29 C
Yangon

ပုသိမ်မြို့ဝန်ထမ်းအိမ်ရာမှ ပင်စင်စားဝန်ထမ်းများ နိဗ္ဗာန်ရောက်ချင်ပါက နေရာ ဖယ်ပေးရန် အိုးအိမ်ဦးစီးဌာနဖိအားပေး

Must read

ပုသိမ်မြို့ဝန်ထမ်းအိမ်ရာမှ ပင်စင်စားဝန်ထမ်းများ နိဗ္ဗာန်ရောက်ချင်ပါက နေရာ ဖယ်ပေးရန် အိုးအိမ်ဦးစီးဌာနဖိအားပေး

■ ဝန်ထမ်းအိမ်ရာအဟောင်းများ နေရာတွင် စစ်ဗိုလ်ချုပ်များ၏ သားသမီး ကုမ္ပဏီများက အိမ်ရာအသစ် များဖော်ဆောင်မည်

ရန်ကုန်၊ မတ် ၁၄

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ဝန်ထမ်းအိမ်ရာရှိ ပင်စင်စားဝန်ထမ်းများအနေဖြင့် နိဗ္ဗာန်ရောက်လိုပါက အစိုးရအိမ်ရာများမှ ချက်ချင်း ဖယ်ပေးရန်၊ မဖယ်ပေးဘဲ ဆက်နေလျှင် ငရဲကျမည်ဖြစ် ကြောင်း ယနေ့ အစည်းအဝေးခေါ်၍ ပြောဆိုကြောင်း ရန်ကုန်ခေတ်သစ်က ရရှိထားသော အစည်း အဝေး ဗီဒီယိုတွင် အိုးအိမ်ဦးစီးဌာနက ပြောဆိုထားသည်။

မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အိုးအိမ်ဦးစီးဌာနက ပင်စင်စား ဝန်ထမ်းများကို အစည်းအဝေးခေါ်ယူခဲ့ပြီး ပင်စင်စား ဝန်ထမ်းများအနေဖြင့် အစိုးရနေအိမ်များမှ ဖယ်ရှားပေးရန် ၊ မဖယ်ရှားလျှင် အစိုးရ၏ နှင်ထုတ်ခြင်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို အဆင့် ဆင့်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းအိမ်ရာအဟောင်းများနေရာတွင် အိုးအိမ်တိုက်တာအသစ် များနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်မည်ဟု အိုးအိမ်ဦးစီးဌာနက ထုတ်ဖော်ပြောဆိုသည်။

ပင်စင်စားဝန်ထမ်းများသည် အစိုးရ ဝန်ထမ်း အိမ်ရာများတွင် ဆက်လက်နေထိုင်ခြင်းသည် ဥပဒေကို ကျော်လွန် နေထိုင်ခြင်းဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာဝင်များ ဖြစ်၍ ဥပဒေကျော်လွန် နေထိုင်သော လိမ်ညာမှု အကျိုးဆက်ကို နောင်ဘ၀ပါ ခံစားရမည်ဖြစ်ကြောင်း၊ နောက်ဘဝတွင် အိမ်မရှိဘဲ နေရမည်ဖြစ်ကြောင်း၊ နိဗ္ဗာန်ရောက်လိုပါက အစိုးရအိမ်ရာများမှ ချက်ချင်း ဖယ်ပေးရမည်ဖြစ်ကြောင်း အိုးအိမ် ဦးစီးဌာနက အစည်းအဝေးတွင် ပြောဆိုထားသည်။

“ပင်စင် ဝန်ထမ်း အဘိုးကြီး အဘွား ကြီးတွေကို ဝန်ထမ်းအိမ်ရာ နေအိမ်တွေကနေ ဖယ်မယ့် အစီအစဉ်ပါ ။ပုသိမ် မြို့ ဝန်ထမ်းအိမ်ရာကို ဖျက်ပြီး အိမ်ရာအသစ်တွေ ဆောက်မယ်။ စကစ ဝန်ကြီးနဲ့ ဗိုလ်ချုပ် သားသမီးတွေက အိမ်ရာဖွံ့ဖြိုးရေး စီမံကိန်းတွေ ဆောက်လုပ်ရောင်းချဖို့ စီစဉ်ထားလို့ ပင်စင်စားတွေကို အမျိုးမျိုး အကြောင်းပြ ဖယ်ရှားဖို့ လုပ်တာပါ”ဟု အဆိုပါ အိမ်ရာတွင် နေထိုင်သူ ပင်စင်စားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လွန်ခဲ့သော ဖေဖော်ဝါရီလတွင်လည်း စည်းကမ်းပျက် အခန်းများ ဖယ်ရှားသည် ဆိုကာ အိုးအိမ်ဦးစီးဌာနက ဆိုင်ခန်းဖွင့် စီးပွားရေး လုပ်သည့် အခန်းများကို အတင်းအဓမ္မ ဖယ်ရှားမှုများလည်း လုပ်ဆောင်ခဲ့သေးကြောင်း အိမ်ရာနေထိုင်သူများထံမှ သိရှိရသည်။

ဓာတ်ပုံ- ပုသိမ်မြို့ရှိ ဝန်ထမ်းအိမ်ရာအဟောင်းတစ်ခု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article