32 C
Yangon

မြင်းခြံဗဟို အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသူများကို ထောင်ဝန်ထမ်းများက ဆဲဆိုခြင်း၊ အလုပ်ကြမ်းများခိုင်းခြင်းနှင့် ခြိမ်းခြောက် ပြောဆိုခြင်းများ လုပ်ဆောင်

Must read

မြင်းခြံဗဟို အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသူများကို ထောင်ဝန်ထမ်းများက ဆဲဆိုခြင်း၊ အလုပ်ကြမ်းများခိုင်းခြင်းနှင့် ခြိမ်းခြောက် ပြောဆိုခြင်းများ လုပ်ဆောင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

မြင်းခြံ ဗဟိုအကျဥ်းထောင်တွင် နိုင်ငံရေး အကျဉ်းသူများကို ထောင်ဝန်ထမ်းများက ဆဲဆိုခြင်း၊ အလုပ်ကြမ်းများခိုင်းခြင်းနှင့် ခြိမ်းခြောက် ပြောဆိုခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

၂၀၂၃ ခုနှစ် ဇွန်လအတွင်း မြင်းခြံ အကျဉ်းထောင်သို့ ရခိုင်ပြည်နယ် ရဲဘက်စခန်းမှ ပြောင်းရွှေ့လာသည့် အရာရှိ ဝန်ထမ်း ၂ ပွင့် အဆင့်ရှိ ဒေါ်ဇင်မာဦးသည် အမျိုးသမီးအချင်းချင်းပင် နားထောင်ရန် အဆင်မပြေသည့် အောက်လုံးများ အသုံးပြု၍ နိုင်ရေးအကျဉ်းသူများကို နေ့စဉ် ဆဲဆို ကြိမ်းမောင်းနေကြောင်း၊ အဆိုပါ ထောင် အရာရှိသည် နိုင်ငံရေးအကျဉ်းသူများနှင့် ရာဇဝတ်အကျဉ်းသူများကို သွေးခွဲရန် တိုက်ပေးခြင်းများနှင့် ထောင်ဝန်ထမ်းများက တုတ်ကိုင်၍ ရိုက်နှက်မည်ဟု ခြိမ်းခြောက်ခြင်းများပါ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးများ အားလုံး ထောင်မှ ခိုင်းသည့် အလုပ်များကို မဖြစ်မနေလုပ်ကြရမည်ဟုဆိုကာ အသက်အရွယ်ကြီးမြင့်သည့် အသက် ၆၀ အရွယ်များကိုပင် ဒေါ်ဇင်မာဦး၏ ညွန်ကြားချက်ဖြင့် အမျိုးသမီး ၁ ပွင့်အရာရှိ ဒေါ်မေစိုးအေးနှင့် တပ်ကြပ် ဒေါ်နုနုမာတို့က အလုပ်ကြမ်းများ ခိုင်းနေကြောင်းလည်း အကျဉ်းထောင်တွင်းမှ စုံစမ်းသိရှိရသည်။

လက်ရှိတွင် နိုင်ငံရေးအကျဉ်းသူအမျိုးသမီးများသည် တောင်ယာစိုက်ခင်းများ၌ လုပ်ရခြင်း၊ချည်ထိုးရခြင်း၊ ထောင်အာဏာပိုင်များ စီးပွားဖြစ်လုပ်ကိုင်နေသည့် အကျဉ်းထောင်တွင်း ကွမ်းယာရောင်းသည့် လုပ်ငန်းအတွက် တန်းဖွင့်ချိန်မှာ နံနက် ၇ နာရီဖြစ်သော်လည်း နံနက် ၅ နာရီ ၁၅မိနစ်အချိန်တွင် အိပ်ယာထရကာ ကွမ်းယာထုပ်များကို သတ်မှတ်အရေအတွက်ပြည့်မီအောင် ယာပေးရခြင်း၊ အချို့နိုင်/ကျဉ်းများကို ဘာယာစောင့်ခိုင်းခြင်း (ညပိုင်းလုံခြုံရေး) နှင့် ထမင်းပုံးထမ်းရခြင်းများ လုပ်ခိုင်းနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည် ။

“စစ်ကောင်စီက တိုက်ပွဲမြေပြင်တွေမှာ ရှုံးနိမ့်နေတဲ့အခါမှာ အကျဉ်းထောင်တွေဘက်ကို ပိုပြီး ဖိလာတာ ကျွန်တော်တို့မြင်ရတယ်။ ပြည်သူတွေက စစ်ရေးဘက်ကို အရမ်းအာရုံစိုက်နေတဲ့အပေါ်မှာလည်း သူတို့က ပြည်သူတွေက အကျဉ်းထောင်တွေကို မေ့နေတယ်ဆိုတဲ့ သူတို့ ခံစားချက်၊ သူတို့ယုံကြည်ချက်နဲ့ အကျဉ်းထောင်ထဲမှာရှိတဲ့ အကျဉ်းသားတွေ ဖိနှိပ်ခံရတာ ပိုပြီး တိုးလာတယ်လို့ ကျွန်တော်တို့ကတော့ ပြည်သူတွေကို အသိပေးစကား ပြောချင်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည် ။

ထို့ပြင် မြင်းခြံ အကျဉ်းထောင်တွင် သောက်သုံးရေများတွင် ခဲဓာတ် ပါဝင်မှုများခြင်း၊ချိုးရေမလုံလောက်ခြင်းများကြောင့် အကျဉ်းသား၊ အကျဉ်းသူအားလုံး ဝမ်းရောဂါနှင့် ပွေးဝဲရောဂါများလည်း ဖြစ်လျက်ရှိကြောင်း ၊ ထောင်ဝန်ထမ်းအရာရှိအမျိုးသမီးများက နိုင်ငံရေးအကျဉ်းသူများနှင့် အခြားရာဇဝတ်အကျဉ်းသူများကြား သွေးခွဲခြင်း၊ရန်တိုက်ပေးခြင်းများကို ပြုလုပ်နေပြီး အဆိုပါ ဝန်ထမ်းအမျိုးသမီးများကိုယ်တိုင်ပင် အကျဉ်းသူများကို တုတ်ကိုင်၍ ရိုက်နှက်မည်ဟု အမြဲတစေခြိမ်းခြောက်လျက်ရှိကြောင်း၊ မြင်းခြံအကျဥ်း‌ထောင်တွင်း အပတ်စဉ် လုံခြုံရေးအကြောင်းပြ၍ အမျိုးသားဆောင်နှင့် အမျိုးသမီး‌ အဆောင်များအား မကြာခန ရှာဖွေရေးများဝင်လျက်ရှိကြောင်း အကျဥ်းထောင်တွင်းမှ သိရှိရပါသည်။

ထို့ပြင် လက်ရှိမြင်းခြံအကျဉ်းထောင်တွင် အကျဉ်းထောင်တွင်းကျွေးမွေးမှုများ ညံ့ဖျင်းလွန်းသဖြင့် မတန်တဆဈေးများဖြင့် ရောင်းချနေသည့် ထောင်တွင်းဈေးဘားကပင် အကျဉ်းသူ၊ အကျဉ်းသားများက ဝယ်ယူစားသောက်နေကြရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article