25 C
Yangon

တနင်္သာရီနှင့် ဘုတ်ပြင်း မြို့နယ်အစပ်ရှိ စစ်တပ်၏ ၁ဝ၂ဝ တောင်ကုန်း စခန်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်

Must read

တနင်္သာရီနှင့် ဘုတ်ပြင်း မြို့နယ်အစပ်ရှိ စစ်တပ်၏ ၁ဝ၂ဝ တောင်ကုန်း စခန်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်

ရန်ကုန်၊ မေ ၁၂

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ် အစပ်ရှိ အကြမ်းဖက် စစ်တပ်၏ ၁ဝ၂ဝ တောင်ကုန်း စခန်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း Black Cobra ပူးပေါင်း စစ်ကြောင်းက ထုတ်ပြန်ထားသည်။

ဧပြီလ ၃၀ ရက်နေ့မှ စ၍ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ပွိုင့် ၁ဝ၂ဝ ခြေကုပ်စခန်းကို Black Cobra ပူးပေါင်းစစ်ကြောင်းက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မေလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း စခန်းကုန်းတွင် ဘုတ်ပြင်းမြို့ အခြေစိုက် စကခ ၁၃ လက်အောက်ခံ ခမရ ၅၅၅ ၊ ခမရ ၅၅၉ နှင့် ခမရ ၄၃၂ မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားပြီး စခန်းကုန်းမကျရေး အကြမ်းဖက် စစ်တပ်က လေကြောင်းပစ်ကူဖြင့် အပြင်းအထန် ခုခံခဲ့သော်လည်း ၁၂ ရက်အကြာတွင် စခန်းကုန်းရှိ စစ်ကောင်စီတပ်သားများ အထိနာပြီး စွန့်ခွာ ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စခန်းကုန်းကို နယ်မြေရှင်းလင်းချိန်တွင် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး စခန်းအတွင်း စစ်ကောင်စီ ရုပ်အလောင်းများမြှုပ်နှံထားသော မြေကျင်းများကိုလည်း တွေ့ရှိခဲ့ရကြောင်း၊ စခန်းကုန်းကို စွန့်ခွာထွက်ပြေးသွားသော အကြမ်းဖက် စစ်ကောင်စီ အဖွဲ့ဝင်များကို Black Cobra ပူးပေါင်းစစ်ကြောင်းက လိုက်လံ ရှင်းလင်းလျက်ရှိပြီး စစ်ကူလာသော စစ်ကြောင်းများကိုလည်း ဖြတ်တောက် တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် KNLA -PDF ပူးပေါင်းထားသော Black Cobra Column နှင့်အတူ Beik Province People Defense Force 1 နှင့် Black Cobra Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး ပူးပေါင်း စစ်ကြောင်းဘက်မှ တော်လှန်ရေး ရဲဘော် ၁ ဦး ခြေထောက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ ပွိုင့် ၁၀၂၀ တောင်ကုန်းစခန်းကို စစ်ကူ လာသော စစ်သား နှင့်ပျူစောထီး စစ်ကြောင်းများကို တော်လှန်ရေး ပူးပေါင်း စစ်ကြောင်းက လိုက်လံ ရှင်းလင်းနေဆဲ ဖြစ်သောကြောင့် မြိတ်-ဘုတ်ပြင်း လမ်းပိုင်းကို အသုံးပြု ခရီးသွားလာကြသော ပြည်သူများအနေဖြင့် အထူးသတိပြု၍ သွားလာကြပါရန် မေတ္တာရပ်ခံကြောင်း Black Cobra ပူးပေါင်း စစ်ကြောင်းက ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article