31 C
Yangon

စစ်ကောင်စီရေတပ်ကို ပံ့ပိုးနေတဲ့ အိန္ဒိယအစိုးရပိုင် လုပ်ငန်းတွေကို JFM က ဖော်ထုတ်လိုက်ပြီး လုပ်ငန်းဆောင်ရွက်မှုတွေ ချက်ချင်းရပ်ဆိုင်းဖို့ တောင်းဆို

Must read

ရန်ကုန် ၊ ဧပြီ ၂၃

အိန္ဒိယအစိုးရက ရှယ်ယာ အများစု ပိုင်ဆိုင်ထားတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း (PSUs)တွေဟာ စစ်ကောင်စီရေတပ်ကို စစ်ဘက်သုံးစက်ပစ္စည်းတွေ၊ အခြေခံ အဆောက်အအုံပစ္စည်းတွေနဲ့ လေ့ကျင့်သင်ကြားမှုတွေကို ဆက်တိုက်ပံ့ပိုးပေးနေတယ်လို့ Justice for Myanmar က ဖော်ထုတ်လိုက်ပါတယ်။

အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ Goa Shipyard Limited GSL ၊ Bharat Electronics Limited BEL နဲ့ အိန္ဒိယ ရေနံနဲ့သဘာဝဓာတ်ငွေ့ဝန်ကြီးဌာနအောက်မှာရှိတဲ့ လောင်စာကုမ္ပဏီ India Oil Corporation Limited တို့ဟာ လက်ရှိအချိန်အထိ အာဏာသိမ်းစစ်တပ်ရဲ့ ရေတပ်ကို ပံ့ပိုးနေတာဖြစ်တယ်လို့ JFM က ဆိုပါတယ်။

Goa Shipyard Limited GSL ကုမ္ပဏီဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချုပ်ဆိုခဲ့တဲ့စာချုပ်အရ မြန်မာစစ်တပ်ရဲ့ ပြည်တွင်းသင်္ဘောတည်ဆောက်ရေးစွမ်းရည် မြှင့်တင်ရန် ကူညီလုပ်ဆောင်ပေးထားတယ်လို့ သိရပါတယ်။

GSL ကုမ္ပဏီရဲ့ ၂၀၂၁-၂၀၂၂ အစီရင်ခံစာမှာ မြန်မာရေတပ်ကို လက်ရှိမိတ်ဖက်အဖြစ် ဖော်ပြထားပြီး မြန်မာရေတပ်အတွက် ၈၁ မီတာ ကမ်းရိုးတန်ကင်းလှည့်ရေယာဉ်တွေရဲ့ တွန်းပို့စက် Propulsion Plant များ ရောင်းချရေး တင်ပို့မှုစာချုပ်ကို အပြီးသတ်လုပ်ဆောင်ပြီးကြောင်း ဖော်ပြထားပါတယ်။

မြန်မာရေတပ်မှာ ၈၁ မီတာ ကမ်းရိုးတန်ကင်းလှည့်ရေယာဉ်ဖြဖစ်တဲ့ စစ်ရေယာဉ်အင်းလေးနဲ့ စစ်ရေယာဉ်အင်းမ ၂ စင်းရှိပြီး အဆိုပါ စစ်ရေယာဉ်တွေဟာ တွန်းပို့စနစ် Propulsion System နဲ့ မောင်းနှင်ပါတယ်။

ယင်းမြန်မာရေတပ်ပိုင် စစ်ရေယာဉ်တွေဟာ ရေတပ်သုံးသေနတ်တွေ တပ်ဆင်ထားပြီး ဟယ်လီကော်ပတာ ဆင်းသက်ကွင်းလည်း ပါရှိပါတယ်။

GSL နဲ့ မြန်မာရေတပ်အကြား တွန်းပို့စက်အတွက် ၂၀၂၁ ခုနှစ်မှာ စာချုပ်ချုပ်ဆိုခဲ့ပြီး ကုမ္ပဏီဟာ ရေတပ်အတွက် သင်တန်းပေးခဲ့သလို ၂၀၂၃-၂၀၂၅ ဘဏ္ဍာနှစ် ၂ နှစ်အတွင်း နောက်ထပ် သင်္ဘော/ပလက်ဖောင်းတွေ ဒီဇိုင်းရေးဆွဲတည်ဆောက်ဖို့အတွက် မြန်မာကိုလည်း အဆိုပြုလွှာတင်သွင်းခဲ့တယ်လို့ အိန္ဒိယအောက်လွှတ်တော် ကာကွယ်ရေးဆိုင်ရာ အမြဲတမ်းကော်မတီထံ အိန္ဒိယကာကွယ်ရေးဝန်ကြီးက ပေးပို့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီရဲ့ ရေတပ်ချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်က အိန္ဒိယရေတပ်က ကျင်းပတဲ့ Goa Maritime Conclave အခမ်းအနားသို့ သွားရောက်ခဲ့သလို GSL ကုမ္ပဏီကိုလည်း သွားရောက်ခဲ့တယ်လို့ JFM က ထုတ်ဖော်ပြောဆိုထားပါတယ်။

Bharat Electronics Limited BEL ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ရုံးခွဲတခု ဆက်လက်ဖွင့်လှစ်ထားပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလက မြန်မာစစ်တပ်ဆီကို ပတ်လည်ကြည့်လုံခြုံရေးကင်မရာနဲ့ ရေကြောင်းရေဒါလက်ခံစက်တွေအတွက် low noise front end LNFE တွေ အပါအဝင် စစ်တပ်လက်ဝယ်အသုံးပြုမယ့် ပစ္စည်းများစွာကို တင်ပို့ခဲ့တယ်လို့ JFM က ထုတ်ပြန်ထားပါတယ်။

Justice for Myanmar ဟာ BEL ရဲ့ ပစ္စည်းတင်ပို့မှုကို မှတ်တမ်းတင်ထားပြီး ၂၀၂၁ မှာ အဝေးထိန်းလက်နက်စခန်းတခု၊ ၂၀၂၂ နိုဝင်ဘာနဲ့ ၂၀၂၃ ဧပြီလအတွင်းမှာ ရေအောက်အသံလှိုင်းအာရုံခံ သတ္တုဆိုနာလိပ်ခုံးသဏ္ဍာန်ပစ္စည်းတွေနဲ့ ဖရီးဂိတ်တွေ၊ စစ်သင်္ဘော (သို့) ရေငုပ်သင်္ဘောတွေမှာ အသုံးပြုတဲ့ ဆိုနာလိပ်ခုံးတွေအတွက် transducers and gaskets၊ လမ်းညွှန်ဂီယာစနစ်တွေ၊ ရေဒီယိုထုတ်လွှတ်မှုပစ္စည်း၊ ရေဒါစက်ပစ္စည်း အမျိုးမျိုး၊ တိုက်ပွဲတွင်း ဆက်သွယ်ရေးသုံး အိတ်ဆောင်ရေဒီယို စတဲ့ အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်ဖိုးရှိ ပစ္စည်းတွေကို စစ်ကောင်စီရေတပ်ဆီ တင်ပို့ခဲ့တယ်လို့ အတည်ပြုထားပါတယ်။

အိန္ဒိယနိုင်ငံပိုင် လောင်စာလုပ်ငန်းဖြစ်တဲ့ India Oil Corporation Limited ကလည်း အာဏာသိမ်းကာလနောက်ပိုင်း ရေတပ်သုံး ဒီဇယ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း အပါအဝင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ သန်းကျော်တန်ဖိုးရှိ လောင်စာတွေကို မြန်မာဆီ တင်ပို့ရောင်းချခဲ့ပါတယ်။

India Oil Corporation Limited ရဲ့ ဆီနဲ့ ချောဆီလုပ်ငန်း Servo က ထုတ် လုပ်တဲ့ အင်ဂျင်ဝိုင်၊ မော်တာဆီ၊ ချောဆီနဲ့ ဘရိတ်ချောဆီ အတော်များများကို အာဏာစိမ်းပြီး ပထမ ၁၈ လအတွင်း အများဆုံးတင်ပို့ခဲ့ပြီး မြန်မာစစ်တပ်ရဲ့ စစ်လက်နက်ပွဲစားကုမ္ပဏီ ခရိုနီ ဦးအောင်လှိုင်ဦး ပိုင်ဆိုင်တဲ့ Myanmar Chemical & Machinery ကတဆင့် တင်ပို့နေတာ ဖြစ်ပါတယ်။

အခု ၂၀၂၄ ဖေဖော်ဝါရီလအထိ ကုတ်တင်ပို့မှု ၈ ခုထက်မနည်း တင်ပို့နေဆဲ ဖြစ်တယ်လို့ JFM က ထုတ်ပြန်ထားပါတယ်။

ရေတပ်ဟာ စစ်အုပ်စုရဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်တဲ့ စစ်ဆင်ရေးတွေမှာ စစ်သည်အင်အားဖြည့်တင်းတာ၊ စစ်လက်နက်တွေ သယ်ယူတာ၊ ထောက်ပံ့ပို့ဆောင်တာတွေအတွက် အရေးပါနေတာ ဖြစ်ပြီး အိန္ဒိယအစိုးရပိုင် နိုင်ငံလုပ်ငန်းတွေက စစ်ကောင်စီရေတပ်ကို ဆက်လက်ပံ့ပိုးနေတာဟာ စစ်ကောင်စီက ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီနေတာ ဖြစ်တယ်လို့ Justice for Myanmar က ထောက်ပြပြောဆိုပါတယ်။

အိန္ဒိယအနေနဲ့ မြန်မာစစ်တပ်ထံ စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းအားလုံး၊ နည်းပညာနဲ့ လောင်စာဆီရောင်းချလွှဲပြောင်းမှုတွေကို ချက်ချင်းပိတ်ပင်ဖို့နဲ့ စစ်ဘက်လေ့ကျင့်ရေးသင်တန်း အားလုံးကို ချက်ချင်းရပ်ဆိုင်းဖို့ တောင်းဆိုတယ်လို့ Justice for Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဓာတ်ပုံ – အိန္ဒိယအစိုးရပိုင် BELကုမ္ပဏီကို အာဏာသိမ်းစစ်ခေါင်းဆောင် သွားရောက်ခဲ့စဥ်က။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အိန္ဒိယအစိုးရပိုင် BELကုမ္ပဏီကို အာဏာသိမ်းစစ်ခေါင်းဆောင် သွားရောက်ခဲ့စဥ်က။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article