25 C
Yangon

ဟိုပုံး၊ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ အရာရှိနှင့်စစ်သည်များ ရှေ့တန်းထွက်ခိုင်း၍ တပ်မှ စွန့်ခွာ ထွက်ပြေး၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်က တပ်ပြေး အလွန်များပြားမှု သတင်း ဖုံးဖိထား

Must read

ရန်ကုန်၊မေ ၁၈

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံကျောင်း(တကန)မှ အရာရှိနှင့် စစ်သည်များသည် ရှေ့ထွက်ခိုင်းနေ၍ တပ်မှ စွန့်ခွာ ထွက်ပြေးမှု များပြားနေကာ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်က တပ်ပြေး များပြားမှု သတင်းများကို စစ်ကောင်စီထံ မတင်ပြဘဲ ဖုံးဖိထားကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း မိုင်းပွန်၊ ဟိုပုံး၊ ဆီဆိုင်မြို့နယ်များတွင် တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီ တပ်များအကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ယင်းတိုက်ပွဲများတွင် ဟိုပုံးတပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ အရာရှိနှင့် စစ်သည်များကိုပါ ရှေ့တန်းသို့ ထွက်ခိုင်းခဲ့ကြောင်း၊ ထိုသို့ ရှေ့တန်းသို့ ထွက်ခိုင်းသည့်အတွက် အရာရှိနှင့် စစ်သည်များ အများအပြား ဟိုပုံး တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ ထွက်ပြေးကြကြောင်း သိရှိရသည်။

“ဒီနှစ်ဖေဖော်ဝါရီလမှာ မိုင်းပွန်၊ ဟိုပုံး၊ ဆီဆိုင်မြို့နယ်တွေမှာ ဖြစ်ပွားခဲ့သော တိုက်ပွဲတွေကြောင့် တပ်မတော်ကွန်ပျူတာ နဲ့ နည်းပညာသိပ္ပံမှာ စစ်ဆင်ရေးတာဝန်မထမ်းဆောင်လိုတာကြောင့် ဗိုလ်မှူး၊ ​ဗိုလ်ကြီးတွေနဲ့ စစ်သည်တွေများစွာ ထွက်ပြေးကြတယ်။ စစ်ဆင်ရေးကာလအတွင်း တပ်မှထွက်ပြေးမှုတွေကို အထက်ဌာနတွေကို အဆင့်ဆင့်တင်ပြမူမရှိဘဲ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်နဲ့ အရာရှိကြီးတွေက ဖုံးကွယ်ထားခဲ့ပါတယ်” ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။

တပ်မှ ထွက်မပြေးခဲ့ကြသော အရာရှိနှင့် စစ်သည်များမှာ မိုင်းပွန်၊ ဟိုပုံး၊ ဆီဆိုင်မြို့နယ်တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်ခဲ့ရပြီး သေဆုံးခဲ့မှု အများအပြားလည်း ရှိကြောင်း သိရှိရသည်။

“မပြေးတဲ့ စစ်သည်တွေကတော့ အထက်အမိန့်ကြောင့် ကျည်ဆန်ကြားမှာ ခက်ခဲပင်ပန်းစွာ တာဝန်ထမ်းဆောင်ရတယ်။ သေတဲ့သူတွေလည်း သေကြတယ်။ အဲဒီလို တပ်ပြေးတွေ အများကြီးဖြစ်ခဲ့တာကို အထက်အရာရှိကြီးတွေက အထက်ကိုလည်း မတင်ပြဘဲ အခုအချိန်အထိ မသိချင်ယောင်ဆောင်နေကြတယ်။ စစ်ဆင်ရေးတာဝန်ရှောင်လွှဲမှုကို အရေးယူတမျိုး တကန မှာ မလုပ်ဘူး” ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။

ယခုအခါ စစ်ဆင်ရေးကာလ လွန်မြောက်သောအခါ တပ်မှ ထွက်ပြေးသော အရာရှိနှင့် စစ်သည်တချို့ ဟိုပုံး တပ်မတော် ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းသို့ ပြန်လာကြကြောင်း၊ ထိုသို့ ပြန်လာသူများကိုလည်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်က တိုးတိုးတိတ်တိတ်ဖြင့် ပြန်လည် လက်ခံလျက်ရှိကြောင်း သိရှိရသည်။

“ဟိုပုံးက တပ်တွေကို ရှေ့တန်းမပို့တော့ဘူးဆိုမှ တပ်ပြေးတွေ ပြန်လာကြတာ။ တပ်ပြေးသွားတဲ့သူတွေကိုလည်း စစ်စည်းကမ်းဥပဒေနဲ့ အညီအရေးယူခြင်းမရှိဘူး။ ကျာင်းအုပ်ကြီးနှင့်အထက်အရာရှိကြီးတွေက သက်ဆိုင်ရာ staff အဆင့်ဆင့်အလိုက် ထိန်ချန် လက်ခံထားကြတယ်။ အခြားလူတွေကိုလည်း မသိချင်ယောင်ဆောင်ခိုင်းတယ်။ ပြန်လာတာကိုတောင် ကျေးဇူးတွေ တင်နေကြတာ။ စစ်တပ်က အဲဒီလို တပ်ပျက်နေတယ်” ဟု တပ်သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ – တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article