33 C
Yangon

ထီးလင်းမြို့နယ်၊ ရေမျက်နီ ရဲစခန်းကို ရိက္ခာဖြတ်တောက်၍ ပိတ်ဆို့ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၀ ဦး သေဆုံး

Must read

ထီးလင်းမြို့နယ်၊ ရေမျက်နီ ရဲစခန်းကို ရိက္ခာဖြတ်တောက်၍ ပိတ်ဆို့ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၀ ဦး သေဆုံး

■ ရိက္ခာများ မရောက်ရှိလျှင် အလံဖြူထောင်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလင်းဝင်မည်ဟုဆို

ရန်ကုန်၊ မတ် ၁၄

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်အတွင်းရှိ ရေမျက်နီရဲစခန်းကို ရိက္ခာဖြတ်တောက်၍ ပိတ်ဆို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း YRA ထီးလင်းတပ်ဖွဲ့မှ သခင်ဇော်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၁၃ ရက် ညနေ ၅ နာရီခန့်က ထီးလင်းမြို့နယ်၊ ရေမျက်နီရဲစခန်းအတွင်းမှ ကျေးရွာ အတွင်းသို့ ရိက္ခာရှာရန်ထွက်လာသော စစ်သား ၁၀ ဦးခန့်ကို တော်လှန်ရေး ရဲဘော်များက အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးခန့်သေဆုံးခဲ့ကြောင်း၊ ယင်းရဲစခန်းကို ၂၀၂၃ ခုနှစ်၊ ဒီ ဇင်ဘာလ ၁၈ ရက်နေ့မှ စတင်ကာ ယနေ့အထိ ရိက္ခာပို့လမ်းကြောင်းများဖြတ်တောက်ပိတ်ဆို့ထားကြောင်း သိရသည်။

“သူတို့က ရိက္ခာဖြတ်ခံထားရတော့ ဒီလိုပဲ တပ်စိပ်တစ်စိပ်လောက် ခိုးခိုးပြီးထွက်လာတတတ်တယ်၊ ကျေးရွာထဲက ကြက်တွေ၊ ဝက်တွေယူသွားတာရှိတယ်၊ ဟင်းသီးဟင်းရွက်တွေ ခူးသွားတာမျိုးရှိ တယ်၊ နောက်ပြီးတော့ ရေခပ်ဆင်းတာတွေရှိတယ်၊ မနေ့ကလည်း ဒီလိုဖြစ်စဉ်ပါပဲ၊ မနေ့ကတော့ ကျနာ်တို့အဖွဲ့နဲ့ ထိပ်တိုက်တွေ့တာပါဗျ၊” YRA ထီးလင်းတပ်ဖွဲ့မှ သခင် ဇော်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ ရေမျက်နီရဲစခန်းကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ တစ်ပတ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုများပြားကာ ဂန့်ဂေါ မြို့၊ ကျောမြို့ရှိ စစ်ကူစစ်ကြောင်းအများအပြား‌ရောက်ရှိလာခြင်း၊ လေကြောင်းပစ်ကူ အဆမတန် အသုံးပြုခံရခြင်းတို့ကြောင်း စခန်းသိမ်းပိုက်နိုင်ခြင်းမရှိပဲ ပြန်လည်ဆုတ်ခွာခဲ့ရသဖြင့် ရိက္ခာလမ်း ကြောင်းများ ဖြတ်တောက်ပိတ်ဆို့ထားခဲ့ကြောင်း YRA – ထီးလင်း တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

ထို့သို့ ရိက္ခာလမ်းကြောင်းများ ပိတ်ဆို့ဖြတ်တောက်ထားပြီးနောက် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ဂန့်ဂေါမြို့ ခလရ ၅၀ မှ ရေမျက်နီရဲစခန်းသို့ စစ်ကူရောက်ရှိ လာ သည့် တပ်ရင်းမှူး အေးမင်း၊ ၎င်း၏ PA ၊ ဆေးမှူး ၃ ဦးကို ပြောက်ကျားစနစ်ဖြင့် ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ကြောင်း၊ ထို့နောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ ၁၂ နာရီအချိန်တွင် ရေမျက်နီရဲစခန်း ထဲသို့ ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း၊ အလားတူ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက် ည ၇ နာရီအချိန်တွင် ရေမျက်နီရဲစခန်းမှ မြောက်ဘက်သို့ ရေခပ်ဆင်းလာသော အကြမ်းဖက်စစ်သား၊ ရဲ များကို လက်နက်ငယ်များဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မတ်လ ၂ ရက်နေ့ကလည်း ကျောမြို့အနီးရှိ ကပစ ၂၃ တပ်အတွင်းမှ ရေမျက်နီ ရဲစခန်းသို့ ရိက္ခာပို့ လာသော စစ်ကြောင်းကို လက်နက်ကြီးဖြင့် ဖြတ်တောက်တိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှုများ အ တွင်း စစ်ကောင်စီတပ်သား ၁၀ ဦးခန့်သေဆုံးသည်အထိ ပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို ဂန့်ဂေါခရိုင်တပ်ရင်း ၁၅ ၊ တပ်ရင်း ၁၆ ၊ တပ်ရင်း ၁၇ -YRA (ထီးလင်း)၏ ရဲဘော်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ရိက္ခာလမ်းကြောင်းဖြတ်တောက်ခံထားရမှုတို့ကြောင့် ရေမျက်နီရဲစခန်းအတွင်းရှိ အကြမ်းဖက် စစ်သား၊ ရဲများသည် စခန်းတစ်ခုလုံး အလံဖြူထောင် အလင်းဝင်တော့မည်ဟုဆိုကာ ၎င်းတို့အထက် တပ်ရင်းဖြစ်သည့် ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ထံသို့ သတင်ပေးပို့တိုင်ကြားသည်အထိ ဖြစ်ပေါ်လျက်ရှိ ကြောင်း YRA ထီးလင်းတပ်ဖွဲ့မှ သခင်ဇော်က ပြောဆိုသည်။

“ရိက္ခာဖြတ်တောက်ခံထားရတာလဲ ၂ လကျော်လောက်ကြပြီဆိုတော့ အတွင်းထဲကနေ သတင်း တစ်ခုရထားတယ်၊ ခလရ ၅၀ ကို သူတို့တင်ပြတယ်ပေါ့နော်၊ ရိက္ခာလာမပို့လို့ရှိရင် အလံဖြူထောင် ပြီးတော့ အလင်းဝင်တော့မယ်ဆိုပြီး သူတို့အထက်တပ်ကို သတင်းပို့အကြောင်းကြားတယ်လို့ သိရ ပါတယ်” YRA ထီးလင်းတပ်ဖွဲ့မှ သခင်ဇော်က ရှင်းပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article