25 C
Yangon

ဘားအံဘက်မှ မြ၀တီဘက်သို့ စစ်ကူရန် သံချပ်ကာကား ၂ စီး၊ စစ်ကား နှင့်ဖောကား အစီး ၂၀ ကျော် အပါအဝင် စုစုပေါင်း ကားစီးရေ ၃၀ ခန့်ပါ စစ်ယာဉ်တန်း ထွက်ခွာသွား

Must read

ဘားအံဘက်မှ မြ၀တီဘက်သို့ စစ်ကူရန် သံချပ်ကာကား ၂ စီး၊ စစ်ကား နှင့်ဖောကား အစီး ၂၀ ကျော် အပါအဝင် စုစုပေါင်း ကားစီးရေ ၃၀ ခန့်ပါ စစ်ယာဉ်တန်း ထွက်ခွာသွား

■ ကလောမြို့ အခြေစိုက် တပ်မ ၅၅ မှ စစ်ကူ တပ်များကို Air KBZ လေယာဉ်ဖြင့် မော်လမြိုင်လေဆိပ်သို့ သယ်ပို့ခဲ့

ရန်ကုန်၊ ဧပြီ ၁၀

ကရင်ပြည်နယ်၊ ဘားအံဘက်မှ မြ၀တီဘက်သို့ စစ်ကူရန် သံချပ်ကာကား ၂ စီး၊ စစ်ကား နှင့်ဖောကား အစီး ၂၀ ကျော် အပါအဝင် စုစုပေါင်း ကားစီးရေ ၃၀ ခန့်ပါ စစ်ကူ ယာဉ်တန်းသည် မြ၀တီမြို့သို့ ဦးတည် ထွက်ခွာသွားကြောင်း ယာဉ်တန်း ဖြတ်သန်းရာတစ်လျှောက်မှ ဒေသပြည်သူများနှင့် ဒေသသတင်းရင်းမြစ်များက ပြောဆိုကြသည်။

“အခု မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ကျော်အချိန် အိန္ဒူ-သာမညဘက်ကနေ မြ၀တီဘက်ကို စစ်ကားတန်း တက်သွားတယ်။ သံချပ်ကာ တင့်ကား ၂ စီးက ရှေ့က နောက်မှာ စစ်ကားနဲ့ ဖောကား အစီး ၂၀ ကျော်လောက်ရှိမယ်။ စစ်ကား ၁ စီးကို လူ ၂၀ ကျော်လောက်ပါတယ်။ စစ်ကားက အစီး ၂၀ ကျော်လောက်ရှိမယ်။ အာရှလမ်းဘက်ကို ဦးတည်ထားတော့ မြ၀တီစစ်ကူထင်တယ်။ စစ်ဝတ်စုံအသစ်တွေနဲ့ လူသစ်တွေလားတော့မပြောတတ်ဘူး။

စစ်သားတွေက အသက်ငယ်တယ်။ ရုပ်တွေကမလန်းမဆန်းနဲ့ စစ်ဝတ်စုံတွေက အရမ်းကို သစ်နေတာ” ဟု မျက်မြင်တွေ့ရှိရသူ ပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကားများတွင် တပ်မ ၅၅ ဘက်တံဆိပ်နှင့် တပ်မ ၇၇ ဘက်တံဆိပ်များ မြင်ရကြောင်း၊ အဆိုစစ်ကားတန်းသည် အာရှလမ်းမကြီးကို အသုံးပြုနိုင်သည်ဟု သတင်းကြားသိထားကြောင်း၊ ဘားအံမြို့ထဲသို့ သထုံဘက်မှ စစ်ကားများ တဖွဲဖွဲ ဝင်ရောက်လာနေကြောင်း ဒေသသတင်းရင်းမြစ် Hpa-an News က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ပထမအသုတ် စစ်ယာဉ်တန်းကတော့ မြ၀တီဘက်ကို တက်သွားပြီ။ မြဝတီဘက်ကို အာရှလမ်းဘက်အတိုင်း တက်သွားပြီလို့ ထပ်သိထားတယ်။ နောက်ထပ် စစ်ကား ၇၂ စီးလည်း ဘားအံထဲဝင်လာတယ်။ ပထမအသုတ်မှာပဲ စစ်သားအင်အား အများအပြားပါတယ်။ ဒုတိယအသုတ် ၇၂ စီးမှာ ရိက္ခာနဲ့ ခဲယမ်းတွေပဲပါတယ်။ စစ်ကူယာဉ်တန်းတွေက မြ၀တီအထိ အသေခံတိုးမယ့်ပုံရှိတယ်” ဟု ဒေသသတင်းရင်းမြစ် Hpa-an News က ဆိုသည်။

တပ်တွင်းသတင်းရင်းမြစ်ကလည်း စစ်ကောင်စီက မြ၀တီမြို့ကို လက်မလွှတ်ရရေးအတွက် လေကြောင်းပစ်ကူ၊ မြေပြင်စစ်ကူများနှင့် ပစ်အားကို တအား သုံး၍ ပြန်လည် သိမ်းပိုက်နိုင်ရန် ကြိုးစားမည်ဖြစ်ကြောင်း၊ ကလောတပ်မ ၅၅ ဘက်မှ စစ်ကူ စစ်သားများကို မော်လမြိုင်လေဆိပ်သို့ Air KBZ လေယာဉ်များဖြင့် သယ်ပို့ ရောက်ရှိနေကြောင်း ရှင်းပြသည်။

“တပ်မ ၅၅ က တပ်ရင်း ၁၀ ရင်းလုံး အင်အား ၈၀၀ နဲ့ ၁၀၀၀ ကြားရှိလောက်မယ်။ Air KBZ လေယာဉ်နဲ့ အခေါက်အခါခါ ကျော့ပြီး သယ်နေတာ” ဟု တပ်တွင်း သတင်းရင်းမြစ် က ဆက်လက်ရှင်းပြသည်။

ကရင်ပြည်နယ်တစ်ဝန်း စစ်ကောင်စီက နယ်မြေပြန်လည် စိုးမိုးရေးအတွက် တပ်မ ၅၅ တပ်မတစ်ခုလုံးကို အသုံး ပြုနေသည့် အခြေအနေရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်က ရှင်းပြသည်။

ဓာတ်ပုံ- ယနေ့ ဘားအံမြို့သို့ ဝင်လာသည့် စစ်ကူယာဉ်တန်းနှင့် မြ၀တီသို့ သွားနေသည့် စစ်ယာဉ်တန်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article