25 C
Yangon

ရမ်းဗြဲမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်၏ နေဗီက လက်နက်ကြီးဖြင့် ပစ်ခတ်မှု အမျိုးသမီး ၁ ဦးသေဆုံး၊ ဆီဆိုင်မြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် ပြည်သူ ၂ ဦးကို စစ်တပ် လက်အောက်ခံ PNO အဖွဲ့က ပစ်သတ်မှု ၁ ဦးသေဆုံး

Must read

ရမ်းဗြဲမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်၏ နေဗီက လက်နက်ကြီးဖြင့် ပစ်ခတ်မှု အမျိုးသမီး ၁ ဦးသေဆုံး၊ ဆီဆိုင်မြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် ပြည်သူ ၂ ဦးကို စစ်တပ် လက်အောက်ခံ PNO အဖွဲ့က ပစ်သတ်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၀

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်၏ နေဗီက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ ဧပြီလ ၁၀ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ရမ်းဗြဲမြို့နယ်၊ ကုန်ဘောင်တိုက်နယ်ရှိ ကျေးရွာများကို ရမ်းဗြဲမြို့နယ်နှင့် မာန်အောင်မြို့‌နယ် အကြား ရေလက်ကြားတွင် ရပ်နားထားသည့် အကြမ်းဖက် စစ်တပ်၏ နေဗီက လက်နက်ကြီးများဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးများ ထိမှန်ပြီး ရွာသာယာကျေးရွာမှ အသက် ၄၀ ကျော်အရွယ် ဒေါ်အေးသန်းမြင့် သေဆုံးခဲ့ပြီး ပုံညဝတီကျေးရွာမှ အသက် ၃၀ ကျော် အရွယ် ဒေါ်လှိုင်လှိုင်ကြူ နှင့် အမည်မသိသူ ၄ ဦးထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“မနက်ပိုင်းလောက်မှာဖြစ်တာပါ။ လက်နက်ကြီးကျတော့ တစ်ယောက်က ဝမ်းဗိုက်ဒဏ်ရာ ပြင်းထန်ပြီးရတယ်။ သွေးထွက်လွန်ပြီးတော့ ၁၀ နာရီခွဲမှာဆုံးသွားပါတယ်။ နောက်ထပ် ၄ ယောက်လောက်တော့ ထိခိုက်ဒဏ်ရာရတာတွေရှိတယ်” ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ရမ်းဗြဲမြို့နယ်သည် ရက္ခိုင့်တပ်တော်၏ ထိန်းချုပ်နယ်မြေ တစ်ခုဖြစ်နေပြီး အကြမ်းဖက် စစ်တပ်က ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့ကလည်း ဂျက်တိုက်လေယာဥ်များဖြင့် လာရောက် ပစ်ခတ်မှုများရှိခဲ့ပြီး ယင်းပစ်ခတ်မှုအတွင်း ဖက်ကြပ်ကျေးရွာမှ ကလေးငယ် ၁ ဦး သေဆုံးကာ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် အဆောက်အအုံများလည်း ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ မတ်လ ၂၁ ရက်နေ့အထိ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲများအတွင်း အပြစ်မဲ့အရပ်သား ပြည်သူ ၁၇၉ ဦး သေဆုံးခဲ့ရပြီး သေဆုံးသူ ၁၇၉ ဦးထဲတွင် အမျိုးသမီး ၆၄ ဦးနှင့် အမျိုးသား ၁၁၅ ဦးပါဝင်ကြောင်း ULA/AA ၏ HDCO က ဧပြီလ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထို့ပြင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆီဆိုင် -စံကား လမ်းပိုင်းတွင် တောင်ယာ လုပ်ကိုင်ပြီး ဆိုင်ကယ် ဖြင့်ပြန်လာသော ဇနီးမောင်နှံ ၂ ဦးကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ PNO အဖွဲ့က အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ဇနီးဖြစ်သူ သေဆုံးခဲ့ကြောင်း ဒေသ‌ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ကြားသည်။

ယနေ့ ဧပြီလ ၁၀ ရက် နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က ဆီဆိုင်မြို့နယ်၊ ဆီဆိုင် – စံကားလမ်းအတိုင်း တောင်ယာအလုပ်မှ ပြန်လာသော နောင်သိမ်ကျေးရွာနေ ကိုစိုးပိုင်(ခ)ကိုယောင်းနှင့် ဇနီးဖြစ်သူ ဒေါ်မူတို့ကို ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်တပ် လက်အောက်ခံ PNO ပြည်သူ့စစ်များက လက်နက်ငယ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ရာ ဇနီးဖြစ်သူ၌ ဝမ်းဗိုက်ဘယ်ဘက်မှ ညာဘက်သို့ ထုတ်ချင်းပေါက်ပွင့်ထွက်ပြီး သေဆုံးသွားကြောင်း သိရသည်။

“အမေးအမြန်းမရှိ ပစ်ခတ် သတ်ဖြတ်လိုက်တာ အမျိုးသားက လွတ်လာတယ်။ ဆိုင်ကယ်မောင်းနေရင်း လမ်းမပေါ်ထွက်ပြီး ပစ်သတ်ခဲ့တာ အမျိုးသားကိုပါ ပစ်တာ ကျည်မထွက်လို့ PNO တွေ ၉ ယောက်ပဲ၊ သူတို့စွန့်ခွာသွားတဲ့ ဂိတ်ဟောင်းနားကို ကင်းပုန်းပြန်လာယူတာပါ” ဟု တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

သေနတ် ထိမှန်သေဆုံးသွားသည့် အမျိုးသမီး၏ ရုပ်အလောင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက သွားရောက် ယူဆောင်ပေးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article