27 C
Yangon

ထိုင်းနိုင်ငံတွင် စျေးဆိုင်ဖွင့်လှစ်ခြင်း၊ အွန်လိုင်းပေါ်မှ စျေးရောင်းချမှုများ လုပ်ဆောင်သည့် မြန်မာများကို ထိုင်းအာဏာပိုင်များက ဆက်တိုက် ဖမ်းဆီးနေ

Must read

ထိုင်းနိုင်ငံတွင် စျေးဆိုင်ဖွင့်လှစ်ခြင်း၊ အွန်လိုင်းပေါ်မှ စျေးရောင်းချမှုများ လုပ်ဆောင်သည့် မြန်မာများကို ထိုင်းအာဏာပိုင်များက ဆက်တိုက် ဖမ်းဆီးနေ

ရန်ကုန်၊ မတ် ၁၆

ထိုင်းနိုင်ငံတွင် စျေးဆိုင်ဖွင့်လှစ်ခြင်း၊ အွန်လိုင်းပေါ်မှ စျေးရောင်းချမှုများ လုပ်ဆောင်သည့် မြန်မာများကို ထိုင်းအာဏာပိုင်များက ဆက်တိုက် ဖမ်းဆီးနေကြောင်း ထိုင်းနိုင်ငံမှ လာသော သတင်းများတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်၊ ကထုံ့မ်ဘဲင်မြို့နယ်၊ အောင့်နွဲ့ကျေးရွာရှိ တန်းလျားတစ်ခုတွင် နေထိုင်သည့် အွန်လိုင်းဈေးသည် မြန်မာဇနီးမောင်နှံ နှစ်ဦးကို ပြီးခဲ့သည့် မတ်လ ၁၀ ရက်က စမွတ်ဆာခွန် ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခဲ့ကြောင်း ထိုင်းသတင်းဌာနများက ရေးသားဖော်ပြချက်များအရ သိရသည်။

အဆိုပါ ဇနီးမောင်နှံ နှစ်ဦးသည်၊ လူမှုကွန်ယက် Facebook၊ TikToK တို့တွင် မော်တော်ကားနှင့် မော်တော် ဆိုင်ကယ်များအား Live လွှင့်၍ ရောင်းချနေသည်ကို ထိုင်းနိုင်ငံသားများက တိုင်တန်း၍ စစ်ဆေးရာမှ နိုင်ငံခြားသား အလုပ်သမားများ စီမံခန့်ခွဲမှုဆိုင်ရာ ပုဒ်မ ၈ အရ ဖမ်းဆီး အရေးယူခဲ့ကြောင်း ရေးသားထားသည်။

ထို့အတူ ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ ကထုန့်ဘင်မြို့နယ်၊ ခယ်လိုင်ကျေးရွာရှိ ဈေးတစ်ခုတွင်လည်း မတ်လ ၁၃ ရက်နေ့က ထမင်းဟင်း၊ မုန့်၊ အသီးအရွက်နှင့် သစ်သီးဝလံ၊ ကုန်ခြောက် စသည့် ပစ္စည်းများကို ဆိုင်ခန်းငှားပြီး တစ်ပိုင်တစ်နိုင် ရောင်းချနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၃၆ ဦးကိုလည်း ဒေသခံ ထိုင်းလူမျိုးများက မကျေနပ်၍ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့မှုကြောင့် ထိုင်းအာဏာပိုင်အဖွဲ့က ထပ်မံဖမ်းဆီး အရေးယူခဲ့ကြောင်း ထိုင်းသတင်းများအရ သိရသည်။

ထိုင်းနိုင်ငံ၌ မြန်မာအများစုရှိသည့် မဲဆောက်နှင့် ဘန်ကောက်မြို့အပါဝင် မြို့နယ်အချို့တွင် ကိုယ်ပိုင် အစားသောက်များ၊ ကုန်ပစ္စည်းများ၊ အလှကုန်များနှင့် ဇိမ်ခံပစ္စည်းများကို ရောင်းနေမှုများ ရှိနေသာ်လည်း ထိုင်းနိုင်ငံ၏ နိုင်ငံခြားအလုပ်သမားများကို လုပ်ကိုင်ခွင့်မပြုသည့် လုပ်ငန်း အမျိုးအစား (၄၀) ရှိပြီး ယင်းကန့်သတ်ထားသော လုပ်ငန်းများကို ရောင်း/ဝယ် ပြုလုပ်ပါက ထိုင်းနိုင်ငံ၏ ဥပဒေအရ အရေးယူဖမ်းဆီးခံရနိုင်ကြောင်း ဆိုထားသည်။

ထိုင်းနိုင်ငံတွင် နိုင်ငံခြားအလုပ်သမားများကို လုပ်ကိုင်ခွင့်မပြုသည့် လုပ်ငန်းအမျိုးအစား (၄၀) ကို လုပ်ကိုင်နေစဉ် တာဝန်ရှိသူများ၏ ဖမ်းဆီးခြင်းခံရပါက ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ဘတ် ၅၀၀၀၀ အထိ ပေးဆောင်ရမည့်အပြင် ပြည်နှင်ဒဏ်ကိုပါ ပေးခံရနိုင်ကြောင်း ထိုင်းဥပဒေက ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

အလားတူ ကန့်သတ်ထားသော လုပ်ငန်းအမျိုးအစားများအနက် ထိုင်းလူမျိုးအမည်ခံ မြန်မာနိုင်ငံသားများမှ ဦးဆောင်လုပ်ကိုင်ရန် ငှားရမ်းလုပ်ငန်းများကိုလည်း ဖမ်းဆီးခံရပါက ဒဏ်ငွေ ဘတ် ၁၀၀၀၀ မှ ၁၀၀၀၀၀ အထိ ပေးဆောင်ရမည့်အပြင် ယင်းပြစ်မှုကို နှစ်ခုပေါင်း ကျူးလွန်ပါက ဒဏ်ငွေ ဘတ် ၅၀၀၀၀ မှ ဘတ် ၂၀၀၀၀၀ နှင့်၊ (၁) နှစ်ထက် မပိုသော ထောင် ဒဏ်ကိုပါ ကျခံရနိုင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article