25 C
Yangon

စစ်ကောင်စီတပ်က တိုက်လေယာဉ်များစွာ မြ၀တီမြို့သို့ လာရောက် ဗုံးကျဲနေပြီး မြေပြင်တွင်လည်း မော်လမြိုင်မှ စစ်ကား ၁၀၀ ကျော် ဘားအံဘက်သို့ တောက်လျှောက်သွားနေ၊ မြ၀တီမြို့ အဝင်အထွက်များ ပိတ်ထားပြီ

Must read

စစ်ကောင်စီတပ်က တိုက်လေယာဉ်များစွာ မြ၀တီမြို့သို့ လာရောက် ဗုံးကျဲနေပြီး မြေပြင်တွင်လည်း မော်လမြိုင်မှ စစ်ကား ၁၀၀ ကျော် ဘားအံဘက်သို့ တောက်လျှောက်သွားနေ၊ မြ၀တီမြို့ အဝင်အထွက်များ ပိတ်ထားပြီ

ရန်ကုန်၊ ဧပြီ ၁၀

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်များစွာ အသုံးပြု၍ ဗုံးကျဲ တိုက်ခိုက်မှုများ ယနေ့ နံနက်ပိုင်းမှ စတင်၍ ဆက်တိုက်လုပ်ဆောင်နေပြီး အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများနှင့် စစ်ရေး သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဧပြီလ၁၀ ရက်နေ့ နံနက် ၃ နာရီဝန်းကျင်မှစတင်၍ စစ်ကောင်စီ၏ တိုက်လေယာဉ်များက အဆက်မပြတ် မြ၀တီမြို့ကို ဗုံးကျဲမှုများ လုပ်ဆောင်နေကြောင်း၊ ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင်လည်း ပေါင် ၅၀၀ ဗုံး ကြီး ၃ လုံးကို မြ၀တီမြို့ပြင်ပ ခလရ ၂၇၅ အနီးပတ်ဝန်းကျင်သို့ ကျဲချသွားကြောင်း သိရှိရသည်။

“လေယာဉ်နဲ ဗုံးလာချတာ။ ၃ လုံး၊ မြ၀တီမြို့ပေါ့် တိုက်အိမ်တောင်တုန်တယ်။ ဒီမနက် ၁၀ နာရီ ၁၅ လောက်ဖြစ်မယ်။ လေယာဉ်တွေကတောက်လျှောက်ပဲ တက်လာနေတာ” ဟု မြ၀တီမြို့အခြေစိုက် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ် လုပ်ဆောင်သည့်အပြင် မြေပြင်တွင်လည်း မော်လမြိုင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ သံချပ်ကာကားများ၊ စစ်ကူကားများ အစီး ၁၀၀ ကျော် ယနေ့ နံနက် အစောပိုင်းမှစတင်၍ ဘားအံဘက်သို့ ဦးတည်သွားနေကြောင်း သိရှိရသည်။

“ဒီမနက်တင် သထုံ ကြာပန်း ရွာကို ဖြတ်ပြီး အစီး ၅၀ ကျော်ပြီ။ ဘားအံဘက်ကို ဦးတည်ထားတယ်။ ဒီမနက် လင်းအားကြီး အချိန်ကစပြီး အခုထက်ထိ သံချပ်ကာ၊ တင့်ကားရော အစီး ၁၀၀ ဘားအံဘက်ဆီ ဦးတည်သွားနေတယ်။ စစ်ကားတန်းတွေ တောက်လျှောက်ပဲ။ ဒီမနက် ၂ နာရီကတည်းက စစ်ကားတွေ တောက်လျှောက် ဆင်းနေတာ။ စစ်သား အပြည့်ပါတဲ့ ကားက အစီး ၈၀ လောက်ရှိမယ်။ တောက်လျှောက် သွားနေတာက ကားအစီးရေ ၁၀၀ ကျော်နေပြီ” ဟု သထုံမြို့မှ ကင်းထောက်သတင်းရင်းမြစ်က ရှင်းပြသည်။

လတ်တလော မြ၀တီမြို့တွင် အဝင်အထွက်များကို တော်လှန်ရေးတပ်များက ပိတ်ဆို့လိုက်ပြီး စစ်ကောင်စီ၏ စစ်ယာဉ်တန်းများက မြ၀တီမြို့အထိ ဆင်းလာမည့် အခြေအနေ ဟု မျှော်လင့်ရကြောင်း မြ၀တီ စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

“ကားရာချီပြီးတော့ အသေခံ တက်လာမယ့် သဘောလို့ထင်တာပဲ။ လမ်းမှာ ကြားဖြတ်မဟန့်တားနိုင်ရင်တော့ မြ၀တီထဲထိ ဦးတည်ပြီး ဝင်လာမယ့် သဘောရှိတယ်” ဟု မြ၀တီစစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း စစ်ကောင်စီ၏ သံချပ်ကာကားနှင့် စစ်ယာဉ်တန်း ဘားအံသို့ ဖြတ်သန်းနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article