35 C
Yangon

အမ်းရှိ တောဟိန်းတောင် ဗျူဟာကုန်း တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စစ်သား ရာနှင့်ချီ သေဆုံးပြီး ထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းနေ

Must read

ရန်ကုန်| ဧပြီ ၂၉

စစ်ကောင်စီတပ်သားများ ၆၀၀ နီးပါး အထိုင်ချ နေထိုင်သည့် အမ်းမြို့နယ် ကဇုကိုင်းအနီးက တောဟိန်းတောင်ဗျူဟာကုန်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ စစ်သား ရာနှင့်ချီ သေဆုံးခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ်ရ သိရသည်။

တောဟိန်းတောင်ဗျူဟာကုန်းကို အာရက္ခတပ်တော် အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ဧပြီ ၂၈ ရက်နေ့တွင် ဗျူဟာကုန်းတစ်ခုလုံးကို အပြီးအပိုင်သိမ်းပိုက် ရရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့ စ၍ အဆိုပါ ဗျူဟာကုန်းကို အာရက္ခတပ်တော် AA နှင့် တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းပြီး တစ်လ ကျော်အကြာတွင် ဗျူဟာကုန်းတစ်ခုလုံးကို သိမ်းပိုက် ရရှိခဲ့ခြင်း ဖြစ်သည်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ရခိုင်ပြည်အတွင်း တိုက်ပွဲထဲမှာ အပြင်းထန်ဆုံး အထိအခိုက် အများဆုံးလို့ ပြောလို့ ရမယ်။ တိုက်ပွဲတစ်လကျော်အထိ မရပ်မနား ဖြစ်နေကြတာ။ AA ဖက်က ဒရုန်းနဲ့ပစ်တာတွေ။ လက်နက်ကြီးနဲ့ ပစ်တာတွေလုပ်တယ်။ စစ်ကောင်စီဖက်က လေကြောင်းတိုက်ခိုက်မှုတွေများတယ်။ တံတားဦးလေဆိပ်က ဂျက်ဖိုက်လာတယ်။ မကွေးလေဆိပ်က ဂျက်တွေလာပစ်တယ်။ အမ်းမြို့လေဆိပ်ကလည်း Mi 39 နဲ့ လာပစ်တယ် “ဟုပြောသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့နယ် ကဇုကိုင်းကျေးရွာအနီးရှိ တောဟိန်းတောင်ဗျူဟာကုန်းသည် စစ်ကောင်စီအတွက် အရေးပါသည့် ဗျူဟာကုန်းတစ်ခု ဖြစ်ပြီး ဗျူဟာကုန်း မကျစေရေးအတွက် အပြင်းအထန် ခုခံနေသည့်ကြားမှ သိမ်းပိုက်ခံ ရရှိခြင်းဖြစ်သည်။

နောက်ထပ် AA သတင်းရင်းမြစ်တစ်ဦးက “ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတစ်ချို့နဲ့ တိုက်ပွဲဖြစ်နေတာတွေရှိတယ်။ AA က တော့ ရှင်းလင်းရေးလုပ်နေတယ်။ ကျနော်တို့ စာရင်းအရဆိုရင် ၁၀၀ ကျော်လောက်ကတော့ စစ်ကောင်စီဘက်က သေတယ်။ ဒီထက်လည်း များနိုင်တယ်။ ပြီးတော့ အရှင်ဖမ်းဆီးရရှိတာတွေရှိတယ်။ ထွက်ပြေးလွတ်မြောက်သွားတာလည်း ရှိတယ်။ အဲ့ဒီဗျူဟာကုန်းမှာ စစ်ကောင်စီတပ်သား ၆၀၀ နီးပါးလောက်ရှိတာလေ။ ဒီကနေ့ မနက်ပိုင်းအထိ တောင်အောက်ကို ဆင်းပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကျနော်တို့ လိုက်လံ ရှင်းလင်းနေတယ်”ဟုပြောသည်။

တောဟိန်းတောင် ဗျူဟာကုန်းတိုက်ပွဲအတွင်း အာရက္ခတပ်တော် AA နှင့် အတူ လက်တွဲတိုက်ပွဲဝင်နေသော ပြည်သူ့လွတ်လပ်ရေးအဖွဲ့ PIO ပြည်သူ့ လွတ်လပ်ရေးတပ်တော် PIA မှ ရဲဘော်နှစ်ဦး သေဆုံးခဲ့ကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲအတွင်း အာရက္ခတပ်တော်မှ တပ်ဖွဲ့ဝင်တစ်ချို့ သေဆုံး ဒဏ်ရာ ရရှိမှုများ ရှိသော်လည်း AA ဘက်က သီးခြား အတည်ပြု ထုတ်ပြန်ခြင်း မရှိသေးပေ။ အဆိုပါ တိုက်ပွဲ အခြေအနေများနှင့် ပတ်သက်၍ AA မှ ပြောရေးဆိုခွင့် ရှိသူ ဦးခိုင်သုခ အား ဆက်သွယ်နေဆဲ ဖြစ်ပါသည်။

ကဇုကိုင်းနှင့် မနီးမဝေးတွင် ရှိသည့် ကမ်းထောင်းကြီး ဒေသခံတစ်ဦးက”စစ်ကောင်စီက လေကြောင်းနဲ့ပစ်တာတွေ၊ ပြီးတော့ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာတွေ တစ်လျောက် လုပ်တယ်။ အလယ်ကျွန်း၊ ကမ်းထောင်ကြီး၊ ညောင်ကန်ရွာတွေကို တစ်လျှောက် ပစ်နေတာပါ။ စွေ့ချောင်းကျေးရွာဆိုရင် နေအိမ်တော်တော်များ မီးလောင်နေတယ်။ ပြီးတော့ ဆင်ဦးတိုက်၊ သဲကမ်းထောင့်၊ ဂျိတ်ချောင်းနဲ့ ကျောက်ဆင် ကျေးရွာဆိုလည်း အလားတူပဲ လက်နက်ကြီးပစ်ခံရလို့ အိမ်တွေ မီးလောင်ကုန်တယ်။ ကျေးရွာသားတွေကအကုန် ထွက်ပြေးနေရတယ်”ဟုပြောသည်။

လက်ရှိတွင် တောဟိန်းတောင်ဗျူကုန်းက မဲလက်မောင်နှင့် ကဇုကိုင်းတစ်ဝိုက်သို့ ထွက်ပြေး လွတ်မြောက်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို AAနှင့်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article