30 C
Yangon

အကြမ်းဖက် စစ်ကောင်စီက မွတ်စလင်များကို စစ်မှုထမ်းခေါ်ယူနေခြင်းမှာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်ပြီး နိုင်ငံတကာက ကြို တင်ဟန့်တားပေးရန် လိုအပ်နေဟု AA က သတိပေး

Must read

အကြမ်းဖက် စစ်ကောင်စီက မွတ်စလင်များကို စစ်မှုထမ်းခေါ်ယူနေခြင်းမှာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်ပြီး နိုင်ငံတကာက ကြို တင်ဟန့်တားပေးရန် လိုအပ်နေဟု AA က သတိပေး

ရန်ကုန်| မတ် ၃

ရခိုင်ပြည်အတွင်းတွင် ငြိမ်းချမ်းစွာနေထိုင်နေသော မွတ်စလင်လူမျိုးများကို အာဏာသိမ်းစစ်ကောင်စီက စစ်မှု ထမ်းရန် ခေါ်ယူနေခြင်းမှာ အသိုင်းအဝိုင်းနှစ်ခုကြား အတူယှဉ်တွဲနေထိုင်ရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်သည်ဟု ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ပြောသည်။

ရခိုင်ပြည်အတွင်း စစ်ရှုံးနေသော စစ်ကောင်စီအနေဖြင့် အသိုင်းအဝိုင်းနှစ်ခုကြား ပြဿနာများ ပိုမိုကြီးထွားစေရန် မွတ်စလင်များကို စစ်မှုထမ်းခေါ်ယူနေခြင်းနှင့်ပတ်သက်၍ AA မှ ယမန်နေ့ မတ်လ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အာဏာသိမ်း စစ်ကောင်စီသည် စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းကြုံတွေ့ရတိုင်း ရခိုင်ပြည်အတွင်းရှိ ရခိုင်လူမျိုးများနှင့် မွတ်စလင်အသိုင်းအဝိုင်းတို့ကြား လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ပဋိပက္ခများဖြစ်ပွားစေရန် ဖန်တီးကြိုးပမ်းလေ့ရှိသည်ဟု AA က ပြောသည်။

AA အနေဖြင့် အုပ်ချုပ်ရေးယန္တရားများ ထူထောင်စဉ်ကတည်းက မတူညီသော အသိုင်းအဝိုင်း အသီးသီးကြား လူမှုသဟဇာတနှင့် အတူယှဉ်တွဲနေထိုင်ရေးကို နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းအားထုတ်ခဲ့သောကြောင့် လက်ရှိတွင် အပြုသဘောဆောင်သော ရလဒ်များကို ရရှိနေသော အချိန်ဖြစ်ကြောင်း၊ သို့သော်လည်း စစ်ကောင်စီသည် AA ၏ လက်နှင့်ရေးသမျှကို ခြေနှင့်ဖျက်ရန် ကြိုးပမ်းနေပြီး စစ်မှုထမ်းဥပဒေကို ခုတုံးလုပ်ကာ မွတ်စလင်များအား စစ်မှုထမ်းခိုင်းနေခြင်းသည် သာမန်ပြည်သူလူထုကို စစ်မြေပြင် (သေတွင်း) သို့ တွန်းပို့နေရုံသာမက ရခိုင်ပြည်အနာဂတ် တည်ငြိမ်အေးချမ်းရေး၊ ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ရိုက်ချိုးဖျက်ဆီးရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု AA က ထုတ်ပြန်ထားသည်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်ရှိ မွတ်စလင်များကို မြန်မာစစ်တပ် (စစ်ကောင်စီ) သည် အစုလိုက်အပြုံသတ်ဖြတ်ခဲ့သည့်အပြင် သန်းချီသော မွတ်စလင်များကိုလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးစေခဲ့ကြောင်း၊ စစ်မှု ထမ်းရန် မွတ်စလင်များအား ခေါ်ယူနေခြင်းမှာလည်း စစ်ရာဇဝတ်မှု မြောက်သည့်အပြင် အစုံလိုက်အပြုံလိုက် သေဆုံးစေရန် တမင်ရည်ရွယ်ချက်ရှိရှိ စစ်မြေပြင် (သေတွင်း) သို့ တွန်းပို့နေခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ ကောက်ကျစ်ယုတ်မာသော လုပ်ရပ်သည် ရခိုင်နှင့်မွတ်စလင်တို့ကြား ကြီးမားရှည်ကြာသော ပဋိပက္ခကိုဖြစ်စေရုံသာမက မွတ်စလင်ဒုက္ခသည်များ၏ နေရပ်ပြန်ရေး မျှော်လင့်ချက်မှာ ပို၍ဝေးကွားစေမည်ဟု AA က ဆိုသည်။

ထိုကြောင့် အာဆီယံနိုင်ငံများ၊ အိမ်နီးနားချင်းနိုင်ငံများ၊ ဥရောပသမဂ္ဂ အပါ အဝင် နိုင်ငံတကာအသိုင်းအဝိုင်းများအနေဖြင့် အာဏာသိမ်း စစ်ကောင်စီ၏ လုပ်ရပ်ကို အထူးစောင့်ကြည့်ပြီး ကြိုတင်ဟန့်တားပေးကြရန် ရက္ခိုင့်တပ်တော် AA က တိုက်တွန်းတောင်းဆိုလိုက်သည်။

ဓာတ်ပုံ- မွတ်စလင်ဒုက္ခသည်စခန်းမှ ပြည်သူတချို့ကို စစ်မှုထမ်းခိုင်းရန် စစ်တပ်က ဝင်ရောက် ဖမ်းဆီးခဲ့စဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article