25 C
Yangon

ရေဦးမြို့ပေါ်ရှိ ထွေအုပ်ရုံးတွင် စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်ရန် အစည်းအဝေးပြုလုပ်နေသော စစ်သားနှင့် အုပ်ချုပ်ရေးမှူးများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး

Must read

ရေဦးမြို့ပေါ်ရှိ ထွေအုပ်ရုံးတွင် စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်ရန် အစည်းအဝေးပြုလုပ်နေသော စစ်သားနှင့် အုပ်ချုပ်ရေးမှူးများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁၇

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ရှိ အထွေအထွေ အုပ်ချုပ်ရေးမှူးရုံးတွင် အစည်းအဝေး ပြုလုပ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ရေဦး PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ရေဦးမြို့ အထွေအထွေ အုပ်ချုပ်ရေးမှူးရုံးတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ အစည်းအဝေးပြုလုပ်နေစဉ် ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF က Fixed Wings Drone ၂ စီးဖြင့် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်ဒဏ်ရာရရှိမှု များပြားကြောင်း သိရသည်။

အလားတူ မတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၃၅ မိနစ်ခန့်တွင်ကလည်း ရေဦးမြို့ အထွေအထွေ အုပ်ချုပ်ရေးမှူးရုံး၊ ရွှေနဒီဦး ခန်းမ တွင် အစည်းအဝေးပြုလုပ်နေသော စစ်ကောင်စီ တပ်သားများကို ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ရေဦး PDF က Fixed Wings Drone ၃ စီးဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ၃ ဦးလုံး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ဒရုန်း ဗုံးသီး ၄ လုံးချခဲ့တာက ပစ်မှတ် တော်တော်လေး ထိတဲ့အတွက် လက်ရှိချိန်ထိ အဲလမ်းကို ပိတ်ပြီးတော့ ဘယ်ပြည်သူမှ အဝင်မခံဘူးပေါ့။ အဝင်မခံဘဲနဲ့ လက်နက်ငယ်တွေ အရမ်းပစ်ပြီးတော့ အစစ်အဆေးကြမ်းနေတယ်လို့ ကြားတယ်။ စစ်ခွေးတွေ အထိအခိုက် တော်တော်လေးကို များနိုင်တယ်။ ကျွန်တော် ရတဲ့ သတင်းက ရေဦးမှာရှိတဲ့ တပ်မဟာမှူး ဖြိုးဝင်ထက် ဦးစီးပြီးတော့ ပြုလုပ်တဲ့ အစည်းအဝေးပါ။ အဲအစည်းအဝေးကို ဒရုန်းနဲ့ ဗုံးသီး ၄ လုံး ၂ ခေါက်ပြန်ချတာပေါ့။ ၁၅ ရက်နေ့က ဒရုန်းနဲ့ ချခဲ့တဲ့ဟာက ဒီနေ့ မနက်ပိုင်းမှာ စစ်အုပ်စုရော ပျူရောပေါ့။ ၃ ဦး ဆေးရုံမှာ ထပ်ပြီးသေတယ်လို့ သိရတယ်။ စစ်ကောင်စီဘက်က စစ်မှုထမ်း ဥပဒေနဲ့ ပတ်သက်ပြီးတော့ အုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြီး ရပ်ကွက်ထဲက လူငယ်လူရွယ်တွေကို ခေါ်ယူ ညှိနှိုင်းတဲ့ အစည်းအဝေး အဲတာကို အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီ တပ်သားတွေရှိတုန်း အချိန်ကို ဒရုန်းနဲ့ တိုက်ခိုက်တာပေါ့။ အစည်းအဝေးလည်း ပျက်သွားတယ်” ဟု ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ရေဦး PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ရေဦး PDF သည် ရေဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ဒရုန်း စစ်ဆင်ရေးများဖြင့် ဆက်တိုက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ မြို့ပေါ်နေ လူငယ်များအနေဖြင့် အကြမ်းဖက် စစ်ကောင်စီက မတရားသဖြင့် စစ်မှုထမ်းခိုင်းခြင်းကို ဆန့်ကျင်၍ လွတ်မြောက်နယ်မြေများကို အမြန်ဆုံး သွားရောက်ပြီး ပြည်သူ ကာကွယ်ရေး တပ်မတော်နှင့် တခြား ကဏ္ဍအသီးသီးတွင် တော်လှန်ရေးကို ပူးပေါင်း ပါဝင်ပေးကြရန် မေတ္တာရပ်ခံကြောင်း ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ရေဦး PDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article