25 C
Yangon

စစ်ကောင်စီက မြန်မာလူငယ်များကို အတင်းအကျပ် စစ်သားအဖြစ် စုဆောင်းမှု အဆုံးသတ်ရေး အရေးယူပေးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တင်ပြတောင်းဆို

Must read

စစ်တပ်က လူငယ်များကို ရှေ့တန်းတွင် လူသားဒိုင်းနှင့် ပေါ်တာအဖြစ် အသုံးပြုနိုင်ရန် စုဆောင်းနေခြင်းဖြစ်ပြီး အလွန်ကြီးမားသော အန္တရာယ်ကို မြန်မာ လူငယ်များ ရင်ဆိုင်နေရ

ရန်ကုန်၊ မတ် ၁၅

အကြမ်းဖက် စစ်ကောင်စီက မြန်မာလူငယ်များကို အတင်းအကျပ် စစ်သားအဖြစ် စုဆောင်းမှု အဆုံးသတ်ရေး နိုင်ငံတကာက အရေးယူပေးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂလုံခြုံရေး ကောင်စီ အစည်းအဝေးတွင် တင်ပြတောင်းဆိုလိုက်သည်။

မတ်လ ၁၃ ရက်နေ့၊ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် လုံခြုံရေးကောင်စီတွင် “ပဋိပက္ခ ကြိုတင်ကာကွယ်မှုမြှင့် တင်ရေး – အမျိုးသမီးနှင့် လူငယ်များအပါအဝင် လုပ်ဆောင်သူများအားလုံးကို လုပ်ပိုင်ခွင့်ပိုမိုပေးရေး” (“Promoting Conflict Prevention – Empowering All Actors Including Women and Youth”) ခေါင်းစဉ်ဖြင့် တံခါးဖွင့်အစည်းအဝေးအတွင်း ဦးကျော်မိုးထွန်းက အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်းဖြစ်သည်။

” စစ်အာဏာရှင်များက မြန်မာလူငယ်များအား အတင်းအကျပ် စစ်မှုထမ်းစေရန် ခိုင်းစေ လျက်ရှိပါကြောင်း၊ ယင်းမှာ နိုင်ငံအား ကာကွယ်ရန် မဟုတ်ဘဲ နိုင်ငံတလွှား ပေါ်ပေါက်လာသော တော်လှန်ရေး အင်အားစုများအား ရင်ဆိုင်ရာတွင် လူသားဒိုင်း အဖြစ်သော်လည်းကောင်း၊ ဝန်စည်စလွယ် သယ်ဆောင်ရန် ပေါ်တာအဖြစ် သော်လည်း ကောင်း အသုံးပြုနိုင်ရန်ဖြစ်ကြောင်း၊ ထိုသို့ အတင်းအကျပ် စစ်သားစုဆောင်းမှုအပြင် လက်ရှိဖြစ်ပေါ်နေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတို့ ကြောင့် စိုးရိမ်ရသော ဒေသတွင်း ပြဿနာများကို ဖန်တီးပေါ်ပေါက်လာစေမည် ဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်သူများအနေဖြင့် ယခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းမှစတင်၍ အတင်းအကျပ် စစ်သားစုဆောင်းမှု အဆုံးသတ်ရေး အတွက် နိုင်ငံတကာက အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် သံအမတ်ကြီးက တောင်းဆိုသည်။

လက်ရှိအချိန်တွင် အကြမ်းဖက်စစ်တပ်၏ ဥပဒေမဲ့စစ်သားစုဆောင်းရေးကြောင့် မြန်မာ လူငယ်များအနေဖြင့် အလွန်ကြီးမားသော အန္တရာယ်ကို ရင်ဆိုင်နေရကြောင်း၊ မြန်မာနိုင်ငံအား မည်သည့်ပြည်ပတိုင်းပြည်ကမျှ ကျူးကျော်နေခြင်း မရှိပါကြောင်း၊ မည်သည့် ပြည်ပအန္တာရာယ် တစ်ခုခုကမျှ မြန်မာပြည်သူလူထု၏ အသက်အန္တာရာယ်ကို ခြိမ်းခြောက်နေခြင်း မရှိပါကြောင်း၊ အကြမ်းဖက်စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့၏ လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုတို့ကသာ မြန်မာပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်တို့ကို မိနစ်တိုင်း၊ စက္ကန့်တိုင်းတွင် ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း သံအမတ်ကြီးက ထောက်ပြသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြည်သူများအသက်ကယ်တင်ရန် “ကုလသမဂ္ဂ ဘယ်ရောက်နေလဲ” ဟူ၍ပင် ကုလသမဂ္ဂအပေါ် မြန်မာပြည်သူများအနေဖြင့် မေးခွန်းထုတ်နေကြပြီဖြစ်ကြောင်း၊ တရားမ၀င်စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် မြန်မာနိုင်ငံ၌ အပြစ်မဲ့ပြည်သူ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရခြင်းအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တာဝန်ရှိနေသည့် အနေအထားအား မတွေ့မြင်လိုကြောင်း၊ ယင်းအစား မြန်မာပြည်သူများ၏ အသက်များအား ကယ်တင်နိုင်ရန် ထိရောက်သော အရေးယူမှုများ ချမှတ်ဆောင်ရွက်ပေးရန် သံအမတ်ကြီးက တင်ပြ တောင်းဆိုခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article