26 C
Yangon

သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာအထွက်တွင် ကျောက်ရထား ၁ စီး မိုင်း ထိမှန်ပြီး လမ်းချော်ကျ

Must read

သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာအထွက်တွင် ကျောက်ရထား ၁ စီး မိုင်း ထိမှန်ပြီး လမ်းချော်ကျ

ရန်ကုန်၊ ဧပြီ ၁၀

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာအထွက်တွင် ကျောက်ရထား ၁ စီး မိုင်း ထိမှန်ပြီး လမ်းချော်ကျမှုဖြစ်ပွားခဲ့ကြောင်း မြန်မာ့မီးရထားနှင့် နီးစပ်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၀ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာအထွက် နန်းတောင်းကြီးကျေးရွာ တံတားအမှတ် ၇၉ အနီးတွင် ကျောက်ရထား ၁ စီး မိုင်းထိမှန်ခဲ့ပြီး ရထားတွဲအချို့ လမ်းချော်ကျမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းချော်သွားသော ကျောက်ရထား စက်ခေါင်းကို ပြန်လည် မတင်ရန် အမှတ် ၇ ရန်ကုန် မလွှကုန်း စက်ခေါင်းစက်ရုံ မှ ဝန်ထမ်းများက မလွှကုန်းစက်ရုံမှ T60 ကရိန်း ရထားနှင့် တွဲပြင်အဖွဲ့များ၊ စက်မှုအဖွဲ့များ ယနေ့ နံနက် ၁၀ နာရီခန့် တွင် ရန်ကုန်မှ သထုံကို ထွက်ခွာသွားကြောင်း သိရှိရသည်။

“ဧပြီလ ၁၀ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာအထွက် နန်းတောင်းကြီးကျေးရွာ ရထားလမ်းမိုင်တိုင် အမှတ်-၁၂၅/၂ နှင့် ၁၂၅/၃ အကြား တံတားအမှတ် ၇၉ အနီး မိုင်းထိခဲ့၍ ရထားတွဲအချို့ လမ်းချော်ကျမှုဖြစ်ကာ ရပ်တန့်ခဲ့ကြောင်း သတင်းရရှိပါတယ်။ မလွှကုန်းစက်ရုံမှ T60 ကရိန်း ရထားနဲ့အ ခြားတွဲများ တွဲပြင်အဖွဲ့နဲ့ စက်ခေါင်းမတင်ရန် မလွှကုန်း စက်ရုံမှ စက်မှုအဖွဲ့ သားများ အခင်းဖြစ်တဲ့ နေရာသို့ ဒီမနက် ၁၀နာရီတွင် ရန်ကုန်မှ ထွက်ခွာသွားပါတယ်။ သင်္ကြန် နားနီးတော့ အထူးရထားထွက်ဖို့ ရှိပါတယ်။ ရထားလက်မှတ်တွေက သုံးရက်ကြိုရောင်းထားတွေ ရှိတယ်။ မီးရထားက သတင်းဖုံးထားပါတယ်” ဟု မြန်မာ့မီးရထားနှင့် နီးစပ်သူ တစ်ဦးက ပြောဆိုသည်။

ယင်းမိုင်းထိမှန်သော မီးရထား စက်ခေါင်း အမှတ်မှာ DF-1373 ဖြစ်ပြီး T/60 ကရိန်း ရထား စက်ခေါင်းအမှတ်မှာ DF-1361 ဖြစ်ကြောင်း မြန်မာ့မီးရထားနှင့် နီးစပ်သူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article