25 C
Yangon

အာဆီယံ-နယူးဇီလန် အစည်းအဝေးများတွင် မြန်မာစစ်ကောင်ကိုယ်စားလှယ်များကို တက်ခွင့်ပိတ်ပင်ပြီး NUG အစိုးရကို တက်ရောက်ခွင့်ပေးရန် မြန်မာနှင့် နိုင်ငံတကာမှ အရပ်ဘက်အဖွဲ့ ၄၃၈ ခုက တောင်းဆို

Must read

အာဆီယံ-နယူးဇီလန် အစည်းအဝေးများတွင် မြန်မာစစ်ကောင်ကိုယ်စားလှယ်များကို တက်ခွင့်ပိတ်ပင်ပြီး NUG အစိုးရကို တက်ရောက်ခွင့်ပေးရန် မြန်မာနှင့် နိုင်ငံတကာမှ အရပ်ဘက်အဖွဲ့ ၄၃၈ ခုက တောင်းဆို

ရန်ကုန်၊ ဧပြီ ၆

အာဆီယံ-နယူးဇီလန် အစည်းအဝေးများတွင် မြန်မာစစ်ကောင်ကိုယ်စားလှယ်များကို တက်ခွင့်ပိတ်ပင်ပြီး NUG အစိုးရကို တက်ရောက်ခွင့်ပေးရန် မြန်မာနှင့် နိုင်ငံတကာမှ အရပ်ဘက်အဖွဲ့ ၄၃၈ ခုက နယူးဇီလန်အစိုးရကို တောင်းဆိုလိုက်ကြသည်။

ယခုနှစ် ဧပြီလ ၁၈ ရက်နှင့် ၁၉ ရက်နေ့ ဝယ်လင်တန်မြို့တွင် ကျင်းပမည့် ၃၁ ကြိမ်မြောက် အာဆီယံ-နယူးဇီလန် ဆွေးနွေးပွဲ၊ ဗီယင်ကျန်းမြို့တွင် မေလ ၈ ရက်မှ ၁၀ အထိ ကျင်းမည့် နယူးဇီလန်နိုင်ငံမှ ပူးတွဲ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် အာဆီယံ ဒေသတွင်း ဖိုရမ် ကာကွယ်ရေး အရာရှိများ ဆွေးနွေးပွဲ နှင့် ယုံကြည်မှု တည်ဆောက်ခြင်း၊ သံတမန်ရေးရာ ပံ့ပိုးကူညီမှုအဖွဲ့ အစည်းအဝေး တို့တွင် စစ်ကောင်စီ၏ ကိုယ်စားလှယ်များ တက်ရောက်ခွင့် ပိတ်ပင်ပေးရန် အရပ်ဘက်အဖွဲ့များက နယူးဇီလန်အစိုးရထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အရပ်ဘက်အဖွဲ့များက နယူးဇီလန်အစိုးရထံ ပေးပို့သော အိတ်ဖွင့်ပေးစာတွင်

၁။ မြန်မာနိုင်ငံ အစိုးရဝန်ကြီးဌာန အများအပြားကို တရားမ၀င် သိမ်းပိုက်ထားသော စစ်ကောင်စီ၏ ကိုယ်စားလှယ်များနှင့် ၎င်းတို့၏ ခန့်အပ်ခံများအား ဤအစည်းအဝေးများမှ ဖယ်ထုတ်ရန်၊

၂။ နယူးဇီလန်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ အစည်းအဝေးများ နှင့် ပူးတွဲဥက္ကဋ္ဌအဖြစ်တာ၀န်ယူ ကျင်းပမည့် အာဆီယံ အစည်းအဝေးများအားလုံးတွင် မြန်မာ စစ်ကောင်စီ၏ ကိုယ်စားလှယ်များနှင့် ၎င်းတို့၏ ခန့်အပ်ခံများအား တက်ရောက်ခွင့် ပိတ်ပင်ရန်၊

၃။ အစည်းအဝေးများတွင် မြန်မာပြည်သူလူထုကိုယ်စားပြုအနေဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခေါင်းဆောင်များဖြစ်သော အမျိုးသား ညီညွတ်ရေး အစိုးရကို တက်ရောက်ခွင့်ပေးရန်၊

၄။ အကယ်၍ မြန်မာစစ်တပ်ကို ထိုအစည်းအဝေးများမှ မဖယ်ထုတ်ပါက၊ မြန်မာ့ ဒီမိုကရေစီရေးကို ထောက်ခံသော အာဆီယံအဖွဲ့ဝင်နိုင်ငံ အစိုးရများနှင့် ဆွေးနွေးဖက်နိုင်ငံများအနေဖြင့် အာဆီယံအဖွဲ့အစည်းများ၏ ဥက္ကဋ္ဌ အဖြစ် တာ၀န်ယူခြင်းကို ရွှေ့ဆိုင်းရန်၊ စစ်ကောင်စီ ကိုယ်စားလှယ်များ ပါဝင်သော အစည်းအဝေးများ လက်ခံကျင်းပခြင်းအား ငြင်းပယ်ခြင်း၊

၅။ စစ်ကောင်စီ ကိုယ်စားလှယ်များ ပါဝင်သော မည်သည့် အာဆီယံ အစည်းအဝေးများကိုမဆို သပိတ်မှောက်ရန် ။

၆။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အမျိုးသား ညီညွတ်ရေး အစိုးရ၏ အဓိက ကိုယ်စားလှယ်များနှင့် တရားဝင် လူသိရှင်ကြား ဆက်ဆံရေး စတင် လုပ်ဆောင်ရန်၊

၇။ အထူးသဖြင့် စစ်တပ်ထိန်းချုပ်ထားသော ဘဏ္ဍာရေးနှင့် စီးပွားရေးလုပ်ငန်းများ အပါအဝင် စစ်အုပ်စုအပေါ် ပစ်မှတ်ထားသော ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် တို့ကို တောင်းဆိုထားသည်။

မြန်မာစစ်တပ်ကို မြန်မာပြည်သူများက ပြင်းပြင်းထန်ထန် ငြင်းပယ်ထားကြောင်း၊ ထို့ပြင် စစ်အုပ်စုသည် မြန်မာနိုင်ငံ ဥပဒေအရ သာမက၊ နိုင်ငံတကာဥပဒေတွင် သတ်မှတ်ထားသည့် အကြမ်းဖက် အဖွဲ့အစည်း အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ကိုက်ညီကြောင်း၊ ထို့ကြောင့် စစ်အုပ်စု (သို့မဟုတ်) ၎င်းတို့ ခန့်အပ်ခံတစ်ဦးကို နိုင်ငံတကာတွင် မြန်မာနိုင်ငံကို ကိုယ်စားပြုသူအဖြစ် ပါဝင်စေခြင်းသည် ဒီမိုကရေစီနှင့် မြန်မာပြည်သူလူထုကို စော်ကားရာကျကြောင်း ၊ စစ်အုပ်စုကို အစိုးရတရပ်သဖွယ် ဆက်ဆံသည့်အခါဖြစ်စေ၊ စစ်အုပ်စု ခန့်အပ်ခံများနှင့် စစ်အုပ်စု၏မိတ်ဖက်များအား နိုင်ငံတကာ ဘဏ္ဍာရေးမူဝါဒ အသိုက်အဝန်းနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် စေ့စပ်ဆောင်ရွက်ပေးသည့်အခါဖြစ်စေ၊ မြန်မာပြည်သူများအတွက် ကြီးမားသော ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း အရပ်ဘက်အဖွဲ့များက ထောက်ပြထားသည်။

ယခင်နယူးဇီလန်အစိုးရသည် စစ်အုပ်စုကို တရားမှုပေးခြင်း သို့မဟုတ် ထောက်ခံခြင်းမှ ရှောင်ကြဉ်ရန် နည်းလမ်းများ ချမှတ်ခဲ့ကြောင်း၊ နှစ်နိုင်ငံ အဆင့်မြင့်-ဆက်ဆံရေးကို ဆိုင်းငံ့ခြင်း၊ အကြီးတန်း စစ်ကောင်စီ အဖွဲ့ဝင်များအား ခရီးသွားလာခွင့် ပိတ်ပင်ခြင်း၊ အကူအညီပေးရေး အစီအစဉ်များတွင် စစ်ကောင်စီကို အကျိုးပြုသည့် စီမံကိန်းများ မပါဝင်စေအောင် လုပ်ဆောင်ခြင်းနှင့် စစ်ကောင်စီအား အစိုးရအဖြစ် အသိအမှတ်ပြုရန် ငြင်းဆိုခြင်းတို့ ပါဝင်ကြောင်း၊ နယူးဇီလန်အစိုးရသစ်အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးကို ထောက်ပံ့ရန် ဤချဉ်းကပ်မှုအတိုင်း ဆက်လက် လျှောက်လှန်းရန် နှင့် တူညီသော လားရာအတိုင်း အဆင့်တက်လှန်းရန် အရပ်ဘက်အဖွဲ့များက တောင်းဆိုသည်။

အာဆီယံ အစည်းအဝေးများအပါအဝင် နိုင်ငံတကာ ကဏ္ဍအားလုံးတွင် မြန်မာနိုင်ငံအား ကိုယ်စားပြုရန် သင့်လျော်သည်မှာ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသော အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဖြစ်ကြောင်း၊ NUG ကို ၎င်းတို့၏ တရားဝင် ဝဘ်ဆိုဒ်မှ တဆင့် ဆက်သွယ်နိုင်ကြောင်း၊ အကယ်၍ NUG နှင့်လူကြီးမင်းတို့ ဆက်ဆံရေး မတည်ဆောက်ရသေးပါက ဆက်ဆံရေးထူးထောင်ရန် အရပ်ဘက်အဖွဲ့များက တိုက်တွန်းသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article