26 C
Yangon

မကွေးမြို့နယ်တွင် Mask တပ်ခြင်း၊ လွယ်အိတ်လွယ်ခြင်းများ ပြုလုပ်ပါက PDF အဖြစ် သတ်မှတ်အရေးယူမည်ဟု လော်စပီကာဖြင့် အရေးပေါ် အမိန့် ထုတ်ပြန် ကြေညာ

Must read

ဒေသန္တရ အရေးပေါ် အမိန့်ကို မကွေးမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ သန်းထွန်းက လက်မှတ်ရေးထိုး၍ ထုတ်ပြန်

ရန်ကုန်၊ မေ ၁၁

မကွေးတိုင်း၊ မကွေးမြို့နယ်အတွင်းတွင် ပြည်သူများအနေဖြင့် Mask တပ်ခြင်း၊ လွယ်အိတ်လွယ်ခြင်းများ ပြုလုပ်ပါက PDF အဖြစ် သတ်မှတ်အရေးယူမည်ဟု မကွေးမြို့ပေါ်တွင် ယမန်နေ့ ညပိုင်း စစ်တပ်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လော်စပီကာများဖြင့် လှည့်လည်ကြေညာကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

မေလ ၁၀ ရက်နေ့ ည ၇ နာရီအချိန် မကွေးမြို့ပေါ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် စစ်တပ်က အချက် ၅ ချက်ပါသော အထူးကြေညာချက် ကို အသံချဲ့စက် လော်စပီကာများဖြင့် လိုက်လံကြေညာကြောင်း၊ ယင်းကြေ ညာချက်မှာ နိုင်ငံ‌ တော်ကို အကျိုးပြုနေသော ပုဂ္ဂိုလ်များ၊ သံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းများကို အကြမ်းဖက်သမားများက Mask တပ်ပြီးသော်လည်း ကောင်း၊ စလွယ်အိတ်ဖြင့်သော်လည်းကောင်း လက်နက်ခဲယမ်းများသယ် ဆောင်လာကာ အကြမ်းဖက်မှုများပြုလုပ်ခြင်း ရပ် ရွာအေးသာယာရေးတို့ကိုပျက်ပြားစေခြင်းများကို လုပ်ဆောင်နေကြောင်း၊ ထို့ကြောင့် Mask တပ်၍ သွားလာခြင်းမပြုလုပ်ရန် ၊ စလွယ်အိတ်လွယ်ခြင်းမပြုလုပ်ရန် အမိန့်ထုတ်ပြန်ကြောင်း၊ လိုက်နာခြင်းမရှိပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများဖြင့်အရေးယူမည်ဖြစ်ကြောင်း၊ အမိန့်ထုတ်ပြန်ကြေညာသည့်နေ့ရက်မှစတင်၍ ရက်ပေါင်း ၆၀ အတွင်း အကျုံးဝင်ကြောင်း ထုတ်ပြန်ကြေညာသည်ဟု သိရှိရသည်။

“မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးနှင့် မြို့နယ်စီမံကောင်စီကနေ ထုတ်တဲ့ အမိန့်ဆိုပြီး မနေ့ညက ကြေညာတာပါ။ ကားနဲ့ လှည့်လည်ပြီး အသံချဲ့စက်လော်ပီကာနဲ့ကြေညာတယ်။ Mask မတပ်ရဘူး။ လွယ်အိတ် မလွယ်ရဘူးဆိုပြီး ကြေညာတယ်။ Mask တပ်ရင်၊ လွယ်အိတ်လွယ်ရင် PDF ဆိုပြီး အရေးယူမယ်ဆိုပြီး ကြေညာတယ်” ဟု မကွေးမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် မကွေးမြို့ ၊ အောင်မေတ္တာ B ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကလည်း ယမန်နေ့ညပိုင်း လော်စပီကာဖြင့် မေလ ၁၀ ရက်နေ့မှစတင်၍ မြို့တွင်း သွားလာရာတွင် Mask တပ်ခြင်း၊ လွယ်အိတ်လွယ်ခြင်းများ လုံး၀ မပြုလုပ်ရန်၊ ပြုလုပ်ပါက ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ကြေညာကြောင်း သိရှိရသည်။

“လော်စပီကာ နဲ့အော်ပါတယ်။ PDF တွေက Mask တွေတပ်၊ လွယ်အိတ်တွေ လွယ်ပြီး အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတယ်။ အဲဒါကြောင့် ရပ်ကွက်နေပြည်သူတွေအနေနဲ့ Mask မတပ်ရ၊ လွယ်အိတ် မလွယ်ရဘူး။ လွယ်အိတ်လွယ်ရင်၊ Mask တပ်ရင်တော့ ပြင်းပြင်းထန်ထန် အရေး ယူမယ်လို့ ကြေညာပါတယ်။ အမိန့်စာကို မကွေးမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းက လက်မှတ်ရေးထိုး ထုတ်ပြန်တယ်ဆိုတာလည်း အသံချဲ့စက်နဲ့ ကြေညာသွားတယ်။ ကိုဗစ်တွေ ပြန်ဖြစ်နေတာ Mask မတပ်ခိုင်းတော့ အကုန်ကူးကုန်မှာပေါ့” ဟု အောင်မေတ္တာ B ရပ်ကွက်၏ ဆွမ်းလောင်းအသင်းအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – မကွေးမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ သန်းထွန်းကို ပြည်သူ့ စစ်မှုထမ်းဥပဒေ အကြောင်း ရှင်းလင်းပွဲတွင် တွေ့ရစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မကွေးမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ သန်းထွန်းကို ပြည်သူ့ စစ်မှုထမ်းဥပဒေ အကြောင်း ရှင်းလင်းပွဲတွင် တွေ့ရစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article