37 C
Yangon

မတ္တရာမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ကာ နေအိမ်နှင့် ဆိုင်ကယ် တချို့ကို မီးရှို့ဖျက်ဆီး၊ နေအိမ်များကို ထပ်မံ မီးရှို့မည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့

Must read

မတ္တရာမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ကာ နေအိမ်နှင့် ဆိုင်ကယ် တချို့ကို မီးရှို့ဖျက်ဆီး၊ နေအိမ်များကို ထပ်မံ မီးရှို့မည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့

ရန်ကုန်၊ မတ် ၂၉

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်ကာ နေအိမ်နှင့် ဆိုင်ကယ် တချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၉ ရက်နေ့ နံနက် ၆ နာရီခန့်တွင် မတ္တရာမြို့နယ်၊ ကျောက်စရစ်ကုန်းကျေးရွာ၊ မော်နီကုန်းကျေးရွာနှင့် ကြိုးကြာကန်ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျောက်စရစ်ကုန်းကျေးရွာမှ အသက် ၇၂ နှစ်အရွယ် ဦးပွနှင့် ကြိုးကြာကန်ကျေးရွာမှ အသက် ၅၃ နှစ်အရွယ် ကိုစိုးတင့် တို့ကို ဖမ်းဆီး ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

“ကျောက်စရစ်ကုန်း ကျေးရွာသား ဦးပွ ကို အကြမ်း စစ်ခွေးတွေက သူတို့ သိတာကို မေးမြန်းပြီး မသိဘူး ၃ ခွန်း ပြောရင် ပစ်သတ်မယ်လို့ပြောခဲ့ပါတယ်။ ဦးပွက သူမသိကြောင်း ပြောခဲ့လို့ ဦးပွနဲ့ အတူ ဖမ်းဆီးထား သူတွေကို ထွက်သွားဖို့ ပြောပြီး နောက်လှည့်မကြည့်ဖို့ ပြောဆိုပြီး ပြန်လွှတ်လိုက်ချိန်မှာ သေနတ်သံ ၃ ချက် သာ ကြားရ​တယ်လို့ ပြောတယ်။ စစ်သား ၁ ဦးက ဦးပွကို ပါဆယ်ထုတ်ပြီးပြီလို့ သတင်းပို့တာလည်း ကြားခဲ့ရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကျေးရွာအတွင်းက ထွက်ခွာသွားပြီးနောက် ဒေသပြည်သူများက ဦးပွ၏ ရုပ်အလောင်းကို သွားရောက် သယ်ဆောင်ရာတွင် ရင်ဘတ်နှင့် လည်ပင်း တို့၌ သေနတ်ဒဏ်ရာများ တွေ့ရှိခဲ့ပြီး ရုပ်အလောင်းကို နေ့တွင်းချင်း သဂြိုလ်လိုက်ကြောင်း သိရသည်။

အလားတူ ကြိုးကြာကန်ကျေးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်စဥ်၌ ကျေးရွာနေ ပြည်သူ ကိုစိုးတင့်ကို နေအိမ်မှ ဖမ်းဆီး ခေါ်ဆောင်သွားပြီး ရွာအနောက်ဘက်ရှိ သရက်ခြံ၌ ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း၊ ကိုစိုးတင့်၏ မိသားစုများက ရုပ်အလောင်းကို သွားရောက်ယူဆောင်စဉ် အကြမ်းဖက် စစ်ကောင်စီ တပ်သာများက ရုပ်အလောင်းကို ပြန်မပေးသောကြောင့် မည်သို့ သတ်ဖြတ်ထားသည်ကို မသိရသေးကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်း ကျေးရွာများအတွင်း ဝင်ရောက်စဥ် နေအိမ်နှင့် ဆိုင်ကယ် တချို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာများ အတွင်း ပြည်သူများ ဆက်လက် မနေထိုင်ရန်နှင့် နေအိမ်များကို ထပ်မံ လောရောက် မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့သောကြောင့် ကျေးရွာနေ ပြည်သူများ ထွပ်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article