29 C
Yangon

မြန်မာ့ရွှေစျေး ၄၅ သိန်းကျော်လာချိန် ရန်ကုန်ရွှေအသင်းက လေပတ်ကားနှင့် စျေးကစားသူများကို စစ်တပ်ထံ သတင်းပို့အရေးယူမည်ဟုဆို

Must read

မြန်မာ့ရွှေစျေး ၄၅ သိန်းကျော်လာချိန် ရန်ကုန်ရွှေအသင်းက လေပတ်ကားနှင့် စျေးကစားသူများကို စစ်တပ်ထံ သတင်းပို့အရေးယူမည်ဟုဆို

■ ရွှေကုန်သည်များကို စသုံးလုံးနှင့်စစ်တပ်က ခေါ်ယူစစ်ဆေးနေ

ရန်ကုန်၊ မတ် ၃၀

မြန်မာ့ရွှေစျေးသည် မီးလင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၄၅ သိန်းကျော်လာချိန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက လေပတ်ကားအရောင်းအဝယ်နှင့် စျေးကစားသူများကို စစ်တပ်ထံသို့ သတင်းပို့ အရေးယူမည်ဟု ထုတ်ပြန်ကြေညာသည်။

လက်ရှိ ယနေ့ ဖြစ်ပေါ်နေသော စျေးနှုန်းမှာ ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၈ သိန်း ကျော်သာရှိကြောင်း၊ စျေးနှုန်းကိုလည်း တစ်နေ့ ၃ ကြိမ် ထုတ်ပြန် လျက်ရှိကြောင်း၊ သို့ရာတွင် လက်ရှိ ဖြစ်ပေါ်နေသော ရွှေစျေးနှုန်းဖြစ်သည့် အခေါက်ရွှေတစ်ကျပ်သား ၄၅ သိန်းကျော်စျေးနှုန်းသည် စျေးကွက်အတွင်း အရောင်းအဝယ် မရှိသော စျေးနှုန်းဖြစ်ကြောင်း ၊ စျေးကစားမှုများသာ ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက ဆိုသည်။

ထို့ကြောင့် စျေးကစားသူများနှင့် လေပတ်ကာ အရောင်းအဝယ် လုပ်သည်ဟု သံသယရှိသူများကို တာဝန်ရှိ အဖွဲ့အစည်းများက ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း၊ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းအနေဖြင့် လည်း လေပတ်ကားနှင့် စျေးကစားသူများကို စစ်တပ်ထံသို့ သတင်းပေးပို့ တိုင်ကြားမည်ဖြစ်ကြောင်း ကြေညာထားသည်။

“ရွှေကုန်သည်တွေကို စသုံးလုံးက ခေါ်စစ်နေတာရှိတယ်။ ဘယ်သူတွေလဲဆိုတာတော့ ကျနော်နာမည်တော့ မပြောချင်ဘူး။ ဒါပေမယ့် အဲဒီလို ခေါ်စစ်လို့လည်း စျေးကကျသွားမှာမဟုတ်ဘူး။ ဘယ်တုန်းကမှ လည်း မကျခဲ့ဖူးသေးဘူး။ အခုဖြစ်နေတဲ့စျေးကလည်း ငွေလဲနှုန်း၊ ကမ္ဘာ့ရွှေစျေးနှုန်းနဲ့ ချိတ်ဆက်ပြီးဖြစ်နေတာ။ ရွှေအသင်းက ကြေညာတဲ့ ရွှေစျေး ၃၈သိန်းကျော်က လက်တွေ့လည်း မကျသလိုလည်း ဘယ်သူမှ လည်း အရောင်းအဝယ်မလုပ်ကြပါဘူး။ ဒီလောက်ပါပဲ။ ကောင်းသည်ဆိုးသည် ကျနော် မှတ်ချက် မပေးချင်ဘူး” ဟု လသာမြို့နယ်မှ ရွှေကုန်သည်တစ်ဦးက ဆိုသည်။

လက်ရှိစျေးကွက်တွင် ဖြစ်ပေါ်နေသော ရွှေစျေးနှုန်းနှင့် အရောင်းအဝယ်များသည် ရန်ကုန်တိုင်းရွှေအသင်း၏ ရုံးခန်း ရွှေစျေးကွက်တွင် ဖြစ်ပေါ်နေခြင်းမဟုတ်ဘဲ ပြင်ပစျေးကွက်တွင် နားလည်မှုဖြင့်သာ ရောင်းချနေကြခြင်းဖြစ်ကြောင်း၊ မည်သူမှ ရွှေအသင်းရုံးခန်းတွင် သွားရောက် ရောင်းဝယ် မပြုလုပ်ကြတော့ ကြောင်း ရွှေကုန်သည်တချို့က ဆိုကြသည်။

“ရွှေအသင်း စျေးကွက်မှာ စသုံးလုံးက လူကလည်း လာထိုင်နေတာ။ စရဖကလည်း လာစောင့်ကြည့်နေတာ။ စျေးနှုန်းကလည်း သူတို့သတ်မှတ်ထားတဲ့ ၃၈ သိန်း ။ ဘယ်သူက အဲဒီမှာ သွားရောင်းဝယ်နေမလဲ” ဟု ရွှေကုန်သည်တစ်ဦးက ရှင်းပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article