25 C
Yangon

ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်မှု ပြည်သူ ၁၀ ဦးခန့် ဒဏ်ရာအပြင်းအထန်ရ

Must read

ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်မှု ပြည်သူ ၁၀ ဦးခန့် ဒဏ်ရာအပြင်းအထန်ရ

ရန်ကုန်| မေ ၁၅

ရခိုင်ပြည် ကျောက်တော်မြို့နယ် ဝဲကြီးထောင့်ကျေးရွာကို ယနေ့ မေလ ၁၅ ရက် နံနက် ၁ နာရီခန့်က စစ်ကောင်စီမှ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကျဲခဲ့၍ အပြစ်မဲ့အရပ်သားပြည်သူ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဝဲကြီးထောင့်ကျေးရွာကို ဗုံး ၃ လုံးထက်မနည်း ကြဲချခဲ့ပြီး ဝဲကြီးထောင့်ဆေးရုံနှင့် စာသင်ကျောင်း လုံးဝပျက်စီးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” ည ၁၂ နာရီကျော်လောက်မှာ ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံး ၃ လုံးကြဲချခဲ့တယ်။ တိုက်ပွဲရှိတာလည်း မဟုတ်ဘူး။ ပြည်သူတွေသေအောင် တမင် လာကြဲတာ။ ကြဲတာကလည်း ဆေးရုံနဲ့ စာသင်ကျောင်းကို။ အမျိုးသမီးတွေ အပါအဝင် ၁၀ ယောက်လောက် ပြင်းထန်ဒဏ်ရာရသွားတယ်။ ” ဟု ပြောသည်။

ယမန်နေ့ မေလ ၁၄ ရက် ည ၉ နာရီခန့်တွင် သံတွဲမြို့နယ် လင်းသီကျေးရွာကို မြို့အဝင်ရှိ ဘားဒါန်းတောင်တပ်ရင်းက လက်နက်ကြီးပစ်ခတ်မှုကြောင့် ကမန်လူမျိုး ၁၀ ဦးထက်မနည်း သေဆုံးပြီး ၃ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။

ဆက်လက်ပြီး ယမန်နေ့ မေလ ၁၄ ရက် နံနက် ၁၁ နာရီခန့်တွင် မောင်တောမြို့နယ် ကင်းချောင်းကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အမျိုးသမီး ၃ ဦးအပါအဝင် ၄ ဦး ပွဲချင်းပြီး သေဆုံးပြီး ၇ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိသွားသည်။

ကင်းချောင်းကျေးရွာအနီး တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ လူစုလူဝေးရှိသည်ကို စစ်ကောင်စီ သတင်းရသွား၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကင်းချောင်းရွာသားတစ်ဦးက ပြောသည်။

” စစ်ကောင်စီက ကျနော်တို့ရွာကို လေယာဉ်နဲ့ ဗုံးနှစ်လုံးနဲ့ လာကြဲတယ်။ ဒီနားမှာ တိုက်ပွဲရှိတာလဲမဟုတ်ဘူး။ ရွာထဲမှာ လူစုလူဝေးရှိနေတယ်။ သတင်းရသွားလို့ ထင်တယ်။ ကျနော်တို့ရွာက နှစ်ယောက်သေတယ်။ ကျနော်တို့ရွာကို တခြားရွာက ဈေးလာရောင်းတဲ့ နှစ်ယောက် သေသွားတယ်။ ၇ ဦးထက်မနည်းက ထိခိုက်ဒဏ်ရာ ရတယ်။ သေတဲ့သူရော၊ ထိခိုက်တဲ့သူရော အရမ်းကို ရုပ် ပျက်ဆင်းပျက် ဖြစ်သွားတာ။ နှလုံးရောဂါရှိတဲ့သူဆို ကြည့်ရဲမှာမဟုတ်ဘူး။ တော်တော်လေးကို စိတ်မကောင်းဖြစ်စရာ ကောင်းပါတယ်။ ” ဟု ပြောသည်။

သံတွဲ၊ မောင်တော၊ ဘူးသီးတောင်ဒေသတွင် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်လျှက်ရှိနေသော်လည်း စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော လူနေကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်နေကြောင်း သိရသည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ယမန်နှစ် ပုဏ္ဏားကျွန်းမြို့နယ်၊ မြို့မစျေး မီးလောင်ကျွမ်းခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article