25 C
Yangon

ပြင်ဦးလွင်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သင်္ကြန် အလည် လာသူများ အကုန်ဆင်းပြေး၊ ဆေးရုံအဆောင် ဒုံးထိမှန်၍ ဆေးရုံတက်သူများလည်း ဆေးမကုတော့ဘဲ ဆင်းသွား

Must read

ရန်ကုန်၊ ဧပြီ ၁၅

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကို ယမန်နေ့ ညပိုင်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သင်္ကြန်ကာလ ပြင်ဦးလွင်သို့ အလည်လာသူများ ယနေ့ နံနက်ပိုင်းတွင် အကုန် ပြန်ဆင်းပြေးကြကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဧပြီလ ၁၄ ရက်နေ့ ည ၉ နာရီ ၁၇ မိနစ်အချိန်မှစတင်၍ ည ၁၀ နာရီ ၁၇ မိနစ်ဝန်းကျင်အချိန်အထိ စုစုပေါင်း ၁ နာရီ ကြာ ပြင်ဦးလွင်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင် အလည်လာသူများ အကုန် ပြန်လည် ဆင်းပြေးနေကြကြောင်း သိရှိရသည်။

“ဒီနေ့ ပြင်ဦးလွင်ကို အတက်ကားမရှိဘူး။ အကုန်အဆင်းကားတွေချည်းပဲ။ အလည်လာသူတွေ အကုန်ပြန်ပြေးကြတာ။ မနေ့က စစ်ပွဲဖြစ်သလို တစ်မြို့လုံး တအုန်းအုန်း တဒိုင်းဒိုင်းဆိုတော့ ဒီမနက် အကုန် အလည်လာသူတွေ ဟိုတယ်တွေက ထွက်ပြီး ပြန်ပြေးကြတာ” ဟု ပြင်ဦးလွင်မှ တည်းခိုခန်းမန်နေဂျာတစ်ဦးက ဆိုသည်။

ထို့ပြင် ယမန်နေ့ ညပိုင်း ပြင်ဦးလွင်ဆေးရုံ ၊ အရိုးခွဲစိတ်ကုသဆောင်တွင် ရှော့တိုက်ဒုံးထိမှန်ခဲ့သဖြင့် ဆေးရုံတက်နေသည့် လူနာအများစု ယနေ့ နံနက်ပိုင်း ဆေးရုံမှ ဆင်းကြခြင်းနှင့် ထွက်ခွာခြင်းများ ရှိနေကြောင်း သိရှိရသည်။

“မနေ့ညက ရှော့တိုက်ဒုံးကျတဲ့ ဆေးရုံအဆောင်ကိုတော့ မနက်က သွားကြည့်လို့ရသေးတယ်။ မနက် ၈ နာရီလောက်ကျတော့ ပေးမဖြတ်တော့ဘူး။ ဒီနေ့ ဆေးရုံက တော်တော်များများ ဆင်းကုန်ကြတယ်။ တချို့လည်း မန္တလေးမှာ သွားကုမယ်ဆိုပြီး လူနာတင်ကားတွေနဲ့သယ်ပြီး ဆင်းကြတယ်။ တချို့ကတော့ ဆေးရုံမှာ မနေရဲလို့ ကို ဆင်းကြတာ။ အကုန်လန့်ကုန်ကြတာ။ နောက်ထပ်များ တိုက်ပွဲတွေ ထပ်ဖြစ်မလားဆိုပြီး ဆင်းကြတာ” ဟု ပြင်ဦးလွင်ဆေးရုံတွင် တက်ရောက်ကုသပြီး ယနေ့ နံနက်ပိုင်း ပြန်လည် ဆင်းသွားသည့် အရိုးအကြော လူနာရှင် တစ်ဦးက ရှင်းပြသည်။

လက်ရှိ ပြင်ဦးလွင်မြို့အတွင်းတွင် စစ်တပ်က တင်းကျပ်သော စစ်ဆေးမှုများ လုပ်ဆောင်နေပြီး အထူးသဖြင့် ကန်တော်လေးနှင့် ကန်တော်ကြီးပတ်ဝန်းကျင်၊ မြို့လယ်ခေါင်တို့တွင် အစစ်အဆေးများကြောင်း၊ ပြင်ဦးလွင်တွင် သင်္ကြန်ကာလ နားနေရန် ရောက်ရှိနေသော အကြမ်းဖက် မင်းအောင်လှိုင်မှာ ယမန်နေ့ ပြင်ဦးလွင်မှ ပြန်လည် ထွက်ခွာသွားကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယမန်နေ့ ညပိုင်း ရှော့တိုက်ဒုံးထိမှန်ထားသည့် ပြင်ဦးဆေးရုံ၊ အရိုးကုသဆောင်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ပြင်ဦးလွင် #ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှု #ဆေးရုံအဆောင် ဒုံးထိမှန်

ယမန်နေ့ ညပိုင်း ရှော့တိုက်ဒုံးထိမှန်ထားသည့် ပြင်ဦးဆေးရုံ၊ အရိုးကုသဆောင်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article