38 C
Yangon

ရမ်းဗြဲမြို့ကို AA က လုံး၀ အပြီးသတ်သိမ်းယူလိုက်ပြီး AA က သိမ်းယူထားသော မြို့ ၈ မြို့ရှိလာ

Must read

ရမ်းဗြဲမြို့ကို AA က လုံး၀ အပြီးသတ်သိမ်းယူလိုက်ပြီး AA က သိမ်းယူထားသော မြို့ ၈ မြို့ရှိလာ

■ ရသေ့တောင်မြို့ကို ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်နေပြီး မောင်တောမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာဂဏန်းကျော် ဘင်္ဂလားဒေ့ရှ်ထဲသို့ ဝင်ပြေးနေ

ရန်ကုန်၊ မတ် ၁၂

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ကို AA က လုံး၀ အပြီးသတ်သိမ်းယူလိုက်ပြီး AA က သိမ်းယူထားသော မြို့ ၈ မြို့ရှိလာကြောင်း AA က တရားဝင် သတင်းထုတ်ပြန်သည်။

မတ်လ ၁၁ ရက်၊ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်တွင် ရမ်းဗြဲမြိုအတွင်း နောက်ဆုံးကျန်ရှိ နေသော စစ်ကောင်စီတပ်ဖွဲဝင်များအားလုံးကို တစ်ယောက်မကျန်ရှင်းလင်းနိုင်ခဲ့သောကြောင့် “ရမ်းဗြဲမြို့” သည် ရက္ခိုင့်တပ်တော်မှ လုံးဝအပြီးသတ်သိမ်းယူလိုက်သည့် မြိုတစ်မြို့ဖြစ်လာကြောင်း AA က ဆိုသည်။

လက်ရှိတွင် AA က ပလက်ဝမြို့နယ်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြေပုံမြို့ နယ်နှင့် ယခုနောက်ဆုံး ရမ်းဗြဲမြို့တို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ရာ AA က သိမ်းပိုက်ထားသော မြို့ ၈ မြို့ရှိလာပြီဖြစ်သည်။

ရမ်းဗြဲမြို့သည် ရမ်းဗြဲကျွန်း ပေါ်တွင်တည်ရှိသော မြိုတစ်မြိုဖြစ်ပြီး ပလက်ဝ၊ ရက္ခိုင်စစ်ဆင်ရေး စတင်ပြီးနောက် တစ်လကျော်အကြာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်၊ နံနက် ၈ နာရီ ၁၃ မိနစ်အချိန်တွင် ရမ်းဗြဲမြို့ကို စတင်တိုက်ခိုက်ခဲ့ကြောင်း၊ ၃ လတာနီးပါး ၈၅ ရက်ကြာ ရှည်လျားခဲ့သော မြို့တွင်းတိုက်ပွဲများလည်းဖြစ်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်မှု၊ လေကြောင်းမှ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုတိုကို နေ့တိုင်းနီးပါးပြုလုပ်ခဲ့သော်လည်း ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရမ်းဗြဲမြို့မှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရက္ခိုင့်တပ်တော်က လိုက်လံဖမ်းဆီးလျက်ရှိကြောင်း၊ စစ်ကောင်စီ သည် ကြည်း၊ ရေ၊ လေ ခုခံစစ်၊ ထိုးစစ်များကို ရမ်းဗြဲမြို့အတွင်းတွင် ဆင်နွှဲခဲ့သော်လည်း ရက္ခိုင့်တပ်တော်၏ ကြံ့ကြံ့ခံတိုက်ပွဲဝင်နိုင်မှု၊ အတက်၊ အဆုတ် မှန်ကန်မှု၊ ရရှိသမျှအခွင့်အရေးကို အမိအရအသုံးချနိုင်မှုတိုကြောင့် စစ်ကောင်စီ၏ ထိုးစစ်ကျိုးပေါက်ခဲ့ပြီး နောက်ဆုံးတွင် ရက္ခိုင့်တပ်တော်က အပြတ်အသတ်ချေမှုန်းသိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း သိရှိရသည်။

လတ်တလော ရမ်းဗြဲမြို့ခံပြည်သူများအနေဖြင့် မိမိတို့အိမ်များသို့ ချက်ချင်းဝင်ရောက်မှုကို စောလျင်စွာ မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ကြောင်း၊ ၃ လနီးပါးတိုက်ပွဲအပြင် စစ်ကောင်စီက ထောင်ထားသော စွန့်လွှတ်မိုင်း၊ နင်းမိုင်း၊ တိုက်မိုင်းအန္တရာယ်ကင်းစေရေးအတွက် မိုင်းရှင်းလင်းရေး အစီအစဉ်ကို ပြုလုပ်ရမည်ဖြစ်ကြောင်း AA က ဆိုသည်။

အလားတူ မတ်လ ၁၀ ရက်၊ ညနေ (၇) နာရီခန့်မှစပြီး စစ်ကောင်စီ၏ ရသေ့တောင်မြိုအခြေစိုက် တပ်ရင်းဌာနချုပ်များကို ရက္ခိုင့်တပ်တော်မှ တစ်ဆင့်မြှင့်ထိုးစစ်ကိုတိုးခိုက်နေကြောင်း၊ ယခင်ရက်များက ထိုးစစ်ပြုလုပ်နေသော နေရာအချို၌လည်း ပုံမှန်ထိုးစစ်များအား ဆက်လက်ပြုလုပ်နေ ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မောင်တောမြို့မြောက်ဘက်ရှိ အောင်သပြေ၊ နယ်ခြားစောင့်တပ်စခန်းမှ စခန်းစွန့်လာကြသော စစ်ကောင်စီ တပ်ဖွဲဝင်များနှင့် ရက္ခိုင့်တပ်တော်အကြား မတ်လ ၁၀ ရက်၊ ညနေ ၄ နာရီကတည်းကပင် တိုက်ပွဲများ ဖြစ်ပွား နေခဲ့ပြီး မတ်လ ၁၁ ရက်နေ့တွင်လည်း မိမိတို့၏ ဖြတ်တောက်ဝိုင်းရံပိတ်ဆိုထားမှုများကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့ကြောင်း သိရှိရသည်။

ရက္ခိုင့်တပ်တော်၏ လိုက်လံချေမှုန်းတိုက်ခိုက်မှုကြောင့် စခန်းစွန့်နယ်ခြားစောင့်တပ်ဖွဲဝင်များသည် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို ခိုးဝင်ဖြတ်ကျော် ထွက်ပြေးသွားခဲ့ကြောင်း၊ ယခုအချိန်အထိ ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးလွတ်မြောက်နေသူ နယ်ခြားစောင့် စစ်ကောင်စီတပ်ဖွဲဝင် ရာကျော်အထိ ရှိနိုင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article