29 C
Yangon

အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်ကို အမြန်ဆုံးလွှတ်ရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တောင်းဆို

Must read

စစ်ကောင်စီ ထည့်သော ဂျင်းကို ထိုင်းနှင့်နိုင်ငံတကာက မျက်စိလည် လမ်းမှားထောက်ခံဟု တိုင်းရင်းသားလွှတ်တော်အမတ် ၁ ဦး သုံးသပ်

ရန်ကုန်၊ ဧပြီ ၁၉

အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်ကို အမြန်ဆုံးလွှတ်ရန် ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Parnpree Bahiddha-Nukara က တောင်းဆိုကြောင်း ဧပြီလ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်တို့ကို အကျဉ်းထောင်အတွင်းမှ နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲလိုက်ပြီဆိုသော သတင်းများအပေါ် ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Parnpree Bahiddha-Nukara က ကြိုဆိုလိုက်ကြောင်း၊ ထိုသို့ ပြောင်းရွှေ့မှုသည် နိုင်ငံတကာအသိုင်းအ၀ိုင်းက အမြဲလိုလို တောင်းဆိုလေ့ရှိသည့် နေအိမ်အကျယ်ချုပ်ပြန်ထားရေး အတွက် အပြုသဘောသော ခြေလှမ်းဖြစ်ကြောင်း၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည် ဖော်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်ကို ချက်ချင်း ပြန်လွှတ်ပေးရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန် တောင်းဆိုထားသည်။

ထိုင်းနိုင်ငံက စစ်ကောင်စီ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ထုတ်ပြန်မှုသည် ဂျင်းသတင်းကို ကြိုဆိုနေခြင်းဖြစ်ပြီး ထိုင်းနိုင်ငံနှင့် နိုင်ငံတကာက စစ်ကောင်စီ၏ ရေရာမှု မရှိသော သတင်းထုတ်ပြန်မှုအပေါ် မျက်စိလည် လမ်းမှား ယုံကြည်နေကြကြောင်း ပြည်တွင်းတွင် လက်ရှိနေထိုင်နေသော တိုင်းရင်းသားပါတီမှ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သုံးသပ်ပြောဆိုသည်။

“နံပါတ် ၁ ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို နေရာပြောင်းတယ်။ အပူဒဏ်ကြောင့်​ အပူဒဏ် သက်သာဖို့ နေရာပြောင်းတယ်။ အကျဉ်းထောင်ကနေ နေရာပြောင်းတယ်။ ဒီလိုမျိုးပဲ ပြောထားတာ။ နေအိမ်အကျယ်ချုပ်ပြန်ထားတယ်ဆိုတဲ့ တိကျတဲ့ ကြေညာချက်လည်းမရှိဘူး။ ကြေလည်း မကြေညာဘူး။ အဲဒီတော့ စစ်ကောင်စီက ဘာမှ တိတိကျကျ ရေရေရာရာ ထုတ်ပြန်တာမဟုတ်တာကို ထိုင်းနိုင်ငံက ကြိုဆိုနေတာဟာ အတော်ကို မှားတယ်လို့ မြင်ပါတယ်။ စကားပုံနဲ့ ပြောရရင် ခပ်ရိုင်းရိုင်းတော့ဖြစ်မလားမသိဘူး။ “ခွေးဝမ်းသာအောင် လေလည်ပြခြင်း” တစ်မျိုးပဲ။ စစ်ကောင်စီက ဘာမှ ရေရေရာရာ တိတိကျကျ လုပ်ပြတာမရှိဘဲ ကြိုဆိုနေတာက ဘာမှ ဖြစ်မလာနိုင်ဘူး” ဟု ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်သား လွှတ်တော်အမတ်က သုံးသပ်ပြောဆိုသည်။

ထို့ပြင် အာဆီယံဘုံသဘောတူညီချက် ၅ ချက်သည် လက်ရှိ မြန်မာနိုင်ငံရေးအကျပ်အတည်းကို မဖြေရှင်းနိုင်တော့သည်ကို နိုင်ငံတကာနှင့် အာဆီယံက နားမလည်ကြတော့ကြောင်း၊ မြန်မာ့အရေးတွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်များအကြား သူသေ ကိုယ်သေ ၊ သူနိုင် ကိုယ်နိုင် အပြိုင်ကျဲနေပြီဖြစ်၍ စေ့စပ် ဆွေးနွေးရုံဖြင့် အဖြေမရတော့ကြောင်း ပြောဆိုသည်။

“အာဆီယံဘုံသဘောတူညီချက် ၅ ချက်ဆိုတာက လူတွေ မသေထားဘူး၊ စစ်တပ်က ရွာတွေကို မီးမရှို့ထားဘူး။ ပြည်သူတွေကို မသတ်ဖြတ်ထားဘူးဆိုရင်တော့ ဖြစ်နိုင်တယ်။ အခုက မရတော့ဘူး။ စစ်တပ်က ပြည်သူတွေကို ရက်ရက်စက်စက်သတ်ထားတာ ထောင်ပေါင်းများစွာ၊ အတိုင်းအဆမဲ့ လူမဆန်အောင် လုပ်ထားတာ အရမ်းကို များနေပြီ။ အဲဒါကို ဘယ်လိုလုပ်ပြီး စေ့စပ်လို့ ရမလဲ။ ပြည်သူတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် တရားမျှတမှု မရှိဘဲ ဘယ်လိုမှ စေ့စပ်လို့မရဘူး။ ပြည်သူက အရမ်းနာထားတော့ စစ်တပ်နဲ့သွားပြီး စေ့စပ်ရင်လည်း စေ့စပ်သူက ရန်သူဆိုပြီး တော်လှန်ခံရမှာပဲ။ စစ်တပ်က အရမ်းလွန်ကျူးထားခဲ့တာမို့ စေ့စပ်ဆွေးနွေးရေးအ ခြေခံထားတဲ့ အာဆီယံသဘောတူညီချက်ဆိုတာ လုံး၀ ဘယ်လိုမှ အလုပ်မဖြစ်တော့ဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ – NLD အစိုးရလက်ထက် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အကြမ်းဖက် မင်းအောင်လှိုင်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #အာဆီယံဘုံသဘောတူညီချက် #ဒေါ်အောင်ဆန်းစုကြည် #သမ္မတဦးဝင်းမြင့် #ထိုင်းနိုင်ငံခြားရေးဝန်ကြီး

NLD အစိုးရလက်ထက် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အကြမ်းဖက် မင်းအောင်လှိုင်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article