းချခဲ့သော လက်နက်ခဲယမ်းများအပြင် WY မူးယစ်ဆေးဝါး (၆၉) ထုပ်နှင့် ရေခဲ ၂၈ ထုပ်တို့ကိုလည်း ARA စခန်းအတွင်းမှ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ARA တပ်စခန်းသည် နတ်မြစ်ကမ်းစပ်တွင် အင်္ဂတေ၊ အုတ်များဖြင့်တည်ဆောက်ထားသော အခိုင်အမာစခန်းတစ်ခုဖြစ်သည့် အပြင် အင်္ဂတေလူသွားလမ်းများဖြင့် စစ်ကောင်စီ၏ တောင်ပြို (လက်ဝဲ)စခန်း နှင့်ချိတ်ဆက်ထားကြောင်း၊ တောင်ပြို (လက်ဝဲ) စခန်းနှင့် ARA ၏ အဓိကစခန်းသည် အဖြောင့်တိုင်းလျှင် မီတာ (၁၀၀၀) တစ်ထောင်ကျော်သာ ဝေးကြောင်း၊ ဤကဲ့သို့ အကွာအဝေးတွင် ထိုသို့အခိုင်အမာစခန်းတစ်ခုရှိနေခြင်းမှာ နယ်ခြားစောင့်တပ်ဖွဲ့နှင့် ARA အဖွဲ့ကြား အပေးအယူနှင့် နားလည် မှုတို့ မည်ရွေ့မည်မျှရှိနေသည်ကို ခန့်မှန်းတွက်ချက်နိုင်ကြောင်း AA က ထုတ်ပြန်သည်။

ထို့ပြင် ARA စခန်း၏ တစ်ဖက်ကမ်းတွင်ရှိသော ဘင်္ဂလာဒေ့ရှ် နိုင်ငံအတွင်းသို့ ပုံမှန်ဝင်ထွက်သွားလာနေကြသည့် လက္ခဏာများကိုလည်း ထင်ရှားစွာတွေ့ရှိရကြောင်း၊ ARA အဓိကစခန်း၏ တစ်ဖက်ကမ်းတွင် ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ် BGB (Border Guard Bangladesh) တပ်စခန်းတစ်ခုလည်းရှိနေကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့၏လက်နက်ဂိုဒေါင်များမှ လက်နက်ခဲယမ်းအချို့ကို ARA အဖွဲ့က ရယူနိုင်ခဲ့ခြင်းမှာ ၎င်းတို့ အတူရှိနေခဲ့ခြင်းကြောင့် ဖြစ်ကြောင်း AA က ပြောဆိုသည်။

AA ၏ထိုးစစ်ကို နယ်ခြားစောင့်တပ်နှင့် ARA တပ်ဖွဲတို့ပူးပေါင်း၍ ခုခံတိုက်ခိုက်နေခဲ့ကြ စဉ်အတွင်း အဆိုပါစခန်းအတွင်းမှ လက်နက်ခဲယမ်းများကို အချိန်တိုအတွင်း ရသမျှကို သိမ်းကြုံးယူဆောင်သွားနိုင်ခဲ့သော ကြောင့် ဖြစ်ကြောင်း၊ ARA အဖွဲ့သည် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှ ဝင်ရောက်၍ ကားတစ်စီးဖြင့် သယ်ယူသွားခဲ့ကြောင်း သိရှိရသည်။

AA အဖွဲ့အနေဖြင့် စစ်သုံ့ပန်းများအား ဆက်လက်စစ်ဆေးလျက်ရှိပြီး ထပ်မံသိရှိရသည်များရှိပါက ဆက်လက် တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ တစ်ပြိုင်နက်တည်းတွင် ဘင်္ဂလာ-ရက္ခိုင်နယ်စပ်ရှိ လူ့အဖွဲ့အစည်းတစ်ခုလုံး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် လူမှုသဟဇာတဖြစ်ရေးတို့အတွက် အဓိက အထူး အလေးထားဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးဆိုင်ရာအစီအမံများကိုလည်း အာရက္ခပြည်သူ့အစိုးရအနေဖြင့် အထူးအလေးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article