25 C
Yangon

“မြ၀တီကို သိမ်းပြီဆိုရင် ပြည်သူလူထုကို အသိပေးဖို့ကတော့ အဲဒါကတော့ အချိန်ကျရင် ကျနော်တို့ ပေးမှာပါ။ လူထုတွေ ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြပါ။ ကျနော်တို့ ပြည်သူတွေနဲ့အတူ ရပ်တည်မှာပါ။ ကျနော်တို့ ဘာမှ ဆုတ်စရာ အကြောင်းမရှိတော့ဘူး။ KNLA ကတော့ ဆက်လုပ်စရာရှိတာ ဆက်လုပ်သွားမှာပဲ”

Must read

KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးနှင့်တွေ့ဆုံမေးမြန်းခြင်း

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မြ၀တီမြို့နှင့် ထိုင်း-မြန်မာနယ်စပ်တစ်ခုလုံးကို မကြာမီ KNU က အပြည့်အ၀ ထိန်းချုပ် သိမ်းပိုက်တော့ဖြစ်ရာ ယင်းအခြေအနေများ၊ KNU ထံတွင် လက်နက်ချ အညံ့ခံလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၁၇ ဦးတို့နှင့်ပတ်သက်သော အခြေအနေများကို သိရှိနိုင်ရန် KNU ဗဟိုအလုပ် အမှုဆောင် ပဒိုစောတောနီးကို ရန်ကုန်ခေတ်သစ်သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ KNU လက်ထဲမှာ လက်နက်ချ အညံ့ခံတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြန်လွှဲပေးဖို့ လာရောက် ညှိနှိုင်းတာရှိသလား။

ဖြေ။ ။ ကျနော်တို့ဘက်ကတော့ အထူးသဖြင့် တော်ဝင် ထိုင်းအစိုးရ လုပ်တဲ့ဟာကို လက်လှမ်းမမီနိုင်ပါဘူး။ ဒါပေမယ့် ကျနော်တို့က တော်လှန်ရေးတစ်ရပ်အနေနဲ့ကတော့ ဒီစစ်အာဏာရှင်စနစ်ကတော့ လုံး၀ ပျက်သုန်းသွားရေး မူဝါဒရှိတဲ့အပေါ်မှာ ကျနော်တို့တိုက်ပွဲဝင်တယ်။

အဲဒီနေရာမှာ ကျနော်တို့နဲ့ ခံယူချက်တူတဲ့အဖွဲ့အစည်းတွေ အားလုံးနဲ့ လက်တွဲဆောင်ရွက်သွားတဲ့အခါမှာ အခုကတော့ တဖြည်းတဖြည်းနဲ့ ၃ နှစ်ကျော်လာတဲ့အခါမှာ နိုင်ငံတကာက ကျနော်တို့ကို ရှင်းရှင်းပြောရရင် သူတို့ လုံး၀ တွက်မထားတဲ့ဟာတွေအခုက ဖြစ်လာပြီ။ စခန်းတစ်လုံးချင်း တစ်လုံးချင်းကနေ နယ်စပ်တစ်ခုလုံးကို ထိန်းချုပ်လိုက်တယ်။ နယ်စပ်တစ်ခုလုံးကနေ မြို့ကို ပြန်ပြီးတော့ ထိန်းချုပ်လိုက်တော့ သူတို့ မျက်လုံးပြူးပြီး ကြည့်နေရတဲ့ အနေအထားလို့ ပြောရမယ်။

ဒါပေမယ့် အခုတော့ သူတို့ မထင်ထားတဲ့ ကျနော်တို့က ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီးတော့ လုပ်နေတာ။ ဘယ်သူ့ကိုမှလည်း မှီခိုနေတာလည်းမဟုတ်ဘူး။ အဲဒါကြောင့်မို့လို့ အခုဖြစ်နေတဲ့ကိစ္စက အားချင်း အလုံးချင်းကြီး လူပေါင်း ၆၀၀ ကျော် ကိုယ့်လက်ထဲ ဗြုန်းကနဲ လက်နက်ချလာတဲ့အခါမှာ တော့ အသံတွေ မျိုးစုံထွက်လာတယ်။ အသံမျိုးစုံကို ကျနော်တို့က တော့မသိဘူးဗျ။ ကျနော်တို့မှာ သိတာက ဘာလဲဆိုတော့ ကျနော်တို့မှာ KNLA မှာ Code of Conduct ဆိုတာရှိတယ်။ ကျနော်တို့ လိုက်နာရမယ့် ကျင့်ဝတ်တွေရှိတယ်။

အဲဒီကျင့်ဝတ်တွေထဲမှာ ရန်သူကို ရန်သူလို ဆက်ဆံရမယ်။ ဒါပေမယ့် လက်နက်ချတဲ့ ရန်သူတွေ ၊ အရပ်သားပြည်သူတွေကို လူသားဆန်စွာ ဆက်ဆံရမယ်ဆိုတဲ့ Code of Conduct ထည့်ထားတဲ့အပေါ်မှာ အမြဲတစေ လိုက်နာတယ်။ အဲဒါအပြင် IHL လို့ International Humanitarian Law ဆိုတာလည်း ကျွန်တော်တို့ နိုင်ငံတကာအဖွဲ့အစည်းနဲ့ လက်တွဲပြီး လုပ်ဆောင်တာလည်းရှိတယ်။ အဲဒီအပေါ်မှာလည်း ကျွန်တော်တို့ တောက်လျှောက်လိုက်နာတာရှိတယ်။

အဲဒီအပေါ်မှာ အခုကျွန်တော်တို့အပေါ်ရောက်လာတဲ့ ၆၀၀ ကျော်၊ ဒါနဲ့ တခြားနေရာမှာရှိတဲ့ ထောင်ဂဏန်းချီတဲ့ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် သူတို့ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ တာဝန်ခံရမယ့် အပိုင်းတွေ ရှိတယ်။ တာဝန်ယူမယ့် အပိုင်းတွေရှိတယ်။

အဲဒါကြောင့်မို့လို့ ဒီဟာတွေ လုပ်လာတဲ့အပေါ်မှာ ဒီလိုသတင်းတွေ ထွက်နေတဲ့အပေါ်မှာ လုံးဝ ငြင်းဆိုတယ်။ ၁ အချက်က သူတို့တကယ်ပြန်ချင်တယ်ဆိုရင် သူတို့ဆန္ဒအလျောက်ပေါ့ အဲဒါကတော့ ကျွန်တော်တို့ တကယ်မတားဘူး သူတို့ ပြန်နိုင်တယ်။ ဒုတိယအချက် အဲဒီလူတွေကို ဆန္ဒမပါဘဲနဲ့ ဒီလူတွေကို အတင်းကာရော ပြန်ပြီးတော့ အတင်းအကျပ်နဲ့ ပြန်ပို့တဲ့ဟာကိုတော့ ကျွန်တော်တို့ လုံးဝလက်မခံနိုင်ဘူး။

အဲဒါကို ကျွန်တော်တို့ကို လာပြီးတော့ ဖိအားပေးလို့မရဘူး။ အဲဒါ ကျွန်တော်တို့တာဝန်ရှိတယ်။ အဲဒါကြောင့်မို့ တစ်ချိန်တည်းမှာ တခြား နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအစိုးရတွေကို ပန်ကြားချင်တာကတော့ ဒီလိုမျိုး လာပြီးတော့ ဖိအားပေးတာတော့ ကျွန်တော်တို့ လက်မခံနိုင်ဘူး။

ဘာဖြစ်လို့လဲဆိုတော့ အစိုးရအဖွဲ့တိုင်း အဖွဲ့တိုင်းမှာ ကျွန်တော်တို့ ဘယ်အဖွဲ့အစည်း၊ အစိုးရမဟုတ်သည့်တိုင်အောင် လူထုအပေါ်မှာ ရပ်တည်တဲ့ အဖွဲ့အစည်းမှန်သမျှဟာ ဒီလူထုတွေ အသက်ရှင်ရပ်တည်ရေး ကျွန်တော်တို့ တာဝန်ခံရတယ်။ အဲဒီအပေါ်မှာတော့ သူတို့ ဆန္ဒမပါဘဲနဲ့ ဒီလူတွေ ပြန်ပို့မှာ မဟုတ်ဘူး။ အဲဒါကြောင့်မို့လို့ အဲဒါတစ်ချက်ပဲ သေချာရှင်းလင်းချင်တယ်ဆရာ။

မေး။ ။ အဲဒီတော့ အခုက ကျွန်တော် မေးခွန်းလေးကို ရှင်းသွားအောင် ပြန်မေးပါမယ်။ အခု ထိုင်းအစိုးရကနေ ဆရာတို့ KNU နဲ့ စစ်ကောင်စီရဲ့ ကြားထဲမှာ ဒီလူတွေကို လေယာဉ်နဲ့ မဲဆောက်နေ ရန်ကုန်ကို ပြန်ခေါ်မယ်ဆိုတဲ့ ကြိုတင်ပြီးတော့ ညှိနှိုင်းထားတာမျိုးရှိသလားဗျ၊ ဒါမှမဟုတ်ရင် ကြိုတင်ပြီး မညှိနှိုင်းဘဲနဲ့ သူတို့ဘာ သူတို့ အစီအစဉ်ဆွဲပြီးတော့ လာခေါ်တဲ့ပုံစံမျိုးလား ဆရာ။ အဲဒါလေး ရှင်းအောင် ပြောပြပေးပါ။

ဖြေ။ ။ အဲဒါတော့ ဆရာရယ် ပြောရမယ်ဆိုရင် အစိုးရတွေ လုပ်ထုံးလုပ်နည်းအရဆိုရင် ကျွန်တော်တို့ သီအိုရီအရလည်း ကျွန်တော်တို့ ပြောလို့ရပါတယ်။ အစိုးရချင်းပဲ လုပ်ချင်တာပါ။ ကျွန်တော်တို့လို အဖွဲ့တွေကို တော်လှန်ရေးအဖွဲ့အစည်းတွေကို သူတို့က စကားမပြောချင်ပါဘူး ရှင်းရှင်းပြောရရင်။

ဒါပေမဲ့ စကားမပြောချင်လည်း သူတို့ ပြောနေတဲ့ စကားကို ကျွန်တော်တို့ ကြားနေရတာပဲ။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ ပြောချင်တာက သူတို့နည်း သူ့တို့ဟန်နဲ့ လုပ်နေတာတွေတော့ရှိတယ်။ ကျွန်တော်တို့ အကုန်လုံး မသိနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က‌တော့ ခုန ကျွန်တော် ဖော်ပြတဲ့ အတိုင်းပဲ ကျွန်တော်တို့မှာ ရပ်တည်ချက်ရှိတယ်။

ကျွန်တော်တို့ ကိုယ်တိုင်ကလည်း အစိုးရတစ်ရပ်ဖြစ်လာအောင် ကြိုးစားနေတဲ့ အနေအထားမှာ ရှိတယ်။ အဲဒါကြောင့်မို့လို့ အစိုးရဂုဏ်သိက္ခာနဲ့ ဖြစ်လာအောင် ကျွန်တော်တို့ ကြိုးစားနေတဲ့ အပေါ်မှာ အဲဒီလို အစိုးရ ဂုဏ်သိက္ခာနဲ့ မလျော်ညီတဲ့ လုပ်ရပ်တွေကို ကျွန်တော်တို့ မလုပ်ဘူးဆိုတာ ဒါပဲ ပြောချင်တယ်။

မေး။ ။ ဟုတ်ကဲ့ ။ ဒီ ၆၀၀ ကျော်သော လက်နက်ချတဲ့ ဒီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူတို့ရဲ ဆန္ဒမပါဘဲနဲ့ ဆရာတို့က ပြန်မပို့ဘူးဆိုတဲ့ ဆရာဖြေသွားတဲ့ အဖြေလေး ကျွန်တော်ကြားရပါတယ်။ လက်ရှိ ဒီ ၆၀၀ ကျော်သော လက်နက်ချတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်တပ်ဆီကို ပြန်မသွားဘူးဆိုတာ သေချာပေါက် ပြောလို့ရတာလား။

ဖြေ။ ။ အဲဒါကတော့ ကျနော် စောစောက ပြောသွားသလိုပေါ့ ဒီလူတွေရဲ့ အသက်အာမခံ လုံခြုံရေးအတွက်အန္တရာယ် ကင်းရှင်းရေးအတွက် ကျနော်တို့မှာ တာဝန်ရှိတယ်။ ကျနော်တို့မှာ တာဝန်ခံရတဲ့ဟာတွေရှိတယ်။ ဒီအပေါ်မှာ ကတော့ လက်ရှိမှာ ကျနော်တို့ လုပ်နေတာက သူတို့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ မှတ်ပုံတင်ရမယ့်ဟာတွေ လုပ်ငန်းစဉ်မှာ ကျနော်တို့ လုပ်နေတယ်။

ဘယ်နေရာမှာရှိတယ် သူတို့ ဘာလုပ်ချင်လဲ ဘယ်သွားချင်လဲ သူတို့သဘောထားတွေကို စစ်ဆေးမေးမြန်းရတဲ့အပိုင်းတော့ရှိနေတယ်။ အဲဒီလုပ်ငန်းစဉ်ထဲမှာ ကျနော်တို့ရှိနေတယ်။ မှတ်ပုံတင်ရတဲ့ဟာတွေ စစ်ဆေးစရာရှိတာတွေ လုပ်နေရတဲ့ အခြေအနေမှာပဲရှိပါသေးတယ်။ အဲဒါကြောင့် ကျနော် ဒီလောက်ပဲ ပြောနိုင်ပါသေးတယ်။

မေး။ ။ ထိုင်းအစိုးရက ဆရာတို့ကို ဆက်သွယ်တာရှိလား။

ဖြေ။ ။ ဒီလူတွေက အစိုးရ ၊ဂုဏ်သိက္ခာနဲ့ အဲဒီလို စကားလုံးကို အများကြီးသုံးတယ်။ အဲဒါကြောင့် ကျနော်တို့နဲ့ တော်ရုံတန်ရုံ စကားမပြောဘူးဗျ။ ကျနော်တို့နဲ့ တိုက်ရိုက်စကားမပြောပေမယ့် သူတို့ပြောနေတဲ့စကားတွေ ကျနော်တို့ ကြားကြားနေရတယ်။ အဲဒါလေးတော့ရှိတာပေါ့။ သီအိုရီအရ G to G ဆိုတာ သူတို့ အမြဲပြောတယ်။ G to G ဆိုတာ ကျနော်တို့ ဘယ်ပါမလဲ။ လက်ရှိကာလမှာ။ ဒါပေမယ့် ကြိုးစားနေတယ်။ G ဖြစ်လာအောင် ကျနော်တို့ဖြစ်အောင် ကြိုးစားနေတယ်။ ဖြစ်လည်းဖြစ်တော့မယ်။

မေး။ ။ ရရှိထားတဲ့ စစ်သုံ့ပန်းတွေကို မှတ်ပုံတင်ပြီးရင် နောက်တစ်ဆင့်က ဘာတွေ ဆက်လုပ်ဖို့ရှိလဲ။

ဖြေ ။ ။ အဲဒါကတော့ ကျနော်တို့မပြောတတ်ဘူး။ ကျနော်တို့ကတော့ လုပ်ငန်းစဉ်အတိုင်း ဆက်ပြီးတော့ တာဝန်ယူရမယ်လေ။ လုပ်ငန်းစဉ် တဖြည်းဖြည်းလုပ်သွားတယ်။ ကျနော်တို့ အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်အောင်လည်း တစ်ဖက်ကနေ ကြည့်ရသေးတယ်။ တစ်ဖက်ကနေ စစ်တိုက်ရတယ်။ တစ်ဖက်ကလည်း ကိုယ့်ပြည်သူတွေက သန်းချီပြီးတော့ ပြေးနေတာကို ဂရုစိုက်ရတယ်။ ဒီကြားထဲ လက်နက်ချပြီး ကိုယ့်ပြည်မှာ ခိုလှုံလာတဲ့လူတွေကိုလည်း ဂရုစိုက်ရတယ်။ ဒီဟာတွေကတော့ တကယ်များတဲ့တာဝန်ဆိုတော့ ကျနော်တို့ အဘက်ဘက် ပြန်ပြီးတော့ တွက်ချက်ရတယ်လေ။

ဒါပေမယ့် ကျနော်တို့ ရှေ့ဆက်ပြီးတော့ ဘယ်လိုလုပ်ရမလဲဆိုတာ အဖွဲ့အစည်းပေါင်းစုံနဲ့ လက်တွဲလုပ်ဆောင်နေပါတယ်လို့။

မေး။ ။ အခုလက်ရှိ စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲတာရှိတယ်။ တစ်ဖက်မှာလည်း မဲဆောက်အထိကို လာပြီးတော့ သူတို့ လူပြန်ခေါ်ဖို့ လာစောင့်နေတယ်။ စစ်တပ်ရဲ့ လုပ်နည်းလုပ်ဟန်က ဘယ်လိုမျိုးယူဆလဲ။ တစ်ဖက်မှာလည်း လေယာဉ်နဲ့ ဗုံးကျဲပြီး တစ်ဖက်မှာလည်း သူတို့လူ ပြန်လွှတ်မလားဆိုပြီး လာစောင့်နေတယ်။ လူပြန်လာတောင်းနေတာလေ ။

ဖြေ။ ။ အဲဒါကတော့ ပြောစရာစကားကိုမရှိတာ။ အဖွဲ့အစည်းတစ်ရပ်အနေနဲ့ မလျှော်ညီတာပဲ။ ဘယ်မှာလဲ စစ်ရေးအရရော ကြည့်ရင် ရှုံးပွဲတွေနဲ့ ဆက်နေတာကို ဒါလည်း ရှက်ရကောင်းမှန်းမသိဘူး။ နိုင်ငံတကာကို သူတို့ အောက်ကျို့ပြီးတော့ သူ့လူတွေ ပြန်ခေါ်ပါရစေနဲ့။ ဒီလို စစ်ရှုံးနေတဲ့ လူတွေကို ဒီကနေ ပြီးတော့ သူ့ရဲ့ဟာတွေ၊ သူ့ဝန်ထမ်းတွေ၊ ပစ္စည်းပစ္စယတွေကို ကြွယ်၀ချမ်းသာမှုတွေကို အကုန်လုံး လေကြောင်းကနေ ပြန်ထုတ်မယ်ဆိုတာကြီးက ဒါက တစ်ကမ္ဘာလုံးကို ငါစစ်ရှုံးပြီဆိုတာ ကြေညာလိုက်တာပဲလေ။ အဲဒါ သူတို့က ရှက်ရကောင်းမှန်းလည်းမသိဘူး။ ဒီအခြေအနေက ရှိနေပါတယ်။ ဒါကတော့ မဆန်းပါဘူး။ ကျနော်တို့ကတော့ သူတို့နဲ့ သွားတုလို့လည်းမရဘူးလေ။ ကျနော်တို့က လုပ်စရာရှိတာ ဆက်လုပ်ရမှာပဲ။

မေး။ ။ မြ၀တီမြို့မှာ ပြည်သူတွေက စိုးရိမ်နေကြတာရှိတယ်။ စစ်ကောင်စီက လေယာဉ်နဲ့ မြို့ကို ဗုံးကျဲပြီးတော့ ဖျက်ဆီးမယ်ဆိုပြီး သတင်းတွေကလည်းရှိနေတယ်။ တချို့ပြည်သူတွေလည်း ပြေးကြပြီဆိုတော့။ မြ၀တီမြို့နဲ့ နယ်စပ်တစ်ခုလုံးကို KNU က ဘယ်တော့ ထိန်းချုပ်ပြီး စစ်တပ် ကင်းစင်နယ်မြေအဖြစ် ကြေညာမလဲ။

ဖြေ။ ။ အဲဒါကတော့ ကျနော် အတိအကျ ပြောလို့တော့မရဘူးခင်ဗျ။ တစ်ခုပဲရှိတာက အခု လူထုတွေ စိုးရိမ်သလိုကတော့ ဒါက မလွဲဘူးလို့ ပြောရမှာပဲ။ သူတို့ မြောက်ပိုင်း စစ်ဒေသမှာ သူတို့ ကိုယ်တိုင် ထုတ်ပြောတယ်လေ။ သူတို့မြို့တွေ အလီလီ ဆုံးရှုံးရတဲ့အခါမှာ သူတို့ ဘာပြောလဲဆိုတော့ မင်းတို့ ကြိုက်သလောက် သိမ်း ငါတို့ကတော့ ကြိုက်သလောက် ပြန်ဖျက်မယ်ဆိုတဲ့ စကားမျိုး သူတို့ ထုတ်ပြောတာပဲလေ။ အဲဒါကြောင့်မို့လို့ ဒါက မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူး။

ဒီလူတွေ မလုပ်ရဲတာ မရှိဘူးဆိုတာ သူတို့ကိုယ်တိုင်ကလည်း လူဆိုး လူမိုက်ပီပီ လျှောက်ပြောနေပြီးသား။ အဲဒါကြောင့်မို့လို့ အသိပေးရမှာက လူထုတွေ ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြပါ။ လူထုတွေ စိုးရိမ်တယ်ဆိုတာက စိုးရိမ်လောက်တယ်လေ။

အခု သတင်းတွေထွက်နေသလို သူ့လူတွေ ကယ်ထုတ်ပြီးတဲ့အခါမှာ လူထုက စိုးရိမ်တာက သူတို့ ဒီမြို့ကို ဖျက်ဆီးတော့မှာပဲ။ လူထုတိုင်းက စိုးရိမ်ကြတယ်။ ဒါကလည်း စိုးရိမ်စရာတော့ရှိတယ်။ ဒါပေမယ့် ကျနော်ပြောချင်တာက လူထုကို အားပေးချင်တာက စိုးရိမ်တာကတော့ စိုးရိမ်ပါ။ ကြောက်စရာရှိတာ ကြောက်ပါ။ ကျနော်တို့ တော်လှန်ရေးသမားတွေလည်း ကြောက်နေရတာပဲ။ ကြောက်ကြောက်နဲ့ လုပ်နေရတဲ့ အလုပ်တွေပဲလေ။ ဒါပေမယ့် ကျနော်တို့ ကြောက်တယ်ဆိုတာက ဒီမြို့တွေ ဒီရွာတွေကို စွန့်ပစ်ပြီးတော့ တစ်ခါတည်း လုံး၀ ပြန်မလာနိုင်တဲ့အထိတော့ မလုပ်ကြပါနဲ့။ ခပ်ခွာခွာလေးတော့ ရှောင်ပေး။ အဲဒါ ပြီးတဲ့နောက်မှာ ဒီမြို့ ဒီရွာကို ပြန်လည် တည်ဆောက်ရမယ်ဆိုတဲ့ အသိရှိကြပါစေလို့ ကျနော်တို့ အသိထဲမှာရှိကြပါစေလို့ အသိပေးချင်တယ်။ ကျနော်တို့ အတူတူ ၀ိုင်းပြီးတော့ တည် ဆောက်ကြရအောင်။

၀ိုင်းပြီးတော့ ကော်သူလေး ပြည်ကို ကျနော်တို့ကရင်အမျိုးသားတွေ အပါအဝင် အခြားလူမျိုးတွေနဲ့ တည် ဆောက်ပြီးရင် ကျနော်တို့ ကော်သူလေးပြည်ဟာ ပြည်ထောင်စုအတွင်းမှာရှိပြီးတော့ အခြားလူမျိုးတွေနဲ့အတူ လက်ချင်းချိတ်ပြီးတော့ ကြွယ်၀ချမ်းသာတဲ့ ပြည်ထောင်စု တစ်ခုကို တည်ဆောက်ဖို့ဆိုတာ ကျနော် သန္ဒိဌာန်ရှိထားတဲ့အပေါ်မှာ ဆက်လက်ပြီးတော့ ချီတက်သွားမယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ ကရင်အမျိုးသားအကျိုး စီးပွား၊ အခြားလူမျိုးအကျိုးစီးပွားတွေအတွက်ရော မရသေးဘူးဆိုရင် ဒီတိုက်ပွဲက ဘယ်လိုမှ ရပ်လို့မရဘူးဆိုတာ ဒီနေရာကနေ အသိပေးချင်တယ်။

မေး။ ။ KNU အနေနဲ့ ထိုင်းအစိုးရနဲ့ ထိုင်းစစ်တပ်ကို ဘယ်လို သတင်းစကားပါးချင်ပါလဲ။

ဖြေ ။ ။ အဲဒီအပေါ်မှာ ကျနော်တို့ စိုးရိမ်ချက်တစ်ခုတော့ရှိတယ်။ စစ်ကောင်စီကနေပြီးတော့ အထူးသဖြင့်တော့ တော်ဝင်ထိုင်းအစိုးရကို ချည်းကပ်လာတယ်ဆိုတာလည်း ကျနော်တို့သိရတယ်။ အထူးသဖြင့် သူ့လူတွေ ပြန်ခေါ်ဖို့ဆိုတာ။ နောက်ပြီးတော့ စစ်လော်ဘီတွေကိုယ်တိုင်ကလည်း ကျနော်တို့ကို ဘယ်လို သွားပုပ် လေလွင့် လုပ်ထားလဲဆိုတော့ KNU က ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေ အကျဉ်းသားတွေကို ပြန်မလွှတ်လို့ အခုက လေယာဉ်ပျံတွေလာတယ်။

လေယာဉ်ပျံတွေထဲမှာ ဘယ်လူတစ်ဦးမှ မပါဘူးဆိုတာ လျှောက်ပြီးတော့ လွှင့်နေတာ။ ကျနော်တို့က ဒီလိုမဟုတ်ဘူး။ ကျနော်တို့တော့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေကို သူတို့ ဆန္ဒသဘောပေါ်မှာပဲ မူတည်တယ်။ ဒီလူတွေ ပြန်ချင်သပဆိုရင် တားလို့မရဘူး ပြန်လို့ရတယ်။ ဒါပေမယ့် ဒီလူတွေ မပြန်ချင်ဘဲနဲ့ အတင်းကာရော အကြမ်းနည်းနဲ့တော့ အတင်းအကျပ် ပြန်ပို့တာမျိုးကိုတော့ ကျနော်တို့ ရှောင်ကြည်တယ်။

ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရဲ့ Code of Conduct တွေ ကျနော်တို့ရဲ့ လိုက်နာထားတဲ့ IHL Law တွေ ၊ Prisoners of War ဆိုတဲ့ သဘောတူညီချက်တွေ အဲဒါတွေက ကျနော်တို့ လိုက်နာတယ်။ ကျနော်တို့ KNU တင်မကဘူး ထိုင်းအစိုးရကိုရော ပြောချင်တာက အဲဒီအပေါ်မှာ ကြိုးစားပြီးတော့ လိုက်နာပါ။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ဒီလူတွေကို အတင်းအကျပ် ပြန်ပို့မယ်ဆိုရင် ကိုယ်ကိုတိုင်ကလည်း ရောပါပြီးတော့ အဲဒီအထဲမှာ အတူတူဖြစ်နေပြီဆိုတာ ကိုယ်ကိုတိုင်ကလည်း အပြည်ပြည်ဆိုင်ရာဥပဒေသတွေကို ချိုးဖောက်တဲ့သူဖြစ်လာမယ်ဆိုတာ အဲဒါကို ကျနော်တို့ သတိပေးချင်တာပါ။

ဒီဟာတွေကို ကျနော်တို့ တာဝန်ယူဖို့လိုတယ်။ တာဝန်ခံဖို့လိုတယ်။ ဒီလူတွေက လူသားတွေဖြစ်တယ်။ သူတို့ဟာ ရန်သူတွေ ဖြစ်ခဲ့ပေမယ့် ဒီလူတွေက အရှုံးပေး လက်နက်ချ အညံ့ခံပြီးတော့ ကျနော်တို့ မူဝါဒအပေါ်မှာ ဒီလူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကျနော်တို့ တာဝန်ခံဖို့လိုတဲ့အပေါ် အထူးသဖြင့် ဒါတွေက လိုက်နာဖို့လိုတယ်ဆိုတာကို ကမ္ဘာကို ပြသဖို့ လိုတယ်ဆိုတာ ကျနော်တို့ ပြောချင်ပါတယ်။

မေး။ ။ မြ၀တီပတ်ဝန်းကျင် နောက်ဆုံးစစ်ရေး အခြေအနေ သိသလောက် ပြောပြပေးပါ ။

ဖြေ။ ။ ပြောရမယ်ဆိုရင်တော့ မြ၀တီမှာ တပ်ရင်းတွေက ၃ ၊ ၄ ၊ ၅ ရင်းလောက်ရှိတယ်။ ၃၅၅ ရှိမယ်၊ ၃၅၆ ရှိမယ်၊ ၃၅၇ ရှိမယ်။ ဗျူဟာစခန်းရှိမယ်။ အဲဒါတွေကတော့ သွားကုန်ပြီ။ တကယ့် အချက်အချာတွေကကုန်ပြီ။ မြို့စောင့်တပ် ၂၇၅ တပ်ရင်းလေးတစ်ခုပဲရှိတယ်။ နောက်ပြီးတော့ အနီးအနားမှာ တပ်မ ၄၄ တပ်မမှူး ကိုယ်တိုင်ရှိတယ်လို့ ကျနော်တို့ကြားရတယ်။

၂၇၅ တပ်ရင်းကတော့ တစ်ရင်းပဲရှိတော့တာပဲ။ ၂၇၅ သတင်းအမျိုးမျိုးကြားတယ်။ KNLA ကတော့ ဆက်လုပ်စရာရှိတာ ဆက်လုပ်သွားမှာပဲ။ ကျနော်တို့ ခံစစ်ကနေ သူတင်ကိုယ်တင် အနေအထား တစ်ခုကို ၂ နှစ်ကျော်ရင်ဆိုင်လာပြီးတဲ့နောက်မှာ အခု ၃ နှစ်ကျော်လာတဲ့အချိန်မှာ ထိုးစစ်ဖြစ်နေပြီ။

သူတို့ ဘယ်လိုပဲ သတင်းတွေ လွှင့်၊ လွှင့် ဘယ်လိုပဲ ကြုံးဝါးပြီး ပြန်သိမ်းမယ်ပြောပြော ။ ဒုချုပ်ကိုယ်တိုင်က ဘယ်လိုပြန်သိမ်းမယ်ပြောပြော ဘယ်လောက်ပဲ ထွက်ထွက် အခုကတော့ ဖာပွန်လည်း ကျသွားပြီ။ မြ၀တီမှာလည်း သင်္ဃန်းညီနောင် ကျသွားပြီ။ ကျနော်တို့ ရှေ့တိုးဖို့ပဲ ကျန်တယ်။ ခံစစ်ကနေ သူတင်ကိုယ်တင်အနေအထားရောက်လာပြီထိုးစစ်ကနေ တစ်ဆင့်ပြီး တစ်ဆင့် သွားတော့မယ်။ လမ်းကြောင်းက ရှင်းနေတာပဲ။ လမ်းကြောင်းရှုပ်နေတဲ့ အနေအထားမှာ ရပ်ခံနိုင်သေးတာပဲ။ အခု လမ်းကြောင်းရှင်းနေတဲ့အချိန်မှာကျနော်တို့ ဘာမှ ဆုတ်စရာ အကြောင်းမရှိတော့ဘူး။

မေး။ ။ မြ၀တီကို သိမ်းပြီဆိုရင် ပြည်သူလူထုကို တရားဝင် အသိပေးမှာလား။

ဖြေ။ ။ အဲဒါကတော့ အချိန်ကျရင် ကျနော်တို့ ပေးမှာပါ။ မပူကြပါနဲ့။ ကျနော်တို့ ပြည်သူတွေနဲ့အတူ ရပ်တည်မှာပါ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article