28 C
Yangon

ပေါက်ခေါင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး၊ မုံရွာမြို့နယ်၊ တောပုပျူစောထီးရွာမှ စစ်ကောင်စီ တပ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ပေါက်ခေါင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး၊ မုံရွာမြို့နယ်၊ တောပုပျူစောထီးရွာမှ စစ်ကောင်စီ တပ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ မတ် ၂

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁ PPDF) တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် ပေါက်ခေါင်းမြို့နယ်၊ အောင်သပြေရွာတွင် အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့ဝင်များမှ ဝင်ရောက်တပ်ဆွဲနေချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် အောင်သပြေရွာ အနောက်မြောက်ဘက်ကြောတန်း ဝါးရုံတောအတွင်း ဆုတ်ခွာ ထွက်ပြေးသွားပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေး တပ်ဖွဲ့များ ဆက်လက် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည် တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁ PPDF) တပ်ရင်း တပ်ရင်းစစ်ကြောင်း၊ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော် (၃၆၀၂ PDF) တပ်ရင်း တပ်ခွဲ(၃)၊ ရွှေတောင်-ပေါက်ခေါင်း (ပကဖ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ ပြည်သူ့နေအိမ်များ၊ တဲတိုက်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်းများကို ပြုလုပ်နေပါသောကြောင့် ပြည်သူများ အနေဖြင့် အတွေ့မခံဘဲ ရှောင်ရှား သွားလာ နေထိုင်ကြပါရန် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁ PPDF) တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုပျူစောထီးရွာမှ စစ်ကောင်စီ တပ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း People’s Defence Force – South Monywa-V4 အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် တောပုပျူစောထီးရွာမှ စစ်ကောင်စီ တပ်သားများနှင့် ညောင်ဖြူပင်စခန်းရှိ စစ်ကောင်စီ တပ်သားများ အချိန်အပြောင်း ပြုလုပ်ပြီး တောပုပျူစောထီးရွာရှိ လပြည့်နေ့ ဘုရားပွဲကို လာရောက်သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများရှိရာ ကျောင်းဝင်းအတွင်းကို ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ရာမှ ကျောင်းအတွင်းကို ကျရောက် ပေါက်ကွဲမှုကြောင့် ကျောင်းအတွင်း တချို့နေရာများ မီးလောင်ပျက်စီးခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

တောပုရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း တော်လှန်ရေး တပ်ဖွဲ့များရှိရာ နေရာများကို လက်နက်ကြီးများဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို People’s Defence Force – South Monywa တပ်ခွဲ (၁) ၊ မုံရွာခရိုင်တပ်ရင်း (၁၁)၊ တပ်ခွဲ (၃) Royal Alliance(တော်ဝင်မဟာမိတ်တပ်ဖွဲ)၊ မုံရွာခရိုင်တပ်ရင်း(၂၅)၊ တပ်ခွဲ(၃)သံမဏိ Force – MPDF၊ မုံရွာခရိုင်တပ်ရင်း(၅)၊ မုံရွာခရိုင်တပ်ရင်း(၇)ဗျူဟာတပ်ပေါင်းစု၊ မုံရွာခရိုင်တပ်ရင်း(၂၃)၊ မုံရွာခရိုင်တပ်ရင်း(၂၇)၊ မုံရွာခရိုင်တပ်ရင်း(၂၈)၊ MRDAဗိုလ်နဂါးတပ်ဖွဲ့၊

မျိုးဆက်သစ် BDFS (ဆလက) Local PDFတပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article