33 C
Yangon

မြန်မာပြည်သူများကို သတ်ဖြတ်နေသည့် စစ်လက်နက်များ စစ်ကောင်စီထံသို့ ပေးအပ်နေမှု ရပ်တန့်ရန် တရုတ်ကို NUG နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

Must read

ရန်ကုန်၊ ဧပြီ ၂၉

မြန်မာပြည်သူများကို သတ်ဖြတ်နေသည့် စစ်လက်နက်များ စစ်ကောင်စီထံ ပေးအပ်နေမှု ရပ်တန့်ရန် တရုတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က တောင်းဆိုလိုက်သည်။

South China Morning Post သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ထိုသို့ တောင်းဆိုခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်ကောင်စီကို စီးပွားရေးအရရော ငွေရေးကြေးရေး အရရော၊ စစ်လက်နက်ပိုင်းမှာ ထောက်ပံ့မှု မပေးဖို့ ကျမတို့အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို တိုက်တွန်းပြောဆိုနေပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောဆိုသည်။

NUG အနေဖြင့် တရုတ်အစိုးရထံသို့ တရားဝင် စာရေးသားပေးပို့ တောင်းဆိုခဲ့ပြီး စာကို လက်ခံရရှိကြောင်း ပြန်လည် အသိပေးခဲ့သော်လည်း တရုတ်အစိုးရက တစ်စုံတစ်ရာ တုံ့ပြန်လာခြင်းမရှိကြောင်း သိရှိရသည်။

“နိုင်ငံတစ်နိုင်ငံက မြန်မာစစ်အာဏာရှင်ကို ထောက်ခံတယ်ဆိုရင် သူတို့ကိုယ်တိုင် မြန်မာပြည်သူတွေနဲ့ အရပ်သားတွေကို သတ်ပစ်ဖို့ ထောက်ခံနေတာပါပဲ” ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဥရောပသမဂ္ဂက မြန်မာနိုင်ငံရှိ စစ်အာဏာရှင်များ၊ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းအများအပြားအပေါ် တင်းကျပ်သော အရေးယူမှုများကို နောက်ထပ်တစ်နှစ်သက်တမ်းတိုးခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးကတည်းက အနည်းဆုံး ဒေါ်လာ ၁ ဘီလီယံဝန်းကျင် စစ်လက်နက်များ တင်သွင်းခဲ့ကြောင်း ယခင်နှစ် ကုလသမဂ္ဂ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း၊ စစ်လက်နက် အများစုသည် ရုရှား၊ တရုတ်နှင့် စင်ကာပူမှ လူပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်းများမှတစ်ဆင့် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဥရောပပါလီမန်နှင့် ပြင်သစ်ဆီးနိတ်အပါအဝင် ဥပဒေပြုအဖွဲ့အချို့က NUG ကို မြန်မာ၏တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုထားပြီး အမေရိကန်အပါအဝင် အနောက်အုပ်စုက စစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။

အာဆီယံနိုင်ငံများအနေဖြင့် စစ်ကောင်စီကို နိုင်ငံရေးအဆင့်ပုဂ္ဂိုလ်များ အစည်းအဝေး တက်ခြင်းမှ ပိတ်ပင်ခြင်းထက် စစ်ကောင်စီနှင့် လုံး၀ ထိတွေ့ဆက်ဆံမှု မလုပ်ရန် ဒေါ်ဇင်မာအောင်က တောင်းဆိုသည်။
“ဘေဂျင်းဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ဖို့ စစ်အာဏာရှင်တွေနဲ့ ထိတွေ့ဆက်ဆံနေပေမယ့် ဘယ်ဘက်မှာ ရပ်တည်မှာလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး” ဟု ၎င်းက ဆိုသည်။

ဇန်နဝါရီလတွင် NUG က တရုတ်နိုင်ငံနှင့်ပတ်သက်၍ အချက် ၁၀ ချက်ပါ သဘောထား စာတမ်းတစ်စောင်ကို ထုတ်ဝေခဲ့ပြီး ပေကျင်းသည် “နှစ်နိုင်ငံကြား နီးကပ်ပြီး လေးနက်သော သမိုင်းဝင် ဆက်ဆံရေးအတွက်သာမက ကမ္ဘာ့စူပါပါဝါအဖြစ် တရုတ်နိုင်ငံ၏ အဆင့်အတန်းအတွက်လည်း အထူးအရေးကြီးသော နိုင်ငံတစ်ခု” အဖြစ် ဖော်ပြခဲ့သည်။ဘေဂျင်း၏ တရုတ်တစ်ပြည်တည်းမူကို ကျောထောက်နောက်ခံပြုကာ စီးပွားရေးအရ ထိတွေ့ဆက်ဆံမှုကို ချဲ့ထွင်ရန် ကတိပြုခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article