25 C
Yangon

ဟန်ချက်မညီခဲ့သော မြို့ပြစစ်ဆင်ရေးများ ကျရှုံးခဲ့မှုရဲ့ ရလဒ် (သို့မဟုတ်) စစ်မှုထမ်းဥပဒေကို အသုံးပြုပြီး ဂျိုကြွလာနေသော စစ်ကောင်စီ အုပ်ချုပ်ရေးမှူးများ

Must read

By လမ်းသစ်

“ခင်ဗျား သားနှစ်ယောက် နာမည်စာရင်းထဲမှာ ပါနေတယ်နော်”
အသိမိတ်ဆွေထဲက အရွယ်ရောက်ပြီး သားနှစ်ယောက်ရဲ့ဖခင်နဲ့ သူတို့ရပ်ကွက်က အုပ်ချုပ်ရေးမှူးတို့ စကားပြောသံ တချို့ကို ကြားလိုက်ရတာပါ။။

စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ စာရင်းထဲမှာ ပါနေတယ်လို့ အုပ်ချုပ်ရေးမှုးက ဆိုလိုလိုက်တာလည်း ဖြစ်ပါတယ်။

“ဘယ်တတ်နိုင်မလဲ၊ ယောက်ျားလေးတွေပဲ၊ တုံးတိုက်တိုက် ကျားကိုက်ကိုက်ပေါ့၊ ပြီးရင် မဲနှိုက်ပြီး ပြန်ရွေးမှာပဲ” လို့ ဖခင်ဖြစ်သူက ပြန်ပြောလိုက်ပါတယ်။

ရင်ထဲမှာ သားတွေအတွက် စိုးရိမ်နေပေမယ့် အုပ်ချုပ်ရေးမှူးက ငွေညှစ်ဖို့ စကားလမ်းကြောင်းနေမှန်း သိတာကြောင့် ထိုသို့ ပြောလိုက်ခြင်း ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က အတင်းအကြပ် အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် ပြည်သူအားလုံး လှုပ်လှုပ်ခတ်ခတ် ဖြစ်နေကြချိန် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဟာ သူတို့ရဲ့ အာဏာကို အရင်ထက် ပိုသုံးပြီး ပြည်သူတွေဆီက ငွေညှစ်ယူဖို့ ကြိုးစားနေကြပါတယ်။

စစ်မှုမထမ်းမနေရ ဥပဒေအတွက် နာမည်စာရင်း ကောက်ခံမှုတွေကို အာဏာပိုင်တွေက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့လို မြို့ကြီးပြကြီးတွေမှာ ပိုမိုလုပ်ဆောင်လာနေပါတယ်။

စစ်မှုထမ်းဖို့ ဆင့်ခေါ်တဲ့ကာလ မရောက်သေးပေမယ့် အုပ်ချုပ်ရေးမှူးတွေက စာရင်းထဲပါဝင်နေသူတွေနဲ့ မိသားစုဝင်တွေကို နာမည်စာရင်းပေါက်နေတာကို ပြပြီး ခြိမ်းခြောက်မှုတွေ လုပ်နေကြတာပါ။

ဆင့်ခေါ်စာရောက်မလာသေးသည့်တိုင် စာရင်းပါနေတာကို ဖျောက်ပေးဖို့ ပြည်သူတွေဟာ စားဝတ်နေရေး အခက်အခဲတွေကြားက ရှိစုမဲ့စု ငွေလေးတွေနဲ့ လာဘ်ထိုးနေကြရပါတယ်။ အာဏာရှင် လက်ပါးစေ အုပ်ချုပ်ရေးမှူးတွေကတော့ ဂွင်ကောင်းကောင်း တွေ့နေတော့တာပါပဲ။

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်က ရွာတစ်ရွာမှာဆိုရင် အုပ်ချုပ်ရေးမှူးက စစ်မှုမထမ်းချင်ရင် ရွာသူရွာသားတွေ စုပေါင်းပြီး သိန်း ၆ဝ ပေးဖို့ တောင်းယူခဲ့ပြီးမှ ကတိမတည်ဘဲ လူငယ် ၃ယောက်ကို စစ်တပ်ထဲဝင်ဖို့ အတင်းအကြပ် နာမည်စာရင်းပေးလိုက်တယ်လို့ သိရပါတယ်။

မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာလည်း စစ်မှုထမ်းမယ့် လူငယ်တွေအတွက် အိမ်ထောင်စုတစ်စုဟာ တစ်လကို ကျပ် ၅ဝဝဝ လစဉ်ထောက်ပံ့ပေးဖို့ အုပ်ချုပ်ရေးမှူးတွေက ကောက်ခံနေပါတယ်။ နေပြည်တော်မှာလည်း စစ်မှုထမ်းရမယ့် လူငယ်တွေအတွက် ဝတ်စုံ၊ လစာနဲ့ ခံစားခွင့်တွေထောက်ပံ့ပေးဖို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ စစ်တပ် ပူးပေါင်းပြီး ငွေကြေးကောက်ခံမှုတွေ လုပ်နေပါတယ်။

ဒါ့အပြင် တချို့မြို့နယ်တွေမှာ စစ်မှုထမ်းရမယ့် စာရင်းထဲပါသွားပေမယ့် စစ်မှုမထမ်းချင်တဲ့ လူငယ်တွေအနေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို သိန်း ၅ဝ ပေးရင် လူစားထိုးပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်မျိုးတွေလည်း ရှိနေပါတယ်။ အဲ့ဒီပိုက်ဆံထဲက လူစားထိုးဝင်မယ့်လူက သိန်း ၃ဝ ယူပြီး အုပ်ချုပ်ရေးအဖွဲ့က သိန်း ၂ဝ ယူတယ်လို့ သိရပါတယ်။

အပတ်စဉ် (၁) ကို သင်္ကြန်ကာလ အကုန်လောက်မှာ စတင်ခေါ်ယူမယ်လို့ စစ်ကောင်စီက ကြေညာထားတဲ့အတွက် အများပြည်သူရဲ့ စိုးရိမ်ပူပန်မှုအပေါ် အခွင့်ကောင်းယူပြီး အာဏာပိုင်အဆင့်ဆင့်က ပွဲလန့်တုန်း ဖျာခင်း၊ ငွေရှာနေကြတာပါ။

စစ်မှုထမ်းဖို့ နာမည်စာရင်းပေါက်နေတဲ့အထဲမှာ တချို့က အသက် ၂၄ ကနေ ၃ဝ အတွင်း အရင်ခေါ်မယ်၊ တချို့က လူပျိုလူလွတ်တွေကို အရင်ခေါ်မယ် ဆိုပြီး ကောလဟလတွေ အမျိုးမျိုး ထွက်ပေါ်နေပါတယ်။

တကယ့်လက်တွေ့မှာတော့ ရာအိမ်မှူးတွေ၊ အုပ်ချုပ်ရေးမှူးတွေက နာမည်စာရင်းကို ကိုယ်ထည့်ချင်သလို ထည့်ပြီး တိုက်ရိုက်ဆင့်ခေါ်မှု၊ မဲနှိုက်ခိုင်းမှု စတဲ့ ပုံစံအမျိုးမျိုးနဲ့ မြို့နယ်အလိုက် စိတ်ကြိုက်လုပ်ဆောင်နေကြပါတယ်။

စာရင်းကောက်ယူမှု ပုံစံတွေ အမျိုးမျိုး ကွဲပြားနေတာဟာ ဒေသအလိုက် အာဏာပိုင်တွေက ဒီဥပဒေကို အသုံးချပြီး ဝင်ငွေရပေါက်ရလမ်းတွေ ဖန်တီးနေတယ်ဆိုတာ ထင်ရှားတယ်လို့ အကဲခတ်တချို့က သုံးသပ်ကြပါတယ်။

စစ်မှုထမ်းဖို့ အကျုံးဝင်သူဟာ နေအိမ်မှာရှိမနေဘဲ အကြောင်းပြချက် ခိုင်ခိုင်လုံလုံလည်း မပေးနိုင်ရင် တရားခံပြေးအဖြစ် သတ်မှတ်မယ်လို့လည်း စစ်ကောင်စီက ပြောထားပါတယ်။

စစ်မှုထမ်းဥပဒေ စတင်အသက်သွင်းလိုက်ချိန်တုန်းကထက် လက်ရှိမှာ လှုပ်လှုပ်ခတ်ခတ် ပိုဖြစ်လာတာကြောင့် ပြည်ပကို အလုံးအရင်းနဲ့ ထွက်ခွာမှုတွေ ပိုများလာပြီး ရန်ကုန်လေဆိပ်မှာလည်း မြန်မာပြည်ကို စွန့်ခွာကြမယ့်လူတွေ ပြည့်ကြပ်နေပါတယ်။

ပတ်စ်ပို့ အမြန်လုပ်ချင်ရင် ၂၅သိန်း ဝန်းကျင်အထိ ပေးရသည့်တိုင်အောင် ဘယ်လောက်ကုန်ကုန် မြန်မာပြည်ကနေ ထွက်ရဖို့ အရေးကြီးတယ်ဆိုသူတွေ ပိုများလာပါတယ်။

ကြားဖြတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဖို့ အကျုံးဝင်သူ အမျိုးသား ၆သန်း၊ အမျိုးသမီး ၇သန်း၊ စုစုပေါင်း ၁၃သန်းရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပြီး တစ်လကို လူ ၅ဝဝဝ နှုန်းနဲ့ တစ်နှစ်ကို လူ ၆သောင်းအထိ ခေါ်ယူဖို့ စီစဉ်ထားတာပါ။

စစ်မှုထမ်းတဲ့အခါ သာမန်တာဝန်ထမ်းဆောင်သူတွေဟာ လစာ ၄သိန်း ၇သောင်း ရမှာဖြစ်ပြီး စစ်ဆင်ရေး တာဝန်ယူရတဲ့အခါ အဲ့ထက်ပိုရမယ်လို့ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က ပြောထားပါတယ်။

စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး သဘောထားမေးမြန်းတာတွေ၊ စာရင်းပြုစုတဲ့ အဆင့်တွေပဲ လုပ်ဆောင်နေသေးတယ်လို့ ပြောပေမယ့် အောက်ခြေက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတော့ ထင်တိုင်းကြဲနေကြတာ တွေ့ရပါတယ်။

ဒီလိုထင်တိုင်းကြဲနိုင်အောင်လည်း ၄င်းတို့ရဲ့အထက်က အဆင့်ဆင့်သော မြို့နယ်၊ ခရိုင်အုပ်ချုပ်ရေးမှုးတွေက မြှောက်ပင့်ပေးနေတာဖြစ်ပြီး၊ ပြည်သူတွေကို လည်ပင်းညစ်ပြီး ရရှိလာတဲ့ ငွေကြေးတွေကို အဆိုပါ အဆင့်ဆင့်သော အုပ်ချုပ်ရေးမှုးတွေကလည်း ခွဲဝေယူနေခြင်း ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တချို့က ဒီဥပဒေကို ကန့်ကွက်ထားကြသလို ဥပဒေအကောင်အထည်ဖော်ပေးနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ထိထိရောက်ရောက် အရေးယူမယ်လို့ တော်လှန်ရေးအဖွဲ့တွေက ကြေညာထားပါတယ်။

အရင်က မြို့ပြတိုက်ပွဲတွေ အားကောင်းနေချိန်မှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေဟာ အသက်အန္တရာယ်ကို ကြောက်ရွံ့ပြီး လူရှေ့သူရှေ့ သိပ်မထွက်ရဲခဲ့ကြပါဘူး။

ဒါပေမယ့် မြို့ပြစစ်ဆင်ရေးကို ဦးဆောင်ခဲ့သူများရဲ့ ဦးဆောင်နိုင်မှု၊ အခြားသော တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာလိုအပ်မှုနဲ့ အမိန့်နာခံမှု များအပါအဝင် အားနည်းမှုများစွာနဲ့ မြို့ပြစစ်ဆင်ရေးများ ကျရှုံးခဲ့မှုနဲ့အတူ၊ စစ်ကောင်စီ အုပ်ချုပ်ရေးမှုတွေဟာလည်း တဖန်ပြန်လည်ခေါင်းထောင်လာခဲ့ပြီး၊ အခုတော့ စစ်မှုထမ်းဥပဒေကို ကိုင်ကာ အများပြည်သူကို ပေါ်ပေါ်ထင်ထင်ပဲ အထက်စီးကနေ အာဏာပြ ဖိနှိပ်ငွေညစ်နေကြခြင်းလည်း ဖြစ်ပါတယ်။

ဒီဥပဒေ စတင်လိုက်ကတည်းက ပြည်သူတွေအနေနဲ့ လွတ်မြောက်ဖို့ ကြိုးစားတဲ့နေရာမှာ အဂတိလိုက်စားမှုတွေ ရှိလာနိုင်တယ်ဆိုတာ အရင်ကတည်းက မျှော်လင့်ထားပြီးသား ဖြစ်ပေမယ့် တကယ်တမ်း အုပ်ချုပ်ရေးမှူးတွေရဲ့ ငွေညှစ်မှုတွေဟာ ထင်ထားတာထက် သောင်းကျန်းနေတာ တွေ့ရပါတယ်။

လက်ရှိ တော်လှန်ရေးမှာ နယ်မြေသိမ်းပိုက်မှု စစ်ပွဲတွေ၊ စခန်းသိမ်းတိုက်ပွဲတွေ အောင်မြင်နေတာ အားလုံးလည်း သိပြီးသား ဖြစ်ပါတယ်။

မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နိုင်မှု အားနည်းနေသေးပေမယ့် စစ်ရှိန်မြင့်တက်နေတဲ့ မြန်မာပြည်အလည်ပိုင်းနဲ့ အောက်ပိုင်းဒေသတချို့မှာလည်း စစ်တပ်အနေနဲ့ ၄င်းတို့ရဲ့ အခြေစိုက်ရာ နေရာ၊ ဌာနကလွဲလို့၊ အခြားနယ်မြေ စိုးမိုးနိုင်မှုအပိုင်းမှာ အတော့်ကို အားနည်းသွားပြီလည်း ဖြစ်ပါတယ်။

ဒါပေမယ့် မြို့ကြီးပြကြီးတွေနဲ့ ဆက်စပ်နယ်မြေတွေမှာတော့ စစ်ကောင်စီအနေနဲ့ နယ်မြေစိုးမိုးနိုင်မှု အားကောင်းနေဆဲဖြစ်သလို၊ လက်နက်နဲ့ အဂတိ ပေါင်းပြီး ရက်စက်တဲ့ နည်းပရိယာယ်တွေနဲ့ ဥပဒေကို လိုသလို အသုံးပြု အုပ်ချုပ်နေတာကြောင့်၊ အခုလို စစ်မှုမထမ်းမနေရ ဥပဒေကို အသုံးပြုပြီး ပြည်သူတွေအပေါ် ဥပဒေမဲ့ ရက်ရက်စက်စက် အနိုင်ကျင့်နေတဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးမှုးများအပေါ် ထိထိရောက်ရောက် တုန့်ပြန်နိုင်မယ့် မြို့ပြစစ်ဆင်ရေးတွေလည်း ပိုမိုလိုအပ်လာနေပြီ ဖြစ်ပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article