25 C
Yangon

မြောက်ဦးမြို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရ

Must read

မြောက်ဦးမြို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ မတ် ၁၇

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံးသွားပြီး ပြည်သူ ၁၁ ဦး ထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရသည်။

မတ်လ ၁၇ ရက်နေ့ နံနက် ၆ နာရီခန့်အချိန်တွင် အကြမ်းဖက် စစ်တပ်က မြောက်ဦးမြို့ တောင်ရပ်ရပ်ကွက်နှင့် ကုန်သည်တန်းရပ်ကွက်ကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ် အများအပြားလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ဂျက်တိုက်လေယာဉ်၊ Y 12 ထောက်ပို့ လေယာဉ်အပြင် လက်နက်ကြီးများနှင့်ပါ လူမဆန်စွာ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲချမှုကြောင့် သေဆုံးသွားသူ အမျိုးသမီးသည် မြောက်ဦးမြို့၊ ကြက်လျှာကျွန်းရပ်ကွက်မှ အသက် ၃၇ နှစ်အရွယ် ဒေါ်ဘုဘု ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ထိခိုက် ဒဏ်ရာရရှိသော ပြည်သူများမှာ ရွှီတောင်ရပ်ကွက်မှ မောင်မင်းသန်းဌေး၊ မောင်ဝင်းထွန်းလှိုင်၊ ဦးကျော်ဆန်း၊ ဦးမောင်အေးသန်း၊ ဦးသိန်းထွန်းရွှီ၊ တောင်ရပ်ရပ်ကွက်က ဦးအေးထွန်းလှိုင် ၊ ဒေါ်သျှင်ထွေးမေ ၊ ဦးကျော်စော ၊ ကျောက်ရာဇ်ကေရပ်ကွက်က မမိုးသူ၊ မထက်ထက်နိုင် နှင့် ကုန်သည်တန်းရပ်ကွက်က ကိုကျော်ဝင်းနိုင် တို့ ဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားချက်ကို Arakan Princess Media တွင် ဖော်ပြထားသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်သည် နံနက် ၈ နာရီခန့်အထိ လက်နက်ကြီးများနှင့် ပစ်ခတ်ခြင်းများလည့း လုပ်ဆောင်ခဲ့ပြီး စစ်တွေမြို့အနီးရှိ စစ်ရေယာဉ်များပေါ်ကလည်း လက်နက်ကြီး များနှင့် လှမ်း၍ ပစ်ခတ်ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

အဆိုပါ အကြမ်းဖက်စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီးများသည် မြောက်ဦးမြို့ တောင်ရပ်ရပ်ကွက်၊ ရွှီတောင်ရပ်ကွက်၊ ကျောက်ရာစ်ကေရပ်ကွက်၊ ကုန်သည်တန်းရပ်ကွက်နှင့် မြို့ပေါ် နေရာအနှံ့ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်သည် မတ်လ ၁၅ ရက်နေ့နှင့် ၁၆ ရက်များတွင်လည်း မြောက်ဦးမြို့ကို ဗုံးကျဲချခြင်းများ လုပ်ဆောင်ခဲ့ပြီး ၁၅ ရက်နေ့တွင် ရွာဟောင်းတောကျေးရွာမှ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ မတ်လ ၁၆ ရက်နေ့ ပုရိန်ကျေးရွာမှ အသက် ၁၃ နှစ်အရွယ် မောင်နုရ်ဟာန်နော်ဒိန် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

(Western News သည် ရန်ကုန်ခေတ်သစ် မီဒီယာ၏ မိတ်ဖက် ဖြစ်သည်)

photo credit – Arakan Princess Media

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article