37 C
Yangon

စစ်ကောင်စီလေယာဉ်များက မြ၀တီမြို့အနီးဝန်းကျင်အထိ ဗုံးကျဲမှုများလုပ်လာပြီး ပြည်သူများ မြို့ကို စွန့်ခွာ ထွက်ပြေး၊ အမှတ် ၁ ချစ်ကြည်ရေးတံတားတွင် မြ၀တီဘက်မှ မဲဆောက်ဘက်သို့ ကူးမရတော့

Must read

စစ်ကောင်စီလေယာဉ်များက မြ၀တီမြို့အနီးဝန်းကျင်အထိ ဗုံးကျဲမှုများလုပ်လာပြီး ပြည်သူများ မြို့ကို စွန့်ခွာ ထွက်ပြေး၊ အမှတ် ၁ ချစ်ကြည်ရေးတံတားတွင် မြ၀တီဘက်မှ မဲဆောက်ဘက်သို့ ကူးမရတော့

■ မြ၀တီ သောင်ရင်းမြစ်ကမ်း အမှတ် ၁၂ ဂိတ်တွင် စစ်ရှောင် ပြည်သူများပိတ်မိနေပြီး ဒဏ်ရာရ ပြည်သူတချို့ ရှိနေ၍ ကူညီကယ်ဆယ်ပေးရန် မေတ္တာရပ်ခံ

ရန်ကုန်၊ ဧပြီ ၂၁

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် စစ်ကောင်စီလေယာဉ်များက မြို့နှင့်အလွန်နီးကပ်သော နေရာများအထိ ဗုံးကျဲမှုများပြုလုပ်လာပြီး ပြည်သူများအားလုံးမြို့ကို စွန့်ခွာ ထွက်ပြေးနေရကြောင်း မြ၀တီမြို့မှ စစ်ဘေးရှောင် ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၂၁ ရက်နေ့ နံနက် ၆ နာရီ ၅၀ မိနစ်အချိန် စစ်ကောင်စီ၏ တိုက်လေယာဉ်များက မြ၀တီမြို့နှင့် အလွန်နီးကပ်သော နေရာများအထိ ဗုံးကျဲလာကြောင်း၊ ယမန်နေ့ညပိုင်းမှ နံနက်အစောပိုင်းအထိ အမှတ် ၂ ချစ်ကြည်ရေးတံတား အနီးတွင်သာ ဗုံးကျဲခဲ့သော်လည်း ယနေ့ နံနက်ပိုင်းတွင် ကုန်သွယ်ရေးဇုန်နှင့် သင်္ဃန်းညီနောင်ဘက်ကိုပါ အလွန်နီးကပ်စွာ ဗုံးကျဲလာကြောင်း ၊ မြ၀တီမြို့၏ ပြည်သူ များအားလုံးမှာ သောင်ရင်းမြစ်ကမ်းဘေးတွင် ရှိနေကြကြောင်း သိရှိရသည်။

“ဒီမနက် ၆ နာရီ ၅၀ မိနစ် ကစ၍ မြဝတီမြို့ကို နီးကပ်တဲ့နေရာတွေအထိ စစ်တပ်က တိုက် လေယာဥ်နဲ့ ဗုံးလာကျဲနေတယ်။

ပေါက်ကွဲသံကြားရတာက ကုန်သွယ်ရေး ဇုန် နဲ့ ညီနောင်ဘက်ပါကြားနေရပြီ။ စစ်လေယာဥ်တွေလည်း ၁၀ မိနစ် တစ်ခါလိုဗုံးကျဲနေဆဲပဲ ။ မြဝတီမြို့ရဲ့ လူဦးရေ သုံးပုံ နှစ်ပုံက သောင်ရင်းမြစ်နဲ့ မဲဆောက်ကမ်းဘက်ကို ပြေးနေကြရတယ်။ ပြေးလို့မရဘဲ ပိတ်မိနေသူတွေလည်း အများကြီးပဲ” ဟု မြ၀တီမြို့တွင် လက်ရှိအချိန်အထိ သီတင်းသုံးနေဆဲ ဆရာတော်တစ်ပါးက မိန့်ကြားသည်။

လက်ရှိတွင် အမှတ် ၁ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကို ထိုင်းနိုင်ငံဘက်က ယာယီပိတ်ထားလိုက်ပြီး မြ၀တီဘက်အခြမ်းတွင် ပြည်သူများစွာ ပိတ်မိနေကြောင်း၊ သောင်ရင်းမြစ်ကမ်းဘေးများတွင်လည်း ပြည်သူများစွာရှိနေကြောင်း သိရှိရသည်။

“မြ၀တီဘက်နေက မဲဆောက်ဘက်အကူးကို သွားလို့မရတော့ဘူး။ ထိုင်းဘက်က ပိတ်လိုက်ပြီ။ မဲဆောက်ကနေ မြ၀တီဘက်ကို ကူးချင်ရင်တော့ ထိုင်းဘက်က လွှတ်ပေးတယ်။ အခြေအနေကတော့အတော်ကို စိုးရိမ်နေရပြီ။ အမှတ် ၁ တံတားပိတ်လိုက်တော့ မြ၀တီဘက်မှာ ကူးဖို့ စောင့်နေသူတွေ ပြည်သူတွေ အများကြီး ပိတ်မိနေပြီ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ထို့ပြင် မြ၀တီဘက်အခြမ်း သောင်ရင်းမြစ်ကမ်း၊ အမှတ် ၁၂ ဂိတ်တွင် ပြည်သူများစွာ စစ်ဘေးရှောင်ရန် ပိတ်မိနေကြကြောင်း၊ ထိုင်းဘက်ကလည်း မြ၀တီ အမှတ် ၁၂ ဂိတ်မှ စစ်ဘေးရှောင် ပြည်သူများကို ကမ်းကူးခွင့်မပြုကြောင်း၊ ၁၂ ဂိတ်တွင်ဒဏ်ရာရရှိထားသော ပြည်သူများစွာလည်းရှိနေကြောင်း သိရှိရသည်။

“သောင်ရင်းမြစ် ၁၂ ဂိတ်ဘက်မှာ ပြည်သူတွေအများကြီးပဲ ပိတ်မိနေတာ။ ထိုင်းဘက်ကလည်း ပေးမကူးဘူး။ BGF တွေကလည်းလက်နက်တွေ နဲ့ စောင့်နေကြတာ။ ဒဏ်ရရထားတဲ့ ပြည်သူတွေလည်း အများကြီးပဲ။ ကူညီကယ်ဆယ်ရေးသမားတွေ အကူအညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ ပြည်သူတွေ ၁၂ ဂိတ်မှာ အရမ်းဒုက္ခရောက်နေကြပါတယ်” ဟု စစ်ဘေးရှောင် ပြည်သူတစ်ဦးက ဆိုသည်။

ဓာတ်ပုံ- ယနေ့ နံနက်ခင်းနှင့် ယမန်နေ့ ညနေပိုင်း ဓာတ်ပုံများဖြစ်ပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article