25 C
Yangon

ထိုင်းလွှတ်တော်တွင် NUG နိုင်ငံခြားရေးဝန်ကြီး၊ KNU နှင့် NUCC တို့ ပါဝင်တက်ရောက်နေသည့် မြန်မာ့အရေးဆွေးနွေးပွဲကို စစ်ကောင်စီက လျှို့ဝှက် ကန့်ကွက်စာပေးပို့သော်လည်း ဆက်လက်ကျင်းပနေ

Must read

ထိုင်းလွှတ်တော်တွင် NUG နိုင်ငံခြားရေးဝန်ကြီး၊ KNU နှင့် NUCC တို့ ပါဝင်တက်ရောက်နေသည့် မြန်မာ့အရေးဆွေးနွေးပွဲကို စစ်ကောင်စီက လျှို့ဝှက် ကန့်ကွက်စာပေးပို့သော်လည်း ဆက်လက်ကျင်းပနေ

ရန်ကုန်၊ မတ် ၃

ထိုင်းလွှတ်တော်တွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကိုယ်စားလှယ်များ ၊ KNU နှင့် NUCC တို့ပါဝင်တက်ရောက်နေသည့် မြန်မာ့အရေးဆွေးနွေးပွဲကို စစ်ကောင်စီက လျှို့ဝှက် ကန့်ကွက်စာပေးပို့သော်လည်း ယမန်နေ့မှစတင်၍ ကျင်းပနေကြောင်း ထိုင်းနိုင်ငံမှ လာသော သတင်းများအရ သိရှိရသည်။

မြန်မာစစ်ကောင်စီ၏ ကန့်ကွက်မှုများ ရှိနေသော်လည်း ထိုင်းလွှတ်တော်တွင် မြန်မာစစ်အာဏာရှင် ကို ဆန့်ကျင်သူများ အပါအဝင် မြန်မာနှင့်ထိုင်းလွှတ် တော် အမတ်များ တက်ရောက်နေသည့် မြန်မာ့နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲကို မတ်လ ၂ ရက်နေ့တွင် ဖွင့်လှစ်စတင်ခဲ့ကြောင်း သိရှိရသည်။

“ဒီနေ့ ဆွေးနွေးပွဲက သက်ဆိုင်သူအားလုံး အပြန်အလှန် ဆွေးနွေးဖို့ ပထမဆုံး ခြေလှမ်းပါပဲ။ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့မယ့် နိုင်ငံရေး အဖြေတစ်ခုအတွက် လမ်းခင်းပေးမှာ ဖြစ်ပါတယ်။” ဟုထိုင်းလွှတ်တော် အမတ် Rangsiman Rome က ပြောကြားသည်။

ထိုင်းလွှတ်တော်တွင် ကျင်းပသည့် မြန်မာ့အရေး ဆွေးနွေးပွဲတွင် NUG ဝန်ကြီးနှင့် သံအမတ်​ကြီး ဦးကျော်မိုးထွန်း၊ KNU တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် NUCC မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်နေသော်လည်း မြန်မာစစ်ကောင်စီဘက်မှ ကိုယ်စားလှယ်ပါဝင်ခြင်းမရှိပေ။

စစ်ကောင်စီက ထိုင်းလွှတ်တော်တွင် ကျင်းပသည့် မြန်မာ့အရေးဆွေးနွေးပွဲသည် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေရန် ဖန်တီးနေပြီး ယင်းဆွေးနွေးပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ကန့်ကွက်စာပေးပို့ထားသည်။ ထို့ပြင် နှစ်နိုင်ငံဆက်ဆံရေးကို အဟန့်အတားဖြစ်စေနိုင်သည့် မည်သည့်လှုပ်ရှားမှုကိုမှ မကျင်းပရန် ထိုင်းအစိုးရအနေဖြင့် လွှတ်တော်ကို ပြောကြားရန် စစ်ကောင်စီက တောင်းဆိုသည်။

ထိုင်း နိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က ထိုင်းလွှတ်တော်မှ မြန်မာ့အရေး ဆွေးနွေးပွဲတွင် မိန့်ခွန်းပြောရန် မူလက အစီအစဉ်ရှိသော် လည်း ဆွေးနွေးပွဲ ကျင်းပချိန်တွင် မိန့်ခွန်းပြောမည့် အစီအစဉ်ကို အကြောင်းပြချက် မပေးဘဲ ဖျက်သိမ်းခဲ့သည်။

ထိုင်းလွှတ်တော်တွင် ကျင်းပသည့် မြန်မာ့အရေး ဆွေးနွေးပွဲသည် မတ်လ ၂ ရက် နေ့မှ မတ်လ ၃ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် အမျိုး သားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့က ကိုယ်စားပြုသူများ ပါဝင်တက်ရောက်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီက ထိုင်းအစိုးရထံသို့ ပေးပို့သည့် လျှို့ဝှက် ကန့်ကွက်စာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article