26 C
Yangon

မြန်မာစစ်အာဏာရှင် တိုက်ထုတ်ရေး စစ်ပွဲများတွင် တော်လှန်ရေးတပ်များဘက်မှ စေတနာ့ ဝန် ထမ်း နိုင်ငံခြား သားစစ်သည်တချို့ ပါဝင် တိုက်ခိုက်

Must read

ယခုနှစ်ကုန်ပိုင်း ဗြိတိန်၊ အမေရိကန်၊ ကနေဒါနှင့် သြစတြေးလျတို့မှ စစ်သည်ဟောင်း ၆ ဦးမှ ၁၀ ဦးပါ အဖွဲ့က မြန်မာတော်လှန်ရေးတပ်ဖွဲ့များကို လာရောက် ကူညီမည်

ရန်ကုန်၊ မေ ၁၈

မြန်မာစစ်အာဏာရှင် တိုက်ထုတ်ရေး စစ်ပွဲများတွင် တော်လှန်ရေးတပ်များဘက်မှ စေတနာ့ဝန် ထမ်း နိုင်ငံ ခြားသား စစ်သားဟောင်းတချို့ ပါဝင်တိုက်ခိုက်နေကြောင်း Aljazera သတင်းဌာနက ယမန်နေ့ သတင်းဖော်ပြသည်။

မြန်မာစစ်တပ်ကို ဆန့်ကျင်သည့်စစ်ပွဲများတွင် တော်လှန်ရေးတပ်များနှင့်အတူ လေ့ကျင့် တိုက်ပွဲဝင်နေသော နိုင်ငံခြား သား အရေအတွက် နည်းပါးသော်လည်း ဗြိတိန်စစ်သားဟောင်း ၁ ဦးနှင့် အမေရိကန် တိုက်ခိုက်ရေးသမား ၁ ဦးတို့ ပါဝင်နေကြောင်း သိရှိရသည်။

စစ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြ ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သော စစ်တပ်ကို ခုခံတော်လှန်နေသည့် တော်လှန်ရေးအင်အားစုများကို အားပေးထောက်ခဲ့သဖြင့် စစ်ပွဲတွင် ပါဝင်အကူအညီပေးခြင်းဖြစ်သည်ဟု စေတနာ့ဝန်ထမ်းတစ်ဦးက ဆိုသည်။ မြန်မာစစ်တပ်သည် အရှေ့တောင်အာရှတွင် အရက်စက်ဆုံးနှင့် လက်နက်စစ်ပစ္စည်းတပ်ဆင်မှုကောင်းသော စစ်တပ်တစ်ခုလည်းဖြစ်သည်ဟု စေတနာဝန်ထမ်းနိုင်ငံခြားသားက ဆိုသည်။

၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ဗြိတိသျှ စစ်တပ်တွင် ၄ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သော ခြေလျင်တပ်သား

Jason သည် မြန်မာနိုင်ငံ အရှေ့ဘက်အခြမ်း ရှေ့တန်းစစ်မြေပြင်တွင် ၈ ပတ် ကြာသွားရောက်ခဲ့ပြီး ဧပြီလကုန်တွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာခဲ့သည်။ ဗြိတိသျှစစ်သား Jason သည် အာဖဂန်နစ္စတန်တွင် စစ်ရေးတာဝန် ၇ လကြာတာဝန်ထမ်းခဲ့ဖူးသူလည်းဖြစ်သည်။

လုံခြုံရေးစိုးရိမ်မှုကြောင့် အမည်ပြောင်းလဲထားသော Jason က မြန်မာတော်လှန်ရေးသမားများက စစ်ကောင်စီကို ခုခံကာကွယ်တိုက်ခိုက်ရင်း အသက်စွန့်ရန် ဝန်မလေးကြဟု ပြောဆိုသည်။

“မြန်မာနိုင်ငံက အရင် ကျနော်တိုက်ခဲ့တဲ့ စစ်မြေပြင်တွေနဲ့ ခြားနားပါတယ်။ အရင်ကျနော်တိုက်တဲ့ စစ်မြေပြင်တွေမှာ ကြောက်စိတ်များနေတဲ့ မျက်လုံးတွေကို တွေ့ခဲ့တယ။ ဒါပေမယ့် ဒီမှာတော့ သူတို့က ရဲရင့်တဲ့ စစ်သည်တော်တွေပါ” ဟု Jason က ဆိုသည်။

အဓိကအားဖြင့် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက တစ်ခါတစ်ရံ နိုင်ငံခြားစေတနာ့ဝန်ထမ်းများ၏ အကူအညီဖြင့် မြန်မာစစ်တပ်ကို ဆယ်စုနှစ်များစွာ တိုက်ခိုက်နေခဲ့သည်။

သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများက တိုင်းရင်းသားဒေသ အစွန်အဖျားများမှ နိုင်ငံအလယ်ပိုင်းဒေသများသို့ ပျံ့နှံ့သွားခဲ့သည်။ ရုရှားလုပ် တိုက်လေယာဉ် အများအပြားဖြင့် အရပ်သားများအပေါ် ခွဲခြားဆက်ဆံမှုမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ၊ ကျေးရွာများကို မီးရှို့မှုများ စစ်တပ်က ပြုလုပ်ခဲ့ကြသည်။ ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များက ထိုတိုက်ခိုက်မှုများကို စစ်ရာဇ၀တ်မှုများ အဖြစ် ဖော်ပြခဲ့ကြသည်။

သို့ရာတွင် မြန်မာ စစ်ဗိုလ်ချုပ်များက ပြည်သူလူထု၏ အုံကြွမှုကို မချေမှုန်းနိုင်ခဲ့ဘဲ စစ်တပ်အတွက် ကြီးမားသော ဆုံးရှုံးမှုများနှင့် နယ်မြေဆုံးရှုံးမှုများ ကြုံတွေ့ရသည်။ ရုရှားနှင့် တရုတ်တို့က ပံ့ပိုးပေးသော ဒေါ်လာဘီလီယံတန် စစ်လက်နက်ပစ္စည်းများကို မြန်မာစစ်တပ်က အသုံးပြု တိုက်ခိုက်ခဲ့သော်လည်း တော်လှန် ရေးတပ်များက လောက်လေးခွများနှင့် လေသေနတ်များဖြင့်သာ တော်လှန်ရေးကို စတင်ခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ပြည်သူများ၏လှူဒါန်းငွေများဖြင့် အဓိက လက်နက်တပ်ဆင်ခဲ့ရသော်လည်း ယမန်နှစ် ၁၀၂၇ စစ်ဆင်ရေးကြောင့် ပြည်ပမှ စစ်ရေးအကူအညီမပါဘဲပင် စစ်တပ်၏ အာဏာ တည်မြဲရေးကို စိန်ခေါ်ခဲ့နိုင်ခဲ့သဖြင့် ပိုမိုကောင်းမွန်သော စစ်လက်နက်ပစ္စည်းများရရှိရေး လမ်းပွင့်သွားသည်။

မြန်မာနိုင်ငံသည် ယူကရိန်း သို့မဟုတ် ဆီးရီးယားကဲ့သို့ ပဋိပက္ခများတွင် မြင်တွေ့ရသည့် နိုင်ငံတကာ စေတနာ့ ဝန်ထမ်း စစ်သည်အများအပြားမရှိဘဲ ပြည်ပမှ လူသစ်စုဆောင်းရန် ညှိနှိုင်းဆောင်ရွက်မှုများလည်း မရှိပေ။ မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များ အများအပြားမှာလည်း ပြန့်ကျဲနေပါသည်။

သို့သော်လည်း လွတ်လပ်သော ဆန္ဒ၊ စွမ်းရည်တို့ဖြင့် ပါဝင်နေကြသော နိုင်ငံခြား တိုက်ခိုက်ရေးသမားများက ၎င်းတို့၏ မွေးရပ်နိုင်ငံများတွင် တရားစွဲခံရမည့် အန္တရာယ် ဖြစ်နိုင်သည့် လျှို့ဝှက် ကြိုးပမ်းမှုများဖြင့် မြန်မာနိုင်ငံ အရှေ့ဘက်နှင့် အနောက်ဘက်သို့ ခရီးသွားရောက်ရှိ အကူအညီပေးနေကြသည်။

Al Jazeera က မြန်မာနိုင်ငံ အရှေ့ပိုင်းရှိ တော်လှန်ရေးသမားများနှင့်အတူ ဂျေဆင်၏ တိုက်ပွဲဝင်နေသည့် ဗီဒီယိုဖိုင်နှင့် ဓာတ်ပုံများကို မြင်တွေ့ခဲ့ရသည်။ သတင်းရင်းမြစ် နှစ်ခုကလည်း သူ့ကို မြေပြင်မှာ တွေ့ခဲ့သည်ဟု အတည်ပြုသည်။

ရုရှားကျူးကျော်မှုစတင်ပြီး မကြာမီတွင် ဗြိတိန်စစ်ပြန် Jansonက ယူကရိန်းနိုင်ငံအတွက် တစ်နှစ်ခွဲခန့်ကြာအောင် တိုက်ပွဲဝင်ခဲ့ကြောင်း ပြောဆိုသည်။

“ကျနော်က ကြေးစားသမားမဟုတ်ပါဘူး။ အမှန်တရားဘက်မှာလို့ ကျနော်ထင်တဲ့အရာအတွက် ကျနော်လုပ်တာပါ” ဟု Jason က ဆိုသည်။

ယူကရိန်းမှာကဲ့သို့ပင် လေ့ကျင့်သင်ကြားမှုမရှိ၊ အတွေ့အကြုံမရှိသော နိုင်ငံခြားသားစေတနာ့ဝန်ထမ်းများ မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ကို သူက မလိုလားပေး။

“ယူကရိန်းမှာလိုမျိုး ဘာမှ မသိတဲ့ နိုင်ငံခြားသားစေတနာဝန်ထမ်း အရူးတွေ မြန်မာနိုင်ငံရောက်လာပြီး နောက်ထပ် ယူကရိန်းလိုဖြစ်မှာကိုက ကျနော် အမြဲစိုးရိမ်ပါတယ်” ဟု Jason က ဆိုသည်။

ယခုအခါ ၎င်းက ဗြိတိန်၊ အမေရိကန်၊ ကနေဒါနှင့် သြစတြေးလျတို့မှ စစ်မှုထမ်းဟောင်း ၆ ဦးမှ ၁၀ ဦးပါ အဖွဲ့တစ်ဖွဲ့ကို စုစည်းပြီး မြန်မာ့တော်လှန်ရေးတပ်များကို ကူညီရန် မြန်မာနိုင်ငံလာရောက်မည်ဟု သူက ဆိုသည်။

“ ကွဲပြားခြားနားတဲ့ နိုင်ငံ ၄ ခုရဲ့ တပ်မတော် ၄ ခုက စစ်အတွေ့အကြုံတွေ၊ စစ်အသိပညာတွေကို ကျနော်တို့ သူတို့ကို သင်ပေးနိုင်ပါတယ်။ ကျနော်တို့ရဲ့ အတွေ့အကြုံတွေက သူတို့ကို ကူညီဖို့ ကျနော်ရဲ့ ဆန္ဒလိုလားချက်တွေကို ပိုခိုင်မာစေတယ်။ သူတို့အနေနဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို လိုချင်ကြတာပဲ”ဟု Jason က ဆိုသည်။

၎င်း၏ ကူညီရေးတပ်ဖွဲ့သည် ယခုနှစ်နှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာရန် မျှော်လင့်ထားပြီး နာမည်ပေးလိုခြင်းမရှိဟုဆိုသည်။

“ကျနော်တို့အဖွဲ့က လူဖြူကယ်တင်ရှင်တွေ မဖြစ်ချင်ကြပါဘူး။ ကျနော်တို့က သူတို့ရဲ့ စနစ်ထဲမှာ ပါဝင်အလုပ်လုပ်တာကိုပဲ နှစ်သက်ပါတယ်။ ကျနော်တို့ လုပ်မှာတွေက အကုန်အခမဲ့ပါ” ဟု Jasonက ဆိုသည်။

မေလ ၁၁ ရက်နေ့ ချင်းပြည်နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Zoland (PDF Zoland)က နိုင်ငံခြားသားစေတနာဝန်ထမ်း ၂ ဦးဖြစ်သော အမေရိကန် တောင်ပိုင်းမှ Azad နှင့် ဗြိတိသျှ လူမျိုးစေတနာ့ဝန်ထမ်းတစ်ဦးတို့ စစ်ပညာသင်ကြားပေးနေသည့်ဓာတ်ပုံကို ဖော်ပြခဲ့သည်။

Azad က စနိုက်ပါနှင့် ခြေလျင်စစ်ပညာသင်တန်းများကို သင်ကြားပေးနေပြီး ကင်းထောက်ခြင်းနှင့် အခြားစစ်ရေးတာဝန်များကို ထမ်းဆောင်နေသည်။

“စစ်အစိုးရက မြို့တွေကို ပြန်ဆုတ်သွားပြီ။ ကျေးလက်ဒေသတစ်ခုလုံး လွတ်မြောက်သွားပြီ။ မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ ခုခံမှုတွေဟာ လူဦးရေထူထပ်တဲ့နေရာတွေကို မကြာခင် ရောက်ရှိလာပါလိမ့်မယ်” ဟု Azad က ဆိုသည်။

ဓာတ်ပုံ – ချင်းပြည်နယ် PDF Zoland တွင်ပါဝင်နေသော နိုင်ငံခြားသား စေတနာ့ဝန်ထမ်း စစ်သည်တော် ၂ ဦး။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article