30 C
Yangon

ပေါင်းတည်တွင် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး၊ မုံရွာမြို့ သာစည်ရဲစခန်းကိုလည်း တော်လှန်ရေး တပ်များ စုပေါင်းတိုက်ခိုက်

Must read

ပေါင်းတည်တွင် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး၊ မုံရွာမြို့ သာစည်ရဲစခန်းကိုလည်း တော်လှန်ရေး တပ်များ စုပေါင်းတိုက်ခိုက်

ရန်ကုန်၊ မေ ၉

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးကြောင်း ၃၆၀၁ PPDF တပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၈ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်အချိန် ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ရွာတာဝါတိုင်အထိုင်စခန်းမှအင်အား ၂၂ ဦးဖြင့် ပြန်ချီတက်ကျေးရွာသို့ ထွက်ခွာလာသော စစ်တပ်စစ်ကြောင်းကို သစ်ပုတ်ကျေးရွာနှင့် ပြန်ချီတက်ကျေးရွာအကြား ကျောက်တောင်အနီးတွင် ပဒေသာမိုင်း ၄ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲမှုကြောင့် စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံးပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်က မိုင်းဆွဲခံရပြီးနောက် လက်နက်ငယ်များဖြင့် ပြန်လည် တိုက်ခိုက်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မေလ ၈ ရက်နေ့ ညနေ ၆ နာရီအချိန် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်သားနှင့် ရဲများ အထိုင်ချရာ သာစည်ရဲစခန်းကို လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခိုက်ခဲ့ကြောင်း Snipe Rangers Forceမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

သာစည်ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ရာတွင် ၆၀ မမ ၊ ၈၀ မမ ၊ ၁၂၀ မမ အပါအဝင် လက်နက်ကြီး အလုံးရေ ၃၀ အသုံးပြုပြီး စတင် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်ဘက်ကလည်း ၆၀ မမ ၃ လုံး ၊၄၀ မမ ၁ လုံး ပြန်လည်ပစ်ခတ်ပြီး လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်သားနှင့်ရဲများ ထိခိုက်သေဆုံးမှု ရှိနိုင်သော်လည်း နယ်မြေ အခြေအနေ တင်းမာနေမှုကြောင့် သေဆုံး ဒဏ်ရာရ စာရင်းကို အတိအကျ စုံစမ်း၍မရသေးကြောင်း သိရှိရသည်။

“စစ်ခွေးနဲ့ ရဲခွေး သေဆုံးမူကတော့ မသိရသေးပါဘူး။ ဒဏ်ရာ ရတာကတော့ အပြင်ထွက်နေတဲ့ ရဲခွေး တွေထဲက ၆ ဦးလောက် ဒဏ်ရာ ရပါတယ်။ သေဆုံးမူကို တော့ အတည်မပြုနိင်သေးပါဘူး ။ စစ်ကြောင်းရှုပ်နေတာရယ် အပြင်လူစိမ်းတွေ ဝင်ခွင့်မရတာရယ်ကြောင့် စုံစမ်းနေဆဲပါ” ဟု Snipe Rangers Forceမှ တာဝန်ရှိသူက ရှင်းပြသည်။

မုံရွာမြို့၊ သာစည်ရဲစခန်းကို တိုက်ခိုက်သည့် For July 16 စစ်ဆင်ရေးကို Snipe Rangers Force ၊ ဒေါင်းပျောက်ကျားတပ် ၊ တွေ့မရှောင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၊ GOD OF SNAKE – တပ်ဖွဲ့ ၊ ယင်းမာပင် ခရိုင် တပ်ရင်း ၉ တို့နှင့် မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- မုံရွာသာစည်ရဲစခန်းကို တိုက်ခိုက်သည့် တော်လှန်ရေး မဟာမိတ်တပ်တချို့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article