29 C
Yangon

သင်္ဃန်းညီနောင်စစ်ဗျူဟာကုန်းနှင့် ခမရ ၃၅၇ စခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၀ ဝန်းကျင်သေဆုံးပြီး စစ်သုံ့ပန်းအများအပြား ဖမ်းဆီးရရှိ၊ မြ၀တီ ခလရ ၂၇၅ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၈ ဦးသေဆုံး

Must read

သင်္ဃန်းညီနောင်စစ်ဗျူဟာကုန်းနှင့် ခမရ ၃၅၇ စခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၀ ဝန်းကျင်သေဆုံးပြီး စစ်သုံ့ပန်းအများအပြား ဖမ်းဆီးရရှိ၊ မြ၀တီ ခလရ ၂၇၅ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၈ ဦးသေဆုံး

■ မြန်မာဘက်မှ တိုက်ပွဲများ ပြင်းထန်နေ၍ ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းစစ်တပ်က လုံခြုံရေး အထူးတိုးမြှင့်ကင်းလှည့်

ရန်ကုန်၊ ဧပြီ ၅

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့်ကော့ကရိတ်မြို့နယ်အစပ် သင်္ဃန်းညီနောင်စစ်ဗျူဟာကုန်းနှင့် ခမရ ၃၅၇ တို့ကို ယနေ့ မွန်းလွဲပိုင်းတွင် KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်ဘက်မှ ၂၀ ဦးဝန်းကျင်သေဆုံးကာ စစ်သုံ့ပန်း အများအပြား ဖမ်းဆီးရရှိကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

” သင်္ဃန်းညီနောင်ဗျူဟာနဲ့ ခမရ ၃၅၇ မှာ စစ်တပ်ဘက်နေ ၂+၁၆ သေဆုံးစာရင်းရှိပါတယ်။ လက်နက်ကြီးလက်နက်ငယ်တွေလည်း သိမ်းဆည်းရရှိတာများတယ်၊ စစ်သုံ့ပန်းအများအပြားရတယ်။ နယ်မြေရှင်းလင်းရေး ဆက်လုပ်နေပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ မြ၀တီမြို့နယ်၊ ခလရ ၂၇၅ ကိုလည်း KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ၀ိုင်းဝန်း တိုက်ခိုက်လျက်ရှိရာ လတ်တလော တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း ၊ စစ်တပ်ဘက်မှ ၂၈ ဦးသေဆုံးသည်ဟု စစ်ရေးဆိုင်ရာ ကြေးနန်းသတင်းများတွင် ဖော်ပြချက်ထားချက်အရ သိရှိရသည်။

“ခလရ ၂၇၅ မကျအောင်လည်း လက်နက်ကြီးတွေ၊ လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ အသည်းအသန် ခုခံနေတယ်။ အခုထက်ထိတော့ ခလရ ၂၇၅ ကို မရသေးပါဘူး။ ခလရ ၂၇၅ က မြ၀တီ မြို့စောင့်တပ်ပါ” ဟု မြေပြင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့အတူ ကော့ကရိတ်မြို့နယ်၊ ခလရ ၉၇ ကိုလည်း တော်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ရေး ယနေ့ နံနက်ပိုင်းမှ မွန်းလွဲ ၁ နာရီအထိ ထိုးစစ်ဆင်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီကလည်း စစ်ကူစစ်ကြောင်း ၄ ခုထက်မနည်း စေ လွှတ်ပြီး မြ၀တီ၊ သင်္ဃန်းညီနောင်နှင့် ကော့ကရိတ်နယ်မြေများတွင် အသာစီး ပြန်လည်ရရှိရေး ကြိုးပမ်းနေကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ၊ မြ၀တီဘက်အခြမ်းတွင် တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ထိုင်း စစ်တပ်က ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံဘက်အခြမ်းတွင် စစ်အင်အားများ တိုးချဲ့၍ မြေပြင်နှင့် ဝေဟင် ကင်းလှည့်မှုများ လုပ်ဆောင်နေကြောင်း ထိုင်း သတင်းများ၏ ဖော်ပြချက်အရ သိရှိရသည်။

ဓာတ်ပုံ- ထိုင်းစစ်တပ်က ထိုင်း-မြန်မာနယ်စပ်တွင် စစ်အင်အားများတိုးချဲ့၍ ကင်းလှည့်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article