31 C
Yangon

ရခိုင်ပြည်၊ မြို့တော်စစ်တွေတွင် ၂ ရက်အတွင်း မိုင်းနင်းမိ၍ ပြည်သူ ၄ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရ

Must read

ရန်ကုန်| ဧပြီ ၂၃

ရခိုင်ပြည် မြို့တော် စစ်တွေမြို့နယ်တွင် ဧပြီလ ၂၀ ရက်နှင့် ၂၁ ရက်နေ့က စစ်ကောင်စီ ထောင်ထားသော မိုင်းကို နင်းမိ၍ အမျိုးသမီးများအပါအဝင် အရပ်သား ၄ ဦးသေဆုံးပြီး ၄ ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြသည်။

ဧပြီလ ၂၀ ရက် ညည့် ၁၀ နာရီခန့်က စစ်တွေမြို့မှ ထွက်ခွာကြသည့် အသက် ၆၀ ကျော်အရွယ် သက်ကြီးပိုင်း အမျိုးသမီးနှစ်ဦးမှာ ကျေးတောပိုက်ဆိပ်အနီး မိုင်းနင်းမိ၍ ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

“စစ်တွေမှာ မနေရဲကြတော့ မြို့ကနေဖြစ်တဲ့နည်းနဲ့ ထွက်ကြတာ။ အဲ့မှာ သုံးဆောင်ရွာအထွက် မြစ်ကမ်းဘက်မှာ မိုင်းနင်းမိကြတာပဲ။ မိုင်းကတွဲမိုင်းလို့ ထင်ရတယ်။ သုံးလုံးတွဲပြီး ပေါက်လာတာ။ ၅ ယောက်ထက်မနည်း ထိတယ်။ ၂ ယောက်က သက်ကြီးပိုင်း အမျိုးသမီးတွေ နေရာမှာပဲသေတယ်။ နောက်လူတွေကတော့ ကိုယ်လက်အင်္ဂါဆုံးရှုံးတာတွေရော ဒဏ်ရာရတာတွေ ရောရှိတယ်” ဟုပြောသည်။

စစ်တွေမြို့အနီး ဂန့်ဂေါ်ကျွန်းပေါ်တွင်လည်း ဧပြီလ ၂၁ ရက်နေ့ နံနက်ပိုင်းက မြေမြှုပ်မိုင်းနင်းမိ၍ အရပ်သား ၂ ဦးသေဆုံးကာ ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။

စစ်တွေမြို့ကို စစ်ကောင်စီက အရပ်လေးမျက်နှာစလုံး ပိတ်ဆို့ထား၍ မြို့ထဲရှိ ဒေသခံများမှာ စားသောက်ရေးအလွန်ခက်ခဲလာ၍ အခြားနေရာများသို့ ပြောင်းရွှေ့နေကြစဉ် မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

အဆိုပါနေ့က စစ်တွေမြို့မှ ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် လူပေါင်း ၁၀၀ ကျော် ဂန့်ဂေါ်ကျွန်းသို့ ပြောင်းရွှေ့ကြစဉ် စစ်ကောင်စီ ရေတပ်က လိုက်လာ၍ ထွက်ပြေးကြစဉ်အတွင်း မိုင်းနင်းမိခဲ့ကြခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်တွေမြို့ပေါ်အနီးတစ်ဝိုက်အပါအဝင် ၎င်းတို့ မသင်္ကာသော နေရာဒေသများတွင် မြေမြှုပ်မိုင်းများ ထောင်ထားကြောင်း သိရသည်။

ဂန့်ဂေါ်ကျွန်းပေါ်က ထွက်ပြေးကြသော လူ ၁၀၀ ကျော်ကို စစ်ကောင်စီက မတရားဖမ်းဆီးထားပြီး ၎င်းတို့မှာ ယနေ့အချိန်အထိ မိသားစုဝင်များဖြင့် အဆက်အသွယ်မရသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်တွေဒေသခံတစ်ဦးက ” အခု စစ်တွေမှာက လက်လုပ်လက်စားတွေ၊ တစ်ခြားမှာ နေစရာအဆင်မပြေတဲ့ သူတွေပဲ ရှိတော့တယ်။ ပိုက်ဆံရှိတဲ့ သူတွေက မြို့ကနေ အစောကြီးထွက်သွားကြပြီ။ အခုအခြေနေက ပိုပိုဆိုးလာပြီးတော့ မြို့ကနေ ရတဲ့နည်းနဲ့ထွက်ဖို့ကြိုးစားလာကြတာ။ အဲ့လိုထွက်ရင်း အဖမ်းခံနေရတယ်” ဟုပြောသည်။

စစ်တွေမြို့တွင် အရပ်သားများပိုင်ဆိုင်သော စက်လှေများ၊ ဘုတ်ကြီးများ၊ သဗ္ဗာန်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးခြင်းနှင့် ဒေသခံများ ထွက်ပြေးမရအောင် ရေကြောင်းအသုံးပြု၍ရသော လှေဟူသမျှကို လိုက်လံမီးရှို့ဖျက်ဆီးနေသည်။

အလားတူ ဧပြီလ ၂၀ ရက်နေ့က မင်းပြားမြို့နယ် ဆင်ကြီးပြင် (ရခိုင်) ကျေးရွာမှ အသက် ၃၀ ကျော်အရွယ် ကိုအောင်သိန်းလှိုင်မှာ ကျိန်းတောင်အနောက်ဘက် ထင်းခုတ်သွားစဉ် မိုင်းနင်းမိ၍ ဆေးရုံအသွား လမ်းမှာ သေဆုံးသွားကြောင်း သိရသည်။

မင်းပြားကျိန်းတောင်ဘုရားအနီးတစ်ဝိုက်တွင် စစ်ကောင်စီ နှစ်ရှည်လများ တပ်စွဲခဲ့သော နေရာများဖြစ်ပြီး မြေမြှုပ်မိုင်း အမြောက်အများ ရှိနေကြောင်း AA နှင့် နီးစပ်သူများထံမှ သိရသည်။

လက်ရှိ တကျော့ပြန် ရခိုင်စစ်ပွဲအတွင်း မြေမြှုပ်မိုင်းများကြောင့် အရပ်သားပြည်သူ သေဆုံးသူ ၃၅ ဦးထက်မနည်းရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ဒါဇင်နှင့်ချီရှိနေကြောင်း မှတ်တမ်းများအရ သိရသည်။

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူအရေအတွက် ၁၀၀၀ ကျော်တိုးလာကြောင်း ဧပြီလ ၄ ရက်နေ့က ကုလသမဂ္ဂကလေးသူငယ်များဆိုင်ရာအေဂျင်စီ ယူနီဆက်ဖ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ဖောက်ခွဲရေးပစ္စည်းများကြောင့် သေဆုံးခဲ့ရသည့် ကလေးငယ်များ အပါအဝင် အရပ်သား အသေအပျောက် အရေအတွက်သည် ယမန်နှစ်ကထက် နှစ်ဆကျော် မြင့်တက်လာခဲ့ကြောင်း ယူနီဆက်ဖ်က ပြောသည်။

မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော အကြွင်းအကျန်များကြောင့် အသေ အပျောက် ရာခိုင်နှုန်း ခုန်တက်သွားခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ၁၈၈ ဦး သေဆုံး ကာ ၈၆၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ်တွင် အသေအပျောက် ၃၉၀ ထက်မနည်း တိုးမြင့်လာခဲ့ပြီး ယမန်နှစ်က မြေမြှုပ်မိုင်းဒဏ်ခံရသူအားလုံး၏ ၂၀ ရာခိုင်နှုန်းကျော်သည် ကလေးငယ်များဖြစ်သည်ဟု ယူနီဆက်ဖ် UNICEF က ဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article