37 C
Yangon

ကရင်နီပြည်နယ်တွင် စစ်ကောင်စီ၏ သယ်ယူထောက်ပို့ရေး စစ်ရဟတ်ယာဉ် ပစ်ချခံရပြီး ၁၁ ဦးသေဆုံးခဲ့ဟုဆို

Must read

ရန်ကုန်၊ မေ ၇

ကရင်နီပြည်နယ်တွင် စစ်ကောင်စီ၏ သယ်ယူထောက်ပို့ရေး စစ်ရဟတ်ယာဉ် ပစ်ချခံရပြီး ၁၁ ဦးသေဆုံးခဲ့ကြောင်း လေတပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မေလ ၆ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်အချိန် ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်သို့ လာရောက်သည့် အကြမ်းဖက် စစ်တပ်၏ ရဟတ်ယာဉ်တစ်စီးကို တော်လှန်ရေး တပ်ဖွဲ့များက ဘောလခဲမြို့နယ်အနီးတွင် ပစ်ချနိုင်ခဲ့ကြောင်း ကရင်နီတပ်မတော် (KA)၊ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုခဲ့ပြီး စစ်ကောင်စီ၏ လေတပ်သတင်းရင်းမြစ်ကမူ သယ်ယူပို့ဆောင်ရေး စစ်ရဟတ်ယာဉ်သည် ကရင်နီလက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် ဆင်းသက်ရန် ကြိုးပမ်းရင်း ပျက်ကျခဲ့သည်ဟု ပြောဆိုသည်။

“ပစ်ချခံရတာက သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်ဖြစ်တယ်။ ရဟတ်ယာဉ်ပေါ်မှာ ပါတဲ့ သူ ၁၁ ဦးသေဆုံးပါတယ်။ ဒဏ်ရာရသူလည်းရှိတယ်။ ရဟတ်ယာဉ်က တစ်ခါတည်းပျက်ကျသွားတာမျိုးမဟုတ်ဘဲနဲ့ ပစ်ခံရပြီး ဆင်းသက်ဖို့ ကြိုးစားရင်း ပျက်ကျတယ်လို့ သိရတယ်။ အပစ်ခံရတဲ့အချိန် ရဟတ်ယာဉ်ထဲမှာ စုစုပေါင်း ၁၈ ဦးရှိနေတယ်။ ကျနော်တို့ သိထားတာကတော့ အပစ်ခံရတာက Mi 17 ရဟတ်ယာဉ်အမျိုးအစားပါ” ဟု လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ စစ်ကောင်စီ၏ ရိက္ခာသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်၊ တိုက်လေယာဉ်များ အပါအဝင် စုစုပေါင်း ၇ စီးကို တိုင်းရင်းသား တော်လှန်ရေးတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များက ပစ်ချခဲ့ပြီးဖြစ်ရာ ယမန်နေ့ ပစ်ချခံရသည့် ရဟတ်ယာဉ်ပါဆိုလျှင် စုစုပေါင်း ပစ်ချနိုင်ခဲ့သော တိုက်လေယာဉ်နှင့် ရဟတ်ယာဉ် ၈ စီးရှိလာပြီဖြစ်သည်။

ဓာတ်ပုံ – ယမန်နေ့ ကရင်နီတပ်များက စစ်ရဟတ်ယာဉ်ကို ပစ်ခတ်နေသည့် မြင်ကွင်းနှင့် ပျက်ကျသွားသည့် စစ်ကောင်စီ၏ Mi17 အမျိုးအစား ရဟတ်ယာဉ် တစ်စီး။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article