28 C
Yangon

မြ၀တီမြို့ ခုခံကာကွယ်မှု စစ်ဆင်ရေး မပြီးဆုံးသေး၍ အောင်ပွဲခံရန်မရှိဘဲ မြို့ကိုလည်း အုပ်ချုပ်မှု မစတင်သေး၊ KNLA၊ KNDO ၊ PDF မဟာမိတ်ပူးပေါင်းတပ်များအပေါ် ပြည်သူများ ယုံကြည်မှုရှိကြရန် KNU တိုက်တွန်း

Must read

BGF အသွင်ပြောင်း KNA တပ်ဖွဲ့အနေဖြင့် လက်နက်များ ပြန်အပ်ရန် စစ်ကောင်စီက ဗိုလ်မှူးကြီး စောချစ်သူကို ပြော၊ မအပ်လျှင် ရွှေက္ကိုလ်ကို တိုက် ခိုက်မည်ဟု ခြိမ်းခြောက်

ရန်ကုန်၊ ဧပြီ ၁၉

ကရင်အမျိုးသားအစည်းအရုံး KNU အနေဖြင့် မြ၀တီမြို့ ခုခံကာကွယ်မှု စစ်ဆင်ရေး မပြီးဆုံးသေး၍ အောင်ပွဲခံရန်မရှိဘဲ မြို့ကိုလည်း အုပ်ချုပ်မှု မစတင်သေးကြောင်း၊ KNLA ဦးဆောင်သော မဟာမိတ်တော်လှန်ရေး ပူးပေါင်းတပ်များအပေါ် ပြည်သူများ ယုံကြည်မှုရှိကြရန် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက တိုက်တွန်းပြောဆိုလိုက်သည်။

ထိုင်းအခြေစိုက် မီဒီယာဖြစ်သော The Reporters နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး KNU အနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ညှိနှိုင်းရန် မရှိကြောင်း၊ လတ်တလော မြ၀တီမြို့ အခြေအနေနှင့်ပတ်သက်၍ စစ်ဆင်ရေးများ မပြီးဆုံးသေး၍ တရားဝင် အုပ်ချုပ်မှု မြ၀တီမြို့တွင် မစတင်သေးကြောင်း၊ စစ်ဆင်ရေး ပြီးဆုံးရန် ပထမဦးဆုံး လုပ်ဆောင်ရမည်ဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းများက ကော့ကရိတ်မြို့အနီးတွင် ဖြတ်တောက် ပိတ်ဆို့ထားကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ နီးပါး သေဆုံးပြီး စစ်တပ်၏ သံချပ်ကာတင့်ကား ၂ စီး(သို့မဟုတ်) ၃ စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီအနေဖြင့် မြ၀တီမြို့ကို ပြန်လည် သိမ်းပိုက်ရန် ယခင်ကဲ့သို့ လွယ်ကူ မည်မဟုတ်ကြောင်း ပြောဆိုသည်။

“ကျနော်တို့အနေနဲ့ ပြောချင်တာက ရှေ့တန်းမှာရှိတဲ့ KNLA၊ KNDO ၊ PDF မဟာမိတ်ပူးပေါင်းတပ်တွေအပေါ်မှာ ယုံကြည်မှု ရှိပါ။ မြ၀တီမြို့ကို စစ်တပ်က အရင်လို လွယ်လွယ်နဲ့ ပြန်သိမ်းလို့မရပါဘူး။ ကျနော်တို့အနေနဲ့ လက်ရှိမှာ စစ်ဆင်ရေး အဆုံးသတ်နိုင်ဖို့ စောင့်ဆိုင်းနေပါတယ်။ပြီးရင်တော့ မြို့ပြ အုပ်ချုပ်ရေးတွေ ကျနော်တို့ လုပ်ပါ့မယ်။ လက်ရှိမှာတော့ မြ၀တီမှာ နိုင်ငံရေးအရအုပ်ချုပ်မှု ကင်းလွတ်နေတာမျိုးရှိပါတယ်။ အရင်က ရှိနေတဲ့ ယန္တရားကပဲ ဆက်သွားနေတာဖြစ်ပါတယ်” ဟု ပဒိုစောတောနီးက ပြောဆိုသည်။

လက်ရှိတွင် အခြေအနေက တည်ငြိမ်မှု မရှိသေးကြောင်း၊ ထို့ကြောင့် လတ်တလော တိုက်ခိုက်ရေးက ဦးစားပေး ပထမဖြစ်ပြီး နယ်ပယ်အားလုံးတွင် ပေါ်လစီများ ချမှတ်ရန်လည်း အစီအစဉ် ချမှတ်ထားကြောင်း၊ လူထုအတွက် အကောင်းဆုံး လုပ်ဆောင်သွားမည်ဖြစ်ပြီး စစ်ကောင်စီကဲ့သို့ အုပ်ချုပ်မည်မဟုတ်ကြောင်း၊ လူထုနှင့်အတူ ပန်းတိုင်သို့ အလုပ်လုပ်သွား မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံရေးအရလည်း တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်နေပြီး NUG ၊ KNPP ၊ CNF ၊ KIO တို့နှင့် ဘုံပန်းတိုင်သို့ ချီတက်နေကြောင်း၊ အထူးသဖြင့် စစ်တပ်က နိုင်ငံရေးမှ ထွက်ခွာပြီး လုံး၀ စွက်ဖက်ခြင်းမပြုရန်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရန် ၊ စစ်တပ်ကျူးလွန်သော ပြစ်မှုများအတွက် တရားမျှတမှု ယူဆောင်ရန်၊ အနာဂတ်ဒီမိုကရက်တစ် ဖက်ဒရယ်အစိုးရတွင် စစ်တပ်ကို ပြုပြင်ပြောင်းလဲရန် တို့အတွက် ပူးတွဲအလုပ်လုပ်နေကြောင်း ပြောဆိုသည်။

KNU အနေဖြင့် ကော်သူလေးပြည် တည်ထောင်သွားမည်ဖြစ်ပြီး ကော်သူလေးပြည်သည် ကရင်တိုင်းရင်းသားများအတွက်သာမက တိုင်းရင်းသားအားလုံးနှင့်အတူ လက်တွဲ နေထိုင်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

အခြားတစ်ဖက်တွင်လည်း မြ၀တီမြို့ကို လုံခြုံရေး တာဝန်ယူထားသော BGF အသွင်ပြောင်း KNA တပ်ဖွဲ့အနေဖြင့် လက်နက်များ ပြန်အပ်ရန် စစ်ကောင်စီက KNA ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူကို ပြောဆိုလာပြီး လက်နက်များ ပြန်မအပ်ပါက ရွှေက္ကိုလ်ကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်နေကြောင်း Thai PBS North က သတင်းဖော်ပြထားသည်။

ဓာတ်ပုံ – သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီတပ်ရင်းတွင် KNLA လက်အောက်ခံ ကော်ဘရာစစ်ကြောင်းက ကရင်အမျိုးသားအလံ လွှင့်ထူနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မြ၀တီမြို့ ခုခံကာကွယ်မှု စစ်ဆင်ရေး #အုပ်ချုပ်မှု မစတင်သေး #ယုံကြည်မှုရှိကြရန် KNU တိုက်တွန်း

သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီတပ်ရင်းတွင် KNLA လက်အောက်ခံ ကော်ဘရာစစ်ကြောင်းက ကရင်အမျိုးသားအလံ လွှင့်ထူနေစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article