29 C
Yangon

မြ၀တီမြို့၊ ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော်သည့် အမှတ် ၁ ချစ်ကြည်ရေးတံတားနှင့် အမှတ် ၂ ချစ်ကြည်ရေးတံတားကို စစ်ကောင်စီက ပိတ်ထားဆဲ

Must read

ရန်ကုန်၊ ဧပြီ ၂၆

ကရင်ပြည်နယ် မြ၀တီမြို့နယ်ရှိ ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော်သည့် အမှတ် ၁ ချစ်ကြည်ရေးတံတားနှင့် အမှတ် ၂ ချစ်ကြည်ရေးတံတားကို စစ်ကောင်စီက ပိတ်ထားဆဲဖြစ်ကြောင်း မြ၀တီမြို့အခြေစိုက် ကုန်သည်များနှင့် စီးပွား ရေးသမားတချို့က ပြောဆိုကြသည်။

ဧပြီလ ၂၃ ရက်နေ့မှ KNLA ၊ PDF များ ပါဝင်သော တော်လှန်ရေး မဟာမိတ်တပ်များက မြ၀တီမြို့မှ ယာယီဆုတ်ခွာသွားပြီ ဟု တရားဝင်ကြေညာပြီးနောက် ယနေ့ ၃ ရက်ကြာရှိလာသည့်အချိန်အထိ စစ်ကောင်စီက အမှတ် ၁ တံတား၊ အမှတ် ၂ တံတားတို့ကို ဆက်လက် ပိတ်ထားဆဲဖြစ်ကြောင်း သိရှိရသည်။

“တံတား ၁ ကလည်း ပိတ်ထားတယ်။ ပေးမဖြတ်ဘူး။ မဲဆောက်ဘက်ကနေ ကူးလာလို့တော့ရတယ်။ တံတား ၂ ကလည်း ပိတ်ထားဆဲပဲ။ ကုန်ကားတွေလည်း ဖြတ်မရဘူး။ မြို့ထဲမှာတော့ BGF တပ်တွေရှိနေတယ်။ စစ်ကောင်စီတပ်တော့ မမြင်မိဘူး။ မြို့ကလည်း တိတ်ဆိတ်ခြောက်ကပ်နေတယ်။ မနေ့ညကတော့ စွယ်တော်ကုန်း၊ လေးကေ့ကော်နဲ့ လက်ခတ်တောင်ဘက်မှာ လေယာဉ်နဲ့ ဗုံးကျဲတာတွေရှိတယ်” ဟု မြ၀တီမြို့အခြေစိုက် ကုန်သည်တစ်ဦးက ပြောဆိုသည်။

စစ်ကူလာသော အကြမ်းဖက်စစ်ကောင်စီတပ်များက မြ၀တီမြို့သို့ ရောက်ရှိရန် ဒေါနတောင်ခြေကို ဖြတ်ကျော်ရန် ကြိုးစားလျက်ရှိပြီး စစ်ကူတပ်များ မရောက်သရွေ့ အမှတ် ၁ တံတားနှင့် အမှတ် ၂ တံတားကို ပိတ်ထားမည့် အခြေအနေဟု ယူဆရကြောင်း မြ၀တီမြို့မှ စစ်ရေး သတင်းရင်းမြစ်က သုံးသပ်သည်။

“အခုက မြ၀တီမြို့ကို ထိန်းထားတာက BGF က ထိန်းထားတာဆိုတော့ စစ်တပ်က သူ့စစ်ကူတပ်တွေ မရောက်မချင်းတော့ တရားဝင်ကုန်သွယ်ရေးတွေရော ဖြတ်သန်းသွားလာမှုတွေကိုရော ပိတ်ထားမယ်လို့ ယူဆရတယ်။ မြ၀တီကို သူ့လက်ထဲ ပိုင်ပိုင်နိုင်နိုင်ရောက်အောင် စောင့်နေတယ်လို့ ယူဆရတယ်”ဟု မြ၀တီမြို့မှ စစ်ရေး သတင်းရင်းမြစ်က သုံးသပ်သည်။

လက်ရှိတွင် ထိုင်းနိုင်ငံဘက်အခြမ်းသို့ ရောက်ရှိနေသော မြ၀တီမြို့မှ စစ်ဘေးရှောင် ပြည်သူများအားလုံး မြန်မာနိုင်ငံဘက်အခြမ်းသို့ ပြန်လည်ရောက်ရှိကာ ထိုင်းအစိုးရက စစ်ဘေးရှောင်စခန်းများအားလုံးကို ပိတ်သိမ်းလိုက်ပြီဖြစ် ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဧပြီလ ၁၅ ရက်နေ့ မြ၀တီမြို့အတွင်း ကင်းလှည့်နေသည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့တချို့။

Photo-Reuters ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article