25 C
Yangon

စင်ကာပူရှိ မြန်မာစစ်ကောင်စီသံရုံးတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရေး ရက်ချိန်းရရန်ပင် ပွဲစားနှင့် ငွေကြေးပေးနေရ

Must read

စင်ကာပူတွင် သူနာပြု အလုပ် လုပ်ကိုင်သူမှန်သမျှ စစ်ကောင်စီသံရုံးက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမပေးဘဲ မြန်မာနိုင်ငံ ပြန်ခိုင်း

ရန်ကုန်၊ မေ ၁၃

စင်ကာပူရှိ မြန်မာစစ်ကောင်စီသံရုံးတွင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရေး ရက်ချိန်းရရန်ပင် ပွဲစားနှင့် ငွေကြေးပေးနေရကြောင်း စင်ကာပူရောက် မြန်မာများထံမှ သိရှိရသည်။

စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးတွင် သက်တမ်းတိုးရန် အွန်လိုင်းမှပင် ရက်ချိန်းဒိတ် Appointment ရယူနိုင်သည်ဟု ကြေညာထားသော်လည်း အွန်လိုင်းမှ ရက်ချိန်းရယူရန် ကြိုးစားသည့်ခါတိုင်း ဝင်မရဖြစ်နေကြောင်း၊ ထို့ကြောင့် ပွဲ စားများမှတစ်ဆင့်စင်ကာပူဒေါ်လာ ၈၀ ပေး၍ ဆက်သွယ်သောအခါမှပင် အွန်လိုင်းရက်ချိန်း Appointment ရရှိလာကြောင်း သိရှိရသည်။

“စင်ကာပူ မြန်မာသံရုံးကလူတွေ လုပ်စားနေကြတာ ကြာပါပြီ။ အွန်လိုင်းကနေ Appointment ရက်ချိန်းဒိတ်ကို လုံးဝယူမရအောင် Website ကို ထိန်းချုပ်ပြီး ပိတ်ထားပါတယ်။ ကျနော်တို့ နေ့ရော ညသန်းခေါင်ရော မအိပ်ဘဲ ကြိုးစားကြတယ် လုံးဝမရဘူး။ အဲဒါပွဲစားကနေတစ်ဆင့် စင်ကာပူဒေါ်လာ ၈၀ ပေး လိုက်တော့မှပဲ ရက်ချိန်းရတယ်။ အဒါသံရုံးကလူတွေ လုပ်စားနေကြတာ။စင်ကာပူရောက် မြန်မာတိုင်း အဲဒီဒုက္ခခံနေရတယ်။သူတို့ဆီမှာ အခွန်လည်း ဆောင် ရ။ သူတို့ကြားပေါက်အတွက်လည်း ကျနော်တို့မှာ ပေးရနဲ့။ အတော်ကို အဆင်ပြေလှဘူး” ဟု စင်ကာပူရောက် မြန်မာတစ်ဦးက ပြောဆိုသည်။

ထို့ပြင် စင်ကာပူနိုင်ငံတွင် သူနာပြုအဖြစ် သွားရောက်အလုပ်လုပ်ကိုင်သူများကိုလည်း စင်ကာပူရှိ မြန်မာသံရုံးက လုံး၀ သက်တမ်းတိုးမပေးတော့ဟု ပြော ဆိုလာကြောင်း စင်ကာပူရောက် မြန်မာသူနာပြုများက ပြောဆိုကြသည်။

“သူနာပြုနဲ့ ထွက်လာသူတွေမှန်သမျှ ကို သက်တမ်း တိုးမပေးတော့ဘူး။ မြန်မာပြည်မှာ ပြန်ပြီး ကိုယ့်ဟာကိုယ် သက်တမ်းတိုးလို့ပြောတယ်။ စင်ကာပူသံရုံးဘက်ကတော့ လုပ်ပေးလို့မရတော့ဘူးလို့ ပြောတယ်။ CDM မဟုတ်လည်း မရဘူး။ သူနာပြု လက်မှတ်ရပြီး စင်ကာပူမှာ သူနာပြုလုပ်တဲ့သူမှန်သမျှကို နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခွင့် ပိတ်တာလို့ သံရုံးဘက်က ” ဟု စင်ကာပူရောက် မြန်မာတစ်ဦးက ပြောဆိုသည်။

စင်ကာပူရှိ စစ်ကောင်စီသံရုံးက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမပေး၍ မြန်မာနိုင်ငံသို့ ပြန်သွားခဲ့ရသည့် သူနာပြုတစ်ဦးမှာလည်း လေဆိပ်တွင်ပင် နိုင်ငံကူးလက်မှတ် အသိမ်းခံရကြောင်း၊ နိုင်ငံကူးလက်မှတ် ပြန်လည် ရရှိရေး လုပ်ဆောင်သောအခါ သူနာပြုလက်မှတ်ရဖြစ်၍ အထောက်အထားအပြည့် အစုံဖြင့် ဝန်ကြီးဌာနအဆင့်ဆင့်ထံ တင်ပြမှသာ နိုင်ငံကူးလက်မှတ် ပြန်လည် လျှောက်ထားရယူနိုင်မည်ဟု ပြောဆိုလာကြောင်း ပြောဆိုသည်။

“ကျမက CDM လည်းမဟုတ်ဘူး။ သူနာပြုလက်မှတ်တော့ ရထားတယ်။ အာဏာမသိမ်းခင်ကလည်းက စင်ကာပူထွက်ပြီး အလုပ်လုပ်နေတာ။ အဲဒါ သံရုံးက ပတ်စ်ပို့သက်တမ်းတိုးမပေးလို့ပြန်လာတာ။ လေဆိပ်မှာတင် ပတ်စ်ပို့အသိမ်းခံရတယ်။ အဲဒါ ပြန်လျှောက်တော့လည်း ထောက်ခံစာ အစုံ တင်ပြတယ်။ ဒါပေမယ့်လည်း နိုင်ငံကူးလက်မှတ် မရလာဘူး။ ဘလိုင်းကြီး နိုင်ငံကူးလက်မှတ်အသိမ်းခံထားရသလိုဖြစ်နေတယ်” ဟု နိုင်ငံကူးလက်မှတ် အသိမ်းခံထားရသူ သူနာပြုတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ – စင်ကာပူရှိ မြန်မာသံရုံးတွင် တန်းစီနေကြသည့်မြန်မာနိုင်ငံသားများ။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- AP

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စင်ကာပူရှိ မြန်မာသံရုံးတွင် တန်းစီနေကြသည့်မြန်မာနိုင်ငံသားများ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article