37 C
Yangon

ရမ်းဗြဲမြို့ကို AA က ယနေ့ တိုက်ခိုက် သိမ်းပိုက်လိုက်ဟုဆို

Must read

ရမ်းဗြဲမြို့ကို AA က ယနေ့ တိုက်ခိုက် သိမ်းပိုက်လိုက်ဟုဆို

ရန်ကုန်၊ မတ် ၇

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ကို ရက္ခိုင့်တပ်တော် AA က ယနေ့ မတ်လ ၇ ရက်နေ့တွင် အပြတ်အသတ် သိမ်းပိုက်လိုက်ပြီကြောင်း ဒေသနေ ပြည်သူများက ပြောဆိုပြီး ရခိုင်ပြည်နယ် တောင်ပိုင်းဒေသတွင် AA က ပထမဆုံးအကြိမ် မြို့သိမ်း ပိုက်လိုက်ခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ရမ်းဗြဲမြို့ကို မည်သည့် အချိန်တွင် AA က သိမ်းပိုက်လိုက်ပြီး မည်သို့ သိမ်းပိုက်နိုင်ခဲ့သည်ကို ရခိုင်တပ်တော်က တရားဝင် ထုတ်ပြန် ပြောဆိုခြင်း မရှိပေ။

ဒေသနေ ပြည်သူများက ရမ်းဗြဲမြို့ကို AA က သိမ်းပိုက်လိုက်ပြီဟု အတည်ပြုပြောဆိုနေကြပြီး ရမ်းဗြဲသတင်းနှင့်နီးစပ်သူတစ်ဦးက ” ရမ်းဗြဲမြို့ကို AA က ဒီကနေ့ သိမ်းလိုက်တာ မှန်ပါတယ်။ အသေးစိတ်အချက်အလက်ကိုတော့ AA က တာဝန်ရှိသူတွေကို မေးရပါမယ်။ ကျနော်တို့လည်း ဆက်လက်စုံစမ်းနေဆဲပါ” ဟု ပြောဆိုသည်။

ရမ်းဗြဲမြို့ကို သိမ်းပိုက်နိုင်ရန် ရက္ခိုင့်တပ်တော် AA သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ ကတည်းက စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိနေပြီး လက်နက်ခဲယမ်းများနှင့်အတူ စစ်ကူလာသော စစ်ကောင်စီစစ်ကြောင်းများကို AA က ပိတ်ဆို့ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

ရမ်းဗြဲမြို့ သိမ်တောင်ပေါ်တွင် နောက်ဆုံးကျန်နေသော စစ်ကောင်စီတပ်ရင်းကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းပစ်ကူပေးခြင်း၊ ဇက်/နေဗီသင်္ဘောများမှ လက်နက်ကြီးများ ပစ်ကူပေးခြင်းအပြင် လေကြောင်းမှ လက်နက်ခဲယမ်းများနှင့် လူအင်အား၊ စားနပ်ရိက္ခာ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

ရက္ခိုင့်တပ်တော် AA မှ စစ်ကူလာသော စစ်ကောင်းများနှင့် လက်နက်ခဲယမ်း စားနပ်ရိက္ခာများကို ဝိုင်းဝန်းပိတ်ဆို့ကာ တိုက်ခိုက်သိမ်းပိုက်မှုများပြုလုပ်ပြီး နောက်ဆုံးကျန်နေသော သိမ်တောင်ပေါ်မှ စစ်ကောင်စီတပ်ရင်းကို အပြတ်တိုက်ခိုက်နိုင်ခဲ့၍ ရမ်းဗြဲမြို့အား သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသနေ ပြည်သူများက ပြောဆိုလျက်ရှိကြောင်း သိရှိရသည်။

ရမ်းဗြဲမြို့ အပါအဝင် ရခိုင်ဒေသအတွင်း AA အနေဖြင့် စစ်ကောင်စီထံမှ မြို့ ၉ မြို့ကို သိမ်းပိုက်ပြီလည်းဖြစ်သည်။ ဆက်လက်၍ ရခိုင်ပြည်မြောက်ပိုင်းဒေသက ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့များကို သိမ်းပိုက်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းနေသည်ဟု AA က ပြောဆိုထားသည်။

ရခိုင်ပြည်အတွင်းရှိ စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့များအနေဖြင့် လက်နက်ချအညံ့ခံကြရန်နှင့် အကယ်၍ လက်နက်ချ အညံ့မခံသော စစ်ကောင်စီတပ်ရင်းများအားလုံး တစ်ခုမကျန် ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု AA က သတိပေး ပြောဆိုထားသည်။

(Western News-WN သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article