36 C
Yangon

ပလောက်မြို့၊ တံတားကြီးအနီးရှိ စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး၊ အနောက်ကမ်း အုပ်ချုပ်ရေးမှူး နေအိမ်ကိုလည်း မီးရှို့ရှင်းလင်း

Must read

ပလောက်မြို့၊ တံတားကြီးအနီးရှိ စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး၊ အနောက်ကမ်း အုပ်ချုပ်ရေးမှူး နေအိမ်ကိုလည်း မီးရှို့ရှင်းလင်း

ရန်ကုန်၊ ဧပြီ ၁၇

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ တံတားကြီးအနီး တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် ပလောက်မြို့၊ တံတားကြီးအနီးရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော စစ်ဆေး ရေးဂိတ်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှု ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်း များပြားကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေစဉ် အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကူများ ထပ်မံရောက်ရှိလာသောကြောင့် တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များသည် အကြမ်းဖက် စစ်သားများ တပ်စွဲလေ့ရှိသည့် ပလောက်မြို့ အနောက်ကမ်း အုပ်ချုပ်ရေးမှူး စုကန်း၏ နေအိမ်ကို မီးရှို့ ဖျက်ဆီးခဲ့ကာ မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်တွင် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ရဲဘော်တွေ မျက်မြင်အရ ၄ ကောင် သေတယ်။ ဒေသခံတွေကတော့ အထိအခိုက်ရောဆို အားလုံးပေါင်း ၇ ဦးလောက် ရှိတယ်လို့ ပြောတယ်” ဟု မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (ပုလော)၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းနှင့် ပုလောစစ်ကြောင်း-၁ နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းနှင့် မဟာမိတ် တော်လှန်ရေး တပ်ဖွဲ့များသည် ပုလောမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံများနှင့် ပျူစောထီးများကို အရှိန်အဟုန်မြှင့် တိုက်ခိုက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် စစ်ရေးသတင်းများကို စောင့်ကြည့်၍ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းနှင့် မဟာမိတ် တော်လှန်ရေးအင်အားစုများက ထုတ်ပြန်သည့် ညွှန်ကြားချက်များကို လိုက်နာ ပူးပေါင်းကြရန် မေတ္တာရပ်ခံကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article