26 C
Yangon

AA ထိုးစစ်ကြောင့် သံတွဲမြို့နယ်မှ စစ်ကောင်စီ ဌာနဆိုင်ရာဝန်ထမ်းအများစု ရန်ကုန်နှင့် မန္တလေးသို့ ရွှေ့ပြောင်း ထွက်ပြေး

Must read

AA ထိုးစစ်ကြောင့် သံတွဲမြို့နယ်မှ စစ်ကောင်စီ ဌာနဆိုင်ရာဝန်ထမ်းအများစု ရန်ကုန်နှင့် မန္တလေးသို့ ရွှေ့ပြောင်း ထွက်ပြေး

ရန်ကုန်| မေ ၁၆

ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် AA ၏ ထိုးစစ်ဆင်များက ရှေ့တိုးလာကာ တိုက်ပွဲပြင်းထန်နေသည့်အပြင် စစ်ပွဲများက သံတွဲမြို့နားသို့ကပ်လာနေ၍ ဌာနဆိုင်ရာဝန်ထမ်းအများစု ရန်ကုန်နှင့် မန္တလေးဘက်သို့ ရွှေ့ပြောင်းနေကြကြောင်း စုံစမ်းသိရသည်။

သံတွဲမြို့နှင့် ၁၂ မိုင်ကျော်ဝေးသော လင်းသီ၊ ရွှေလှေတိုက်နယ်အနီးတွင် တိုက်ပွဲပြင်းနေပြီး သံတွဲမြို့အနီးသို့ တိုက်ပွဲက ကပ်လာနေ၍ မြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများမှာ ပြည်မဘက်သို့ ရွှေ့ပြောင်းနေကြကြောင်း ဝန်ထမ်းအခြေအနေသိသည့် ဒေသခံတစ်ဦးက ပြောသည်။

” တိုက်ပွဲက မြို့နားသို့ ကပ်လာနေတယ်။ ဒေါ်မြဘက်ကနေ လင်းသီ၊ လင်းသီကနေ ကွေ့ချောင်း ပေါ့နော်။ အဲဒီတော့ မြို့ထဲက ဝန်ထမ်းအများစုဟာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့ ပြည်မဘက်သို့ နေရာပြောင်း ရွှေ့ပြောင်းနေကြတယ်။ ပြည်မဘက်မှာ CDM လုပ်ထားကြလို့ ဝန်ထမ်းတွေ နေရာအများကြီး လွတ်လပ်နေတယ်လေ။ အဲဒီနေရာတွေမှာ ဝင်ယူဖို့ ရွှေ့ပြောင်းနေကြတာ။ စစ်ဘေးရှောင်အနေနဲ့ တိမ်းရှောင်တာမျိုးမဟုတ်ဘဲ ထိုဘက်မှာ ဝန်ထမ်း ပြန်လုပ်ဖို့ ရွှေ့ပြောင်းနေကြတာပါ။ ” ဟု ပြောသည်။

ရွှေ့ပြောင်းနေသော ဌာနဆိုင်ရာများမှာ ထွေ/အုပ်၊ စည်ပင်၊ မီးသတ်၊ လယ်ယာစိုက်ပျိုးရေး၊ ကျေးလက်ဖွံ့ဖြိုးရေး၊ အကောက်အခွန်နှင့် လျှပ်စစ်ဖြန့်ဖြူးရေး စသည့် ဌာနများက ဝန်ထမ်းများမှာ ရွှေ့ပြောင်းနေကြခြင်းဖြစ်သည်။

ယနေ့ မေလ ၁၆ ရက်နေ့တွင်လည်း AA နှင့် စစ်ကောင်စီတပ်တို့ ရွှေလှေတိုက်နယ်ကျေးရွာအနီးတစ်ဝိုက်တွင် တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေပြီး သံတွဲမြို့အဝင်ရှိ ဘားဒါန်းတောင် စစ်ကောင်စီတပ်နှင့် နေဗီတို့က လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်နေကြောင်း သိရသည်။

စစ်ရေးအခြေအနေ သိသူတစ်ဦးက ” တိုက်ပွဲ မနေ့ကလိုပဲ ဒီနေ့လည်း နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ခတ်နေတာ။ ရွှေလှေတိုက်နယ်တစ်ဝိုက်က ဒေသခံတွေက အကုန်လုံးနီးပါး ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်။ ” ဟု ပြောသည်။

လက်ရှိအချိန်အထိ ကွေ့ချောင်းကျေးရွာအနီး တိုက်ပွဲပြင်းထန်နေပြီး လေယာဉ်ဖြင့်လည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေကြောင်း သတင်းရင်းမြစ်များက ပြောဆိုကြသည်။

မေလ ၁၄ ရက်နေ့ ည ၉ နာရီကလည်း တိုက်ပွဲမရှိဘဲ လင်းသီကျေးရွာကို သံတွဲမြို့အဝင် ဘားဒါန်းတောင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့၍ လင်းသီရွာသား ကမန်လူမျိုး ၁၀ ဦးထက်မနည်း သေဆုံးပြီး ၃ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိသွားသည်။

ဓာတ်ပုံ- ရခိုင်ပြည်တွင် လုံခြုံရေးချထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article