30.5 C
Yangon

ပြင်ဦးလွင်တွင် စစ်တပ်၏လက်နက်ကြီးပစ်ခတ်သံများဖြင့် တစ်မြို့လုံး တုန်ခါနေ၊ တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော သရက်ကုန်းကျေးရွာမှ ပြင်ဦးလွင်မြို့ထဲအထိ အချိန်မရွေး ဝင်ရောက်လာနိုင်၍ စစ်တပ်က တစ်မြို့လုံး ခုခံစစ်ပြင်ထား

Must read

ပြင်ဦးလွင်တွင် စစ်တပ်၏လက်နက်ကြီးပစ်ခတ်သံများဖြင့် တစ်မြို့လုံး တုန်ခါနေ၊ တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော သရက်ကုန်းကျေးရွာမှ ပြင်ဦးလွင်မြို့ထဲအထိ အချိန်မရွေး ဝင်ရောက်လာနိုင်၍ စစ်တပ်က တစ်မြို့လုံး ခုခံစစ်ပြင်ထား

ရန်ကုန်၊ ဧပြီ ၂၁

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် ယမန်နေ့ ညပိုင်းမှစတင်ပြီး ယနေ့ နံနက်ပိုင်းအထိ စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်သံများဖြင့် တစ်မြို့လုံး တုန်ခါနေကြောင်း မြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ယမန်နေ့ည ၁၁ နာရီကျော်အချိန်မှစတင်ပြီး ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ် DSTA အတွင်းမှ တပ်စွဲထားသော စစ်တပ်ကလည်းကောင်း၊ ညောင်ကုန်းကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်တပ်ကလည်းကောင်း သရက်ကုန်းကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်လျက်ရှိကြောင်း၊ လက်နက်ကြီး ပစ်ခတ်သံများကြောင့် ပြင်ဦးလွင်တစ်မြို့လုံး တုန်ခါ မြည်ဟိန်းလျက်ရှိကြောင်း သိရှိရသည်။

“ပစ်နေတာကတော့ မနေ့ညပိုင်းကတည်းက ဒီမနက်တော့ လက်နက်ကြီးပစ်တာက ပိုပြီး အကြိမ်ရေများလာတယ်။ ဒီမနက် ၅ နာရီ ကျော်လောက်မှာ တအုန်းအုန်းနဲ့ကိုပစ်နေတာ။ ညောင်ကုန်းဘက်ကနေလည်း ပစ်တယ်။ DSAT ထဲကနေလည်း ပစ်နေတယ်။ သူတို့ ဦးတည်ပစ်နေတာက သရက်ကုန်းကျေးရွာဘက်ကို ဦးတည်ပစ်နေတာ။ လက်နက်ကြီးတစ်ခါပစ်ရင် အိမ်တွေတောင် တုန်တယ်။ ဒီမနက်ခင်းတင် အိမ်‌တုန်တာက ၁၅ ကြိမ် လောက်ရှိနေပြီ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

စစ်တပ်က ဦးတည်ပစ်ခတ်နေသော သရက်ကုန်းကျေးရွာမှာ ပြင်ဦးလွင်မြို့နယ်နှင့် နောင်ချိုမြို့နယ်အစပ်တွင် တည်ရှိပြီး ဧပြီလ ၁၅ ရက်နေ့ သရက်ကုန်းကျေးရွာ စစ်တပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၁ ဦးသေဆုံးပြီး လက်နက်ခဲယမ်း အမြောက်အမြားသိမ်းဆည်းရရှိကြောင်း သရက်ကုန်းတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ စစ်ကူလာသော စစ်ကူစစ်ကြောင်း ၂ ကြောင်းကို ထပ်မံပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများစွာဖြင့် စစ်တပ်က ဆုတ်ခွာသွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သတင်းထုတ်ပြန်ခဲ့သည်။

တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ထားသော သရက်ကုန်းကျေးရွာတပ်စခန်းသည် ပြင်ဦးလွင်နှင့် အလွန်နီးကပ်နေပြီး အချိန်မရွေး ပြင်ဦးလွင်ဘက်သို့ တော်လှန်ရေးတပ်များ ဝင်ရောက်လာနိုင်သည်ကို စစ်တပ်က စိုးရိမ်သဖြင့် DSA ၊ DSTA အပါအဝင် စစ်ကောင်စီတပ်များအတွင်းတွင် ခုခံစစ်များ ပြင်နေပြီဖြစ်ကြောင်း ပြင်ဦးလွင် တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“လက်နက်ခဲယမ်းဖြည့်တင်းတာတွေ၊ ပြင်ဦးလွင်မြို့ ခုခံကာကွယ်ရေး နဲ့ စစ်ဆင်ရေးအဖွဲ့တွေ တိုးချဲ့ဖွဲ့စည်းပြီး အတိုက်ခံရရင် ဘယ်လိုပြန်တုံ့ပြန်မယ်ဆိုတာမျိုးတွေတော့ လုပ်နေကြပြီ။ ဘန်ကာ၊ ကတုတ်ကျင်းတွေလည်း ထပ်တိုးနေပြီ” ဟု ပြင်ဦးလွင် စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။

ဓာတ်ပုံ- စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article